စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, June 9, 2016

ပါဏာတိပါတကံ

၂း၆း၁။ ပါဏာတိပါတအဓိပ္ပါယ်
***************************
    ငါးပါးသီလတွင် ပထမဆုံးသီလကို ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ= သက်ရှိသတ္တ၀ါကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟု ရွတ်ဆို၍ ဆောက်တည်ရ၏။ ထိုတွင် ပါဏာတိပါတ ဟူသောပုဒ်သည် ပါဏနှင့်အတိပါတ ဟူသောပုဒ်နှစ်ခုကို ပေါင်းစပ် ထားခြင်းဖြစ်သည်။ လူသားတို့ ပြောဆိုနေကြသော လောကဝေါဟာရအားဖြင့် သတ္တ၀ါ၊ ပရမတ္ထအားဖြင့် ရုပ်ဇီဝိတိနြေ္ဒ နာမ်ဇီဝိတိ နြေ္ဒတို့ကို ပါဏဟုခေါ်၏။
သတ်ခြင်း၊သေစေခြင်း(၀ါ)သေစေလိုသောစေတနာဖြင့် ဓားစသော လက် နက်ဖြင့် သတ်ခြင်းကို အတိပါတဟုခေါ်၏။ ထိုကြောင့် ပါဏဟူသည် သတ္တ၀ါဖြစ်၍ အတိပါတ ဟူသည်သတ်ခြင်းဟုမှတ်သင့်၏။ ထိုသို့ သတ်ဖြစ်အောင် ၀ဓကစေတနာက စေ့ဆော်၏။ ထိုကြောင့် ပါဏာတိပါတဟူသည် သတ္တ၀ါဟုအမှတ်ရှိသည်ဖြစ်၍ သတ္တ၀ါတို့ကို ကိုယ်တိုင်သတ်ခြင်းဟူသော ကာယပယောဂ၊ 'သတ်လိုက်ပါ'စသည်ဖြင့် စေခိုင်းခြင်းဟူသော ၀စီပယောဂကို ဖြစ်စေတတ်သော သတ်ကြောင်း စေတနာ(၀ဓကစေတနာ)ကို ခေါ်ဆိုခြင်းဖြစ်၏။၁ ထိုကြောင့် သေစေလိုသောစေတနာ ဖြင့် ကိုယ်တိုင်ဖြစ်စေ၊ သူတပါးကို စေခိုင်း၍ဖြစ်စေ သတ်လျင် ပါဏာတိပါတကံမြောက်၏။

    ရုပ်ဇီဝိတ၊နာမ်ဇီဝိတနှစ်မျိုးကို အသက်ဟုခေါ်ဆိုရာ ယင်းဇီဝိတနှစ်မျိုးသည် သတ္တ၀ါတို့ အကောင်အထည် ထင်ရှားမဖြစ်ပေါ်မီ အမိဝမ်း၌ ပဋိသန္ဓေနေစဉ်အခါ ကလလရေကြည်တည်ချိန်မှစ၍ ဖြစ်ပေါ်လာသည့် ရုပ်နာမ်တရားများဖြစ်၏။၂ ထို့ကြောင့် ကိုယ်ဝန်ပျက်ကျစေလိုသော စေတနာဖြင့် ကိုယ်ဝန်ပျက်ဆေး တိုက်ကျွေးခြင်း၊ နှိပ်နယ်ပေးခြင်းစသည် ပြုလုပ်လျင် ပါဏာတိပါတကံထိုက်၏။ ထို့အတူ အကောင်ပေါက်နိုင်သော ကြက်ဥ၊ဘဲဥစသည့်ဥများကို ချက်ပြုတ်ကြော်လှော် စားသောက်ရာ၌ လည်း စေတနာပါလျင် ပါဏာတိပါတကံထိုက်၏။ သို့သော် သေစေလိုသော စေတနာသက်သက်ဖြင့် ကား ပါဏာတိပါတကံမမြောက်ပေ။ အင်္ဂါငါးရပ်နှင့်ပြည့်စုံမှသာ ပါဏာတိပါတကံမြောက်၏။

၂း၆း၁း၁။ ပါဏာတိပါတကံအင်္ဂါ(၅)ပါး
    ပါဏာတိပါတကံမြောက်ရန်အင်္ဂါသည်(၅)ပါးရှိ၏။ယင်းတို့မှာ-
၁။ သတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟုလည်းသိခြင်း၊
၃။ သတ်လိုသောစိတ် စေတနာလည်းထင်ရှားရှိခြင်း၊   
၎။ သေအောင်လည်း လုံ့လပယောဂပြုခြင်း၊
၅။ ထိုလုံ့လပယောဂကြောင့် သေခြင်းဟူ၍ ဖြစ်သည်။၁
    အထက်ပါအင်္ဂါ(၅)ပါးနှင့် ပြည့်စုံလျင် ပါဏာတိပါတကံမြောက်၏။ကမ္မပထမြောက်သော အကုသိုလ်ကံဖြစ်၏။ကမ္မပထမြောက်လျင် အပါယ်ကျရန်သေချာ၏။အထက်ပါ အင်္ဂါ(၅)ပါးလုံးနှင့် မပြည့်စုံလျင်ကား ပါဏာတိပါတကမ္မပထမမြောက်ပေ။ အပါယ်ပဋိသန္ဓေအကျိုးကို မုချမပေးနိုင်သည့် ကံမျသာ(ကမ္မမတ္တမျသာ)ဖြစ်၏။ ထိုကြောင့် သက်ရှိသတ္တ၀ါ ပင်ဖြစ်သော်လည်း သက်ရှိသတ္တ၀ါဟုမသိ လျင်လည်းကောင်း၊ သိပင်သိငြားသော်လည်း သေစေလိုသောစိတ်မရှိလျင်လည်းကောင်း၊ အမှတ်တမဲ့ပြု လုပ်မိ၍ သေသွားခဲ့လျင်လည်းကောင်း၊သေစေလိုသောစိတ်ရှိသော်လည်း မိမိ၏လုံ့လပယောဂမပါဘဲ သတ္တ၀ါသေသွားခဲ့လျင်လည်းကောင်း၊ မိမိ၏လုံ့လပယောဂဖြင့် သေစေရန် သတ်ပင်သတ်ငြားသော် လည်း သတ္တ၀ါမသေခဲ့လျင်လည်းကောင်း ပါဏာတိပါတကမ္မပထမမြောက်ပေ။ ကမ္မပထမမြောက် လျင် အပါယ်ကျရန်မသေချာ။
    ယင်းကမ္မပထမြောက်မှု၊မမြောက်မှုတို့၏ အကျိုးပေးမှုနှင့်စပ်၍ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ ၌'ပဋိသန္ဓေအကျိုးကိုဖြစ်စေနိုင်သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုသာလျင် ကမ္မပထဟုဆို၍ ပဋိသန္ဓေ အကျိုးကိုပေးရန် မသေချာသော ကုသိုလ်ကံ အကုသိုလ်ကံ တို့ကိုကား ကမ္မပထဟု မဆိုအပ်ကုန်ဟု ဖွင့်ဆို၏။၂ သို့ဖြစ်၍ ကံမြောက် မမြောက်ကို အထက်ပါအင်္ဂါရပ်တို့နှင့် တိုက်ဆိုင်၍ ကြည့်ရမည်။ယင်းအင်္ဂါ(၅)ပါးလုံးနှင့် ပြည့်စုံလျင် ကံမြောက်၍ တစ်ပါးပါးချွတ်ယွင်းလျင် ကံမမြောက်ဟု မှတ်ရမည်။
   
၂း၆း၁း၂။ သတ်နည်းအမျိုးမျိုး
    ပါဏာတိပါတအင်္ဂါ(၅)မျိုးတွင် နံပါတ်(၄)အင်္ဂါဖြစ်သည့် သေအောင်လုံ့လ ပြုခြင်းဟူရာ၌ သတ်နည်းအမျိုးမျိုးကို ကျမ်းဂန်များ၌ ပြဆိုထား၏။
ယင်းတို့မှာ-
    ၁။ သာဟတ္ထိက=     တုတ်ဓားစသည်တို့ကို ကိုယ်တိုင်ကိုင်စွဲ၍ကိုယ်ထိလက်ရောက်                 ရိုက်ပုတ်ထိုးခုတ်သတ်ဖြတ်ခြင်း၊

    ၂။ အာဏတ္တိက=     နှုတ်ဖြင့်ပြောဆို၍ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ၊ အရိပ်နိမိတ်ကို                 ပြ၍ဖြစ်စေ သတ်ခိုင်းခြင်း၊

    ၃။ နိဿဂ္ဂိယ=        လေး၊မြှား၊သေနတ်၊အြောက်၊ဗုံးစသည်တို့ဖြင့် ပစ်ခတ်သတ်                                           ဖြတ်ခြင်း၊

    ၄။ ထာဝရ=        သွားလာရာလမ်းခရီးတို့၌ သတ္တ၀ါများသေကြေပျက်စီးအောင်                 တွင်းတူး၍ ဖြစ်စေ၊ ထောင်ချောက်ဆင်၍ ဖြစ်စေ၊ ဆူးငြောင့် စသည်ကို စိုက်ထား၍ဖြစ်စေ၊     ဗုံးအမြောက်စသည်တို့ကို                     မြုပ်ထား၍ဖြစ်စေ သတ်ဖြတ်ခြင်း၊

    ၅။ ၀ိဇ္ဇာမယ=        အင်းအိုင်ချ၍ဖြစ်စေ၊ မန္တာန်မန်းမှုတ်၍ဖြစ်စေ သတ်ဖြတ်ခြင်း၊                 လောကအတတ်အတတ်ပညာအမျိုးမျိုးတို့ဖြင့် သတ်ဖြတ်ခြင်း၊

    ၆။ ဣဒ္ဓိမယ=        ကံကြောင့်ဖြစ်သော တန်ခိုး (ကမ္မဇိဒ္ဓိ)တို့ဖြင့် သတ်ဖြတ်ခြင်း ဟူ၍ ဖြစ်၏။၁
    ထိုသတ်နည်းအမျိုးမျိုးတို့တွင် တစ်မျိုးမျိုးသောနည်းဖြင့် သတ်ရာ၌ မိမိရည်ရွယ်သော သတ္တ၀ါ သေလျင် ပါဏာတိပါတကံထိုက်သည်။ မရည်ရွယ်သောသတ္တ၀ါသေလျင် ပါဏာတိပါတကံမထိုက်ပေ။
       
၂း၆း၁း၃။ သတ္တ၀ါအလိုက်အပြစ်ကြီးငယ်ကွဲပြားပုံ
    ပုဂ္ဂိုလ်သတ္တ၀ါတို့ကို သတ်ဖြတ်၍ သေဆုံးရာ၌ သင့်ရောက်သောအပြစ်သည် အသတ်ခံရသော  ပုဂ္ဂိုလ်သတ္တ၀ါတို့အပေါ်လိုက်၍ ကွဲပြားခြားနား၏။ သေဆုံးမှုချင်း တူသော်လည်း အပြစ်ကားမတူညီပေ။
    တိရစ္ဆာန်တို့ကို သတ်ဖြတ်ရာ၌ ခန္ဓာကိုယ်သေးငယ်သော တိရစ္ဆာန်ကို သတ်ဖြတ်လျင် အပြစ်လည်း သေးငယ်၏။ ခန္ဓာကိုယ်ကြီးသောတိရစ္ဆာန်ကို သတ်ဖြတ်လျင် အပြစ်ပိုကြီး၏။ ခန္ဓာကိုယ် ကြီးလျင်လုံ့လစိုက်ထုတ်ရမှုပို၍ကြီးသောကြောင့်လည်းကောင်း၊ လုံ့လစိုက်ထုတ်ရ မှုခြင်းတူသော်လည်း ခန္ဓာကိုယ်ပို၍ကြီးသောကြောင့်လည်းကောင်း အပြစ်ပိုကြီးရခြင်းဖြစ်၏။ သို့ဖြစ်၍ ကြမ်းပိုး၊ ခြင်စသည့် သတ္တ၀ါငယ်လေးများကို သတ်ဖြတ်ခြင်းထက် ဆင်၊ ကျွဲ၊ နွားစသည့် တိရစ္ဆာန် အကြီးများကို သတ်ဖြတ်ခြင်းက အပြစ်ပိုကြီးသည်ဟုမှတ်ရမည်။ လူတို့ကို သတ်ဖြတ်ရာ၌ အပြစ် အကြီးအငယ် ကိုလည်း ထိုသူတို့၏ သီလစသည့်ဂုဏ်သို့လိုက်၍ ဆုံးဖြတ်ရမည်။ ကိုယ်ကျင့်သီလ မရှိသူကို သတ်ဖြတ်ရာ၌ အပြစ်သေးငယ်၍ ကိုယ်ကျင့်သီလရှိသူကို သတ်ဖြတ်ရာ၌ အပြစ်ပိုကြီး၏။၂ ကိုယ်ကျင့် သီလစသည့် ဂုဏ်တို့နှင့် ပြည့်စုံသူတို့တွင်လည်း သောတာပန်ကို သတ်သူထက် သကဒါဂါမ်ကို သတ်သူက အပြစ်ပိုကြီး၏။ သကဒါဂါမ်ကိုသတ်သူထက် အနာဂါမ်ကိုသတ်သူက အပြစ်ပိုကြီး၏။ အနာဂါမ်ကို သတ်သူထက် ရဟန္တာကိုသတ်သူက အပြစ်ပိုကြီး၏ဟု မှတ်သင့်၏။
       
၂း၆း၁း၎။ ပါဏာတိပါတကံ၏ ဆိုးကျိုးများ
    ပါဏာတိပါတကံကို ကျူးလွန်သူသည် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်ဟူသော အပါယ်(၄)ဘုံတို့တွင် တစ်ဘုံဘုံ၌ ဖြစ်ရတတ်၏။ ကောင်းမှုတစ်ခုခုကြောင့် လူ့ဘ၀သို့ ရောက်လာ ပြန်လျင်လည်း အောက်ပါဆိုးကျိုးများကို ခံစားရတတ်၏။ ထိုဆိုးကျိုးများမှာ-
၁။ မျက်စိနားနှာခြေလက်အင်္ဂါ ချို့တဲ့ခြင်း၊
၂။ အနာရောဂါများပြားခြင်း၊
၃။ အင်အားချို့တဲ့ခြင်း၊(အားနည်းခြင်း၊)
၎။ ဘေးရန်ပေါ်လာလျင် ကြောက်ရွံ့တတ်ခြင်း၊
၅။ စိုးရိမ်သောကများရခြင်း၊
၆။ သူတပါးတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရခြင်း၊
၇။ သူတပါး အသတ်ခံရခြင်း၊(၀ါ)ကိုယ့်ကိုယ်ကို သတ်သေခြင်း၊
၈။ အခြွေအရံပျက်စီးရခြင်း၊
၉။ လျင်မြန် ဖျတ်လတ်မှု မရှိခြင်း၊
၁၀။ အသက်တိုခြင်း စသည်တို့ဖြစ်သည်။၁
    ဤဆိုးကျိုးများကို ကြည့်လျင် ပါဏာတိပါတကံကို ကျူးလွန်ခဲ့သူသည် ဒုလ္လဘဟုဆိုသည့် လူ့ဘ၀ကိုပင် ရငြားသော်လည်း လူတန်းစေ့မနေနိုင်ဘဲ အရမတော်လှသည်ကို တွေ့ရမည်ဖြစ်၏။ထို ကြောင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သင့်၏။ ပါဏာတိပါတကံကျူးလွန်က ခံစားရမည့် ဆိုးကျိုးများနှင့်စပ်၍ မှတ်ရလွယ်ကူစေရန် ရှေးဆရာတော်များက ဤသို့လင်္ကာစပ်ဆိုခဲ့ သည်။
    ''ပါဏာတိပါတ်၊သူ့သက်သတ်က၊ချို့တဲ့အင်္ဂါ၊မွဲပြာရုပ်သွင်၊အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ဘေး ကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်၊ခြွေရံပျက်၍၊အသက်တိုလျ၊ပြစ်များစွာ့သည်၊ရှောင်က
အပြန်အကျိုးတည်း။''၂

၂း၆း၁း၅။ ပါဏာတိပါတမှ ရှောင်ကြဉ်ရကျိုးများ
    သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျင် နတ်ရွာသုဂတိသို့ရောက်ပြီး လူဖြစ်လျင် လည်း အောက်ပါအကျိုးတို့ကို ခံစားရတတ်သည်။ ထိုအကျိုးတရားတို့မှာ-
၁။ အင်္ဂါကြီးငယ်နှင့်ပြည့်စုံခြင်း၊
၂။ အလုံးအရပ် အချိုးအစားကျခြင်း၊
၃။ လျင်မြန်ပေါ့ပါးခြင်း၊
၎။ ညီညွတ်သော ခြေဖ၀ါး လက်ဖ၀ါးရှိခြင်း၊
၅။ တင့်တယ်ပြေပြစ်ခြင်း၊
၆။ အသားအရေ နူးညံ့သိမ်မွေ့ခြင်း၊
၇။ စင်ကြယ်ခြင်း၊
၈။ ရဲရင့်ခြင်း၊
၉။ ခွန်အားဗလ ကြီးခြင်း၊
၁၀။ စကားပြေပြစ်ခြင်း၊
၁၁။ လူအများချစ်ခင်ခြင်း၊
၁၂။မိမိပရိသတ်စည်းလုံး ညီညွတ်မှုရှိခြင်း၊
၁၃။ အကြောက်အရွံ့ကင်းခြင်း၊
၁၄။ အဆိပ်အတောက်မသင့်ခြင်း၊
၁၅။ သူတစ်ပါးလုံ့လပယောဂကြောင့် မသေခြင်း၊
၁၆။ အခြံအရံ ပရိသတ်များခြင်း၊
၁၇။ အဆင်းလှခြင်း၊
၁၈။ ရုပ်ရည်သန္တာန်ကောင်းခြင်း၊
၁၉။ အနာရောဂါကင်းခြင်း၊
၂၀။ စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
၂၁။ ချစ်ခင်မြတ်နိုးသူတို့နှင့် မကွေမကွင်းခြင်း၊
၂၂။ အသက်ရှည်ခြင်း စသည်တို့ဖြစ်ကြောင်း ခုဒ္ဒကပါဌအဋ္ဌကထာ၁၌ ဖွင့်ပြထား၏။

    မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင် ရှည်သောဖနောင့်၊လက်ချောင်း၊ ခြေချောင်း နှင့်ပြည့်စုံပြီး ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ခန္ဓာကိုယ်ရှိခြင်းဟူသည့် လက္ခဏာတော်ကြီးသုံးပါးတို့ ပါဝင်၏။ မြတ်စွာဘုရားရှင်အား ထိုလက္ခဏာတော်ကြီးသုံးပါးနှင့်ပြည့်စုံရခြင်းမှာ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သောကြောင့်ဖြစ်၏။ သူအသက်သတ်မှုမှ ရှောင်ကြဉ်ခဲ့သူသည် စကြာဝ တေးမင်းဖြစ်၍  ဆန့်ကျင်ဘက်ရန်သူတို့က မသတ်ဖြတ်နိုင်ခြင်း၊ အသက်ရှည်ခြင်း၊အကျိုးတို့ကို ရရှိနိုင်၏။ ဘုရားဖြစ်ခဲ့သော် သက်တော်ရှည်ခြင်း၊ ဆန့်ကျင်ဘက်ကို အလိုရှိကြသည့် သမဏဗြဟ္မဏ စသူတို့၏ အသက်အန္တရာယ်မပေးနိုင်ခြင်းအကျိုးတို့ကို ရရှိ၏။

    သို့ဖြစ်၍ ကျူးလွန်လျင် ချို့တဲ့မှုများစွာဖြစ်ပြီး ရှောင်ကြဉ်လျင် အကျိုးများစွာရသောသူ့ အသက်သတ်ခြင်း ပါဏာတိပါတကံကို လူသားတိုင်း ရှောင်ကြဉ်သင့်လှ၏။

No comments:

Post a Comment