ငါးပါးသီလ
***********
မဟာဝဂ္ဂသံယုတ်၊ပုညာဘိသန္ဒ၀ဂ်၊မဟာနာမသုတ်၌ မဟာနာမ်သာကီဝင်မင်းအား ဥပါသကာ ဂုဏ်ရည်ငါးရပ်ကို ဟောကြားတော်မူခဲ့၏။
ထိုဂုဏ်ရည်ငါးရပ်တွင် ငါးပါးသီလစောင့်ထိန်းခြင်းကို သီလနှင့်ပြည့်စုံသော ဥပါသကာ၏ဂုဏ်ရည်တစ်ရပ်အဖြစ် ဟောကြားတော်မူခဲ့၏။
ထိုကြောင့် ဤသုတ် တော်ပါသီလကို ဂဟဋ္ဌသီလအဖြစ် မှတ်ယူသင့်၏။
ဂဟဋ္ဌသီလဟူသည်မှာ လူတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ အမြဲဆောက်တည်ထားသင့်သော ငါးပါး သီလ၊ စွမ်းနိုင်ပါက ဆယ်ပါးသီလနှင့် အင်္ဂါရှစ်ပါးရှိသောသီလတို့ကို ခေါ်ဆိုခြင်းဖြစ်၏။ ဤ၌ ငါးပါးသီလနှင့်စပ်၍ မကျဉ်းမကျယ်တင်ပြပါမည်။
၂း၆။ ငါးပါးသီလဟူသည်
ငါးပါးသီလကို အမည်အမျိုးမျိုးဖြင့် ပြဆိုကြ၏။ လူတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် 'နိစ္စသီလ'ဟူ၍လည်းကောင်း၊ အရိယာပုဂ္ဂိုလ်တို့ လိုက်နာ ကျင့်သုံးကြသောသီလဖြစ်သောကြောင့် 'အရိယဓမ္မသီလ'ဟူ၍လည်းကောင်း၊ မြောက်ကျွန်သူ မြောက်ကျွန်းသားတို့မှာ မိမိအလိုအလျောက် ဆောက်တည်ကြသောသီလ ဖြစ်သောကြောင့် 'ပဏီတသီလ'ဟူ၍လည်းကောင်း၊ နိဗ္ဗာန်ကိုတောင့်တပြီး ငါးပါးသီလဆောက်တည်က နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောကြောင့်'အဓိသီလ'ဟူ၍လည်ကောင်း၊ သူတော်ကောင်းတို့ အလေးအမြတ် ထား၍ ကျင့်သုံးအပ်သောသီလဖြစ်သောကြောင့် 'ဂရုဓမ္မ(ကုရုဓမ္မ)သီလဟူ၍လည်းကောင်း၊ အိမ်ရာ တည်ထောင်လူဝတ်ကြောင်ဟူသမျတို့စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် 'ဂဟဋ္ဌ သီလ' ဟူ၍လည်းကောင်း၊အရိယာပုဂ္ဂိုလ်တို့နှစ်သက်မြတ်နိုး အပ်သောကြောင့်'အရိယကန္တသီလ'ဟူ၍ လည်းကောင်း၊ သူတော်ကောင်းသူမြတ်လောင်းများဖြစ်အောင် ပြုပေးတတ်သောကြောင့်'ဗြဟ္မဏ်ကာရဏသီလ'ဟူ၍လည်းကောင်း၊ ဘ၀ကင်းရာနိဗ္ဗာန်သို့ သွားရောက်ကြောင်း ဖြစ်သောကြောင့် '၀ိဘ၀ဂါမိသီလ'ဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြ၏။
ငါးပါးသီလတွင်ပါဝင်သောသိက္ခာပုဒ်တို့မှာ-
၁။ ပါဏာတိပါတာ ဝေရမဏိ=သက်ရှိသတ္တ၀ါကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အဒိန္နာဒါနာ ဝေရမဏိ=သူတစ်ပါးတို့ ကိုယ်နှုတ်ဖြင့်မပေးသော ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ=ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှရှောင်ကြဉ် ခြင်း၊
၎။ မုသာဝါဒါ ဝေရမဏိ=မဟုတ်မမှန်လိမ်ညာလှည့်ဖြား ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ=မူးယစ်စေတတ်သော သေရည်သေအရက်၊ဆေး အမျိုးမျိုးကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။
လူတို့အမြဲစောင့်ထိန်းရမည့်သီလဖြစ်သောကြောင့် ယင်းငါးပါးသီလကို ခါးဝတ်ပုဆိုးနှင့် တင်စား၍ ဆိုလေ့ရှိကြ၏။လူပုံအလယ်တွင် ခါးဝတ်ပုဆိုးကျွတ်သွားပါက ရှက်ဖွယ်ဖြစ်သကဲ့သို့ ငါးပါးသီလမမြဲလျင်လည်း လောကတွင်ရှက်ဖွယ်ပင်ဖြစ်၏။ သို့သော် လူအချို့တို့သည် ခါးဝတ်ပုဆိုး ကျွတ်သွားခြင်းကိုသာ ရှက်ဖွယ်အဖြစ်ထင်မှတ်ကြ၏။ ခါးဝတ်ပုဆိုးကျွတ်ခြင်းကား တခဏတာ လူပုံအလယ်၌ ရှက်စရာဖြစ်၍ ငါးပါးသီလမလုံခြုံခြင်းကား မျက်မှောက်ဘ၀တွင် လူတို့အကဲ့အရဲ့ ခံရခြင်းစသည်နှင့် တမလွန်ဘ၀၌လည်း ကိုယ်လက်အင်္ဂါချွတ်ယွင်းခြင်း၊ ရူးသွပ်ခြင်း၊ ဆင်းရဲမွဲတေခြင်း စသည်တို့ဖြစ်ရတတ်ခြင်းကြောင့် တစ်သံသရာစာပတ်လုံး ရှက်စရာဖြစ်သည်။ ထိုကြောင့် ငါးပါးသီလ ကို မိမိတို့၏ခါးဝတ်ပုဆိုး ကဲ့သို့ မြဲသင့်လှ၏။
Credit .. အလင်းနယ် blog.
No comments:
Post a Comment