အဂုင်္လိမာလသုတ် ဖြစ်ပေါ်လာပုံ
*** *** *** *** *** *** ***
အရှင်အဂုင်္လိမာလ မထေရ်သည် အရင် လူဆိုးကြီးဘ၀တုန်းက လူအပေါင်းကို နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသော အာရုံများပေါ်ပေါ်နေခြင်းကြောင့် တရားအားထုတ်ရာ၌ သမာဓိမရရုံမက ဆွမ်းခံသွားသည့်အခါ၌လည်း လူတွေက ခဲနှင့်ပေါက် ၊ လေးခွနှင့်ပစ်၍ နှိပ်စက်သဖြင့် ဆွမ်းမရဘဲ အနာတရ အမြဲဖြစ်ရရှာသည်။
တစ်နေ့တွင်အရှင်မြတ်သည် မီးမဖွားနိုင်၍ ပြင်းပြင်းပြပြ ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးကို တွေ့ရ၍ အထူးပင်ကရုဏာသက်သွားပြီး ဗုဒ္ဓအား ထိုအကြောင်းကို လျှောက်ထားသည်။
ဗုဒ္ဓက အရှင်မြတ်အား ```` ယတောဟံဘဂိနိ ´´´´ အစချီသော သစ္စာစကားကို သင်ပေးပြီး ထိုမိန်းမထံ သွားရောက်ရွတ်ဆိုစေရာ ချက်ချင်းပင် ချမ်းသာလွယ်ကူစွာ မီးဖွားသွားလေသည်။ အခြားအခြားသော မီးမဖွားနိုင်သူများကလည်း အရှင်မြတ်ကိုပင့်ပြီး ရွတ်ပွားစေရာ အားလုံးပင် ချောမောစွာ သားဖွားနိုင်ကြပေသည်။
ထိုမှစ၍ အရှင်မြတ်အား လူတို့က ကြည်ညိုလာကြသဖြင့် ဆွမ်းလည်း အလုံအလောက်ရသည်။ တရားအားထုတ်ရာ၌လည်း စိတ်ကြည်လင်လာသဖြင့် သမာဓိရကာ မကြာခင် ရဟန္တာဖြစ်သွားလေသည်။ အရှင်မြတ် သစ္စာဆိုသောစကားသည်လည်း အဂုင်္လိမာလသုတ်ဟု ဖြစ်ပေါ်လာရပေသည်။
ဤသုတ်တော်သည် အလွန်ထက်သည်။ ဤသုတ်ကို ရွတ်ဆိုသူ၏ ထိုင်နေသည့်နေရာကိုပင် ရေဆေးပြီး ထိုရေကို မီးမဖွားနိုင်သူအား တိုက်ပါက လွယ်ကူစွာ မီးဖွားနိုင်သည်ဟု ကျမ်းလာအဆို၌ ပါသည်။
အဂုင်္လိမာလသုတ် ရွတ်ရခြင်းအကျိုး
••••••••••••••••••••••••••••••••••
ကိုယ်ဝန်ဆောင် အမျိုးသမီးများ လွယ်ကူစွာ မီးဖွားနိုင်ခြင်း အကျိုးရှိသည့်အပြင် အခြားဘေးရန်အန္တရာယ်များကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။
အခြားအန္တရာယ်များအတွက်ဖြစ်မူ .."" သောတ္ထိဂဗ္ဘဿ "" ဟူသော စာပိုဒ်အစား
"" သောတ္ထိတေ ဟောတု..သင့်အားချမ်းသာပါစေ.."" ဟုလည်းကောင်း..
ကိုယ့်အတွက်ဖြစ်ပါမူ.."" သောတ္ထိမေ ဟောတု ..ငါ့အား ချမ်းသာပါစေ.."" ဟု လည်းကောင်း ပြင်ရွတ်ရပါမည်။ ထို့အပြင် အများအတွက်ဖြစ်ပါမူ ..
"" သောတ္ထိဝေါ ဟောတု.. သင်တို့အား ချမ်းသာခြင်းဖြစ်ပါစေ..""
မိမိနှင့်အတူ အများအတွက် ဆိုပါက "" သောတ္ထိနော ဟောတု ..ငါတို့အား ချမ်းသာခြင်းဖြစ်ပါစေ.."" ဟု လည်းကောင်း ရွတ်ဆိုရပါမည်။
ရွတ်ရမည့်အခါ
°°°°°°°°°°°°°
ကိုယ်ဝန်ဆောင် အမျိုးသမီးများ မီးဖွားခါနီး၌ ရွတ်ဆိုပေးရပါမည်။ ရွတ်ဆိုသည့်အခါ၌လည်း.."" ယတောဟံ ဘဂိနိ "".မှ စ၍ သစ္စာဆိုသည့် စကားကိုသာ အကြိမ်ကြိမ် အခါခါ ရွတ်ဆိုပေးရပါမည်။
❆ ဓမ္မမော်ကွန်း..❆
** ဦးကျော် ပညာမော်ကွန်း စုစည်းပူဇော်သည်။
No comments:
Post a Comment