စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 22, 2016

ဗောဇ္ဈင်္ဂသုတ်​မြန်​မာပြန်​..


ဗောဇ္ဖျင်သုတ်
*********
ဗောဇ္ဖျင်သုတ်ရွတ်ဖတ်ရခြင်းအကျိုး
`````````````````````````````````´´``´```
လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဖျင်သုတ် သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပို၍ ကောင်းသည်။

ဗောဇ္ဖျင်သုတ်မြန်မာပြန်
~~~~~~~~~~~
1/ ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်သည်။ ထကြွသောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။

2/ သတ္တဝါတို့သည် ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌ သိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့် ဘေး၊ နာရ သည့်ဘေး ၊ သေရသည့်ဘေးတို့ ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။

3/ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဖျင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

4/ - ၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။ ထိုဗောဇ္ဖျင် ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏။ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။

6/ ဤဗောဇ္ဖျင် ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူးတရားမြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုး ရှိ၏။ ကိလေသာငြိမ်းအေးခြင်း အကျိုးလည်းရှိ၏။ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

7/ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခ ရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပ မထေရ် နှစ်ပါးအား ဗောဇ္ဖျင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။

8/ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဖျင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

9/ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏။ ထိုအခါ စုန္ဒ မထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဖျင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။

10/ ဗောဇ္ဖျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေ၏။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

11/ မဟာကဿပ ထေရ်၊ မဟာမောဂ္ဂလာန် ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ထာဝရ ချမ်းသာခြင်း ဖြစ်ပါစေသတည်း ။

** ​ဗောဇ္ဖျင်သုတ် မြန်​မာပြန်​ပြီး၏ **

No comments:

Post a Comment