စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, June 9, 2016

အဒိန္နာဒါန အဓိပ္ပါယ်

၂း၆း၂။ အဒိန္နာဒါနအဓိပ္ပါယ်

    ငါးပါးသီလ၌ ဒုတိယမြောက်ဖြစ်သောသီလကို အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိ ယာမိ=ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ဟု ရွတ်ဆို၍ ဆောက်တည်ရ၏။ ထိုတွင် အဒိန္နာဒါနဟူသည် အဒိန္န နှင့် အာဒါန ဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်၏။

    ထိုအဒိန္နာဒါန ပုဒ်နှင့်စပ်၍ အဋ္ဌကထာများ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားကြ၏။
    ''အဒိန္နဟူသည် ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သောပစ္စည်း၊ သူတပါးတို့ သိမ်းဆည်း ထားသောပစ္စည်းဖြစ်၍ အာဒါနဟူသည် ယူခြင်းဖြစ်သည်။
''၁... ပိုင်ရှင်မပေးသောဥစ္စာကို ခိုးယူခြင်းသည် အဒိန္နာဒါနမည်၏။ အဒိန္နဟူသည် သူတပါး သိမ်းဆည်းအပ်သော ပစ္စည်းဖြစ်သည်။ ဥစ္စာရှင်သည် ထိုပစ္စည်းကို အလိုရှိတိုင်းသုံးစွဲနိုင်၏။ အပြစ်မရှိ။မကဲ့ရဲ့ထိုက်။ ထိုသူတပါးတို့ သိမ်းပိုက်အပ်သော ပစ္စည်း၌ သူတပါးပစ္စည်း မှန်းသိလျက် ယူသောသူ၏ လုံ့လကို ဖြစ်စေတတ်သော ခိုးသူ၏ဖြစ်ကြောင်းစေတနာသည် အဒိန္နာဒါနမည်၏။

၂....လူအများစုတို့သည် သူတပါးပစ္စည်းကို ပိုင်ရှင်မသိခိုက်ယူမှသာ အဒိန္နာဒါနကံမြောက်၏ဟု ထင်တတ်ကြ၏။ အမှန်စင်စစ် ပိုင်ရှင်သိသော်လည်း ဓားပြတိုက်ယူခြင်း၊ လုယက်ခြင်း၊ ရာထူး အာဏာဖြင့်ခြောက်လှန့်၍ယူခြင်း၊ တင်းတောင်းချိန်ခွင်တို့ဖြင့် အလေးခိုး၍ ရောင်းဝယ်ခြင်း ၊အကြပ် ကိုင်၍ ယူခြင်းစသည်တို့မှာလည်း အဒိန္နာဒါနကံမြောက်၏။
    ထို့ပြင် သူတပါးပစ္စည်းကို ခိုးယူခြင်းအားဖြင့် တူညီသော်လည်း သင့်ရောက်သောအပြစ်သည် ပစ္စည်းဝတ္ထု၊ ပိုင်ရှင်အပေါ်လိုက်၍ အပြစ်အကြီးအသေးကွဲပြား၏။ တန်ဖိုးနည်းယုတ်ညံ့သည့်ဥစ္စာကို ခိုးခြင်းထက် အဖိုးတန်သည့်ရွှေငွေစသည်ကိုခိုးယူခြင်းက ပို၍အပြစ်ကြီး၏။ ပစ္စည်းဝတ္ထုတူမျသော် လည်း သီလစသောဂုဏယုတ်နိမ့်သောသူ၏ ဥစ္စာကို ခိုးယူခြင်းထက် သီလစသောဂုဏကြီးမြတ်သူ၏ ဥစ္စာကို ခိုးယူခြင်းက ပို၍ အပြစ်ကြီးလေ၏။

၂း၆း၂း၁။ အဒိန္နာဒါနကံအင်္ဂါ(၅)ပါး
    သူတစ်ပါးပိုင်ဥစ္စာကိုခိုးယူရာ၌ အောက်ပါအင်္ဂါ(၅)ပါးနှင့်ပြည့်စုံရလျင် အဒိန္နာဒါနကံမြောက် ၏။
ယင်းတို့မှာ-
၁။ သူတစ်ပါးတို့၏ဥစ္စာဖြစ်ခြင်း၊
၂။ သူတစ်ပါးတို့၏ ဥစ္စာဟုသိရှိခြင်း၊
၃။ ခိုးယူလိုသောစိတ်ရှိခြင်း၊
၎။ ခိုးယူလိုသောစိတ်ဖြင့်လုံ့လပြုခြင်း၊
၅။ ခိုးယူခြင်း၃တို့ဖြစ်သည်။
    ဤအင်္ဂါ(၅)ပါးနှင့်ပြည့်စုံလျင် ကမ္မပထမြောက်၏။ အင်္ဂါတစ်ပါးပါးချွတ်ယွင်းပါက ကမ္မပထ မမြောက်ပေ။    

၂း၆း၂း၂း။ အဒိန္နာဒါနကံ၏ဆိုးကျိုးများ

    အဒိန္နာဒါနကံ ကျူးလွန်သူသည် အပါယ်ဒုဂ္ဂတိသို့ ကျရောက်ရပြီး သုဂတိဘ၀ကို ရသောအခါ၌ လည်း လူ့လောကအလယ် မတင့်မတယ်ဥစ္စာမွဲသူအဖြစ်သို့ ရောက်ရ၏။ အဒိန္နာဒါနကံကျူးလွန်သူတို့ ခံစားရမည့်ဆိုးကျိုးများမှာ--
၁။ ပစ္စည်းဥစ္စာနွမ်းပါး၍ ဆင်းရဲရခြင်း၊
၂။ ကိုယ်စိတ်နှစ်ပါးဆင်းရဲရခြင်း၊
၃။ အစာရေစာငတ်မွတ်ခြင်း၊
၎။ အလိုရှိသည့်အရာကို မရရှိနိုင်ခြင်း၊
၅။ ပစ္စည်းဥစ္စာရှိပြန်လျင်လည်း မတည်မမြဲခဏချင်းပျက်စီးတတ်ခြင်း၊
၆။ ရေမီးမင်းခိုးသူအမွေခံသားဆိုးသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့ဖျက်ဆီးမှုကြောင့် ပစ္စည်းဥစ္စာ ပျက်စီးရခြင်းစသည့် ဆိုးကျိုးတို့ကိုခံစားရ၏။
    ဤသို့သောဆိုးကျိုးတို့ကို မှတ်ရလွယ်စေရန် ရှေးဆရာတို့က-
'' အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား၊ရန်မျိုးငါးကြောင့်၊ မျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။ ''ဟု လင်္ကာစပ်ဆိုတော်မူခဲ့ကြ၏။၁
   
၂း၆း၂း၃။ အဒိန္နာဒါနကံမှ ရှောင်ကြဉ်ရကျိုးများ

    လူသားတိုင်းသည် မိမိတို့အသက်ရှင်နေထိုင်စဉ်အတွင်း ချမ်းချမ်းသာသာနေလိုကြ၏။ ပစ္စည်းဓန ချမ်းသာကြွယ်ဝရန် အမျိုးမျိုးအဖုံဖုံကြိုးစားကြ၏။ ထိုသို့ ကြိုးစားရာ၌ သူတပါး တို့၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်သင့်၏။ သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်သူတို့သည် ဖြစ်လေရာဘ၀တွင် ကြီးကျယ်သောဥစ္စာပစ္စည်းရှိခြင်း၊ ဆန်ရေစပါးပေါများခြင်း၊ အတိုင်းမသိသော စည်းစိမ်ဥစ္စာရရှိခြင်း၊မရရှိသေးသော စည်းစိမ်ဥစ္စာများရရှိခြင်း၊ ရပြီးသောစည်းစိမ်ဥစ္စာများ အမြဲတည် ခြင်း၊အလိုရှိသောစည်းစိမ်ဥစ္စာများကို လျင်မြန်စွာရရှိခြင်း၊ မိမိတို့၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါး တို့ မဖျက်ဆီးနိုင်ခြင်း၊သူတပါးမရရှိနိုင်သော ဥစ္စာရရှိခြင်း၊လောကတွင် အမြတ်ဆုံးဥစ္စာရှင်ဖြစ်ခြင်း၊ မရှိဟူသောစကားကို မကြားရခြင်း၊ ချမ်းချမ်းသာသာနေထိုင်ရခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိခံစားနိုင်၏။

======================

No comments:

Post a Comment