၂း၆း၅း၎။ အရက်သေစာ သောက်စားခြင်း၏အပြစ်များ
************************************
အရက်သေစာသောက်စားခြင်းကြောင့် မျက်မှောက်ဘ၀၌ပင် ဒုက္ခအဖုံဖုံကြုံရနိုင်၏။ အရက်သေ စာသောက်စားသူသည်-
၁။ စီးပွားဥစ္စာဆုံးရှုံးပျက်စီးခြင်း၊
၂။ သူတစ်ပါးတို့နှင့် ငြင်းခုံခိုက်ရန်မှုများဖြစ်ခြင်း၊
၃။ အနာရောဂါထူပြောခြင်း၊
၎။ မကောင်းသတင်းကျော်စောခြင်း၊
၅။ အရှက်အကြောက်ကင်းမဲ့စွာ လျို့ဝှက်အပ်သောအင်္ဂါတို့ကိုထုတ်ပြတတ်ခြင်း၊
၆။ ဉာဏ်ပညာ အားနည်းအောင်ပြုတတ်ခြင်း၎ဟူသည့် ဆိုးကျိုးတို့ကို မျက်မှောက်ဘ၀၌ပင် ကြုံတွေ့ရနိုင်၏။
ထို့အပြင် အရက်သေစာ သောက်စားမှုကိုပြုသောပုဂ္ဂိုလ်သည် တမလွန်ဘ၀၌ အပါယ်ဒုဂ္ဂတိသို့ လားရောက်ရ၏၊ လူဖြစ်ပြန်သောအခါ၌လည်း-
၁။ ကိစ္စခပ်သိမ်းတို့၌ အခွင့်အရေးသင့်မသင့်ကို မသိတတ်ခြင်း၊
၂။ ပျင်းရိတတ်ခြင်း၊
၃။ မေ့လျော့မူးရူးတတ်ခြင်း၊
၎။ သူတစ်ပါးကျေးဇူးကို မသိတတ်ခြင်း၊
၅။ အရှက်အကြောက်မရှိခြင်း၊
၆။ မကောင်းမှုမှန်သမျကို အလွယ်တကူပြုမိတတ်ခြင်း စသည့် ဆိုးကျိုးများကို တွေ့ကြုံရနိုင်၏။
၂း၆း၅း၅။ အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ရကျိုးများ
''လူကို ဖျက်အရက်''ဟူသကဲ့သို့ပင် အရက်သေစာသောက်စားမှုသည် လူ့ဘ၀တစ်ခုလုံးကို အညွန့်တုံးစေနိုင်သည်ဖြစ်၍ ရှောင်ကြဉ်သင့်လှသည်။ သို့မှသာ လူနေမှုဘ၀ သာယာမည်ဖြစ်၏၊ အရက်သေစာသောက်စားမှုမှ ရှောင်ကြဉ်သူတို့သည် အောက်ပါ အကျိုးများရရှိခံစား နိုင်ကြောင်း ခုဒ္ဒကပါဌအဋ္ဌကထာ၌ ဆိုထား၏။
ယင်းအကျိုးတို့မှာ-
၁။ အမှုကိစ္စအားလုံးတို့၌ လျင်မြန်စွာသိတတ်ခြင်း၊
၂။ အမြဲမပြတ်သတိရှိခြင်း၊
၃။ ရူးပေါမှုမရှိခြင်း၊
၎။ ဉာဏ်ပညာရှိခြင်း၊
၅။ မပျင်းမရိလုံ့လ၀ီရိယရှိခြင်း၊
၆။ မထိုင်မှိုင်းမတွေဝေခြင်း၊
၇။ မမေ့မလျော့ခြင်း၊
၈။ ၀စီကံလေးပါးလုံခြုံခြင်း၊
၉။ သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း၊
၁၀။ နှမြောတွန့်တိုမှုမရှိဘဲစွန့်ကြဲပေးကမ်းတတ်ခြင်း၊
၁၁။ သီလရှိခြင်း၊
၁၂။ စိတ်ထားဖြောင့်၍ ဒေါသနည်းခြင်း၊
၁၃။ အရှက်အကြောက်ရှိခြင်း၊
၁၄။ အယူမှန်ခြင်း၊
၁၅။ ပညာကြီး၍အကျိုးရှိမရှိ၌ လိမ်မာသိမြင်ခြင်းစသည်တို့ဖြစ်၏။
အထက်ပါအကျိုးတရားတို့ကိုပိုင်ဆိုင်လိုသူတို့အနေဖြင့် သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်သင့်၏။ ထိုသို့ရှောင်ကြဉ်က ဆိုင်ရာအကျိုးတရားများကို ခံစားရမည့်အပြင် မျက်မှောက် ဘ၀၌လည်းမိမိကိုအမှီပြုသောမိသားစု၊ ပတ်ဝန်းကျင်၏ ကောင်းကျိုးကို မပျက်မကွက်သယ်ပိုး ရွက်ဆောင်နိုင်၏။
ဤပြဆိုပြီးသမျတို့ကား ဂဟဋ္ဌသီလတွင်ပါဝင်သည့် ငါးပါးသီလနှင့်စပ်၍ မှတ်သားဖွယ်ရာ များဖြစ်ပါ၏။ ဤကဲ့သို့သောသီလမျိုးကို မြတ်စွာဘုရားက ပဌမမဟာနာမသုတ်တော်၌ ဘ၀အာမခံချက် ပေးနိုင်သော တရားတစ်ပါးအဖြစ် ဟောကြားတော်မူခဲ့၏။
Credit ... အနှိုင်းမဲ့အလင်း blog.
No comments:
Post a Comment