စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 11, 2017

၂၄. အဝိဂတပစ္စယောတိ

၂၄။ အဝိဂတပစ္စယောတိ

၂၄- ပစ္စည်းမှာ အဝိဂတပစ္စည်းက နောက်ဆုံးပစ္စည်းပါ။
အဝိဂတ နဲ့ အတ္ထိပစ္စည်းက ပဌာန်းပါဠိမှာ အားလုံးအတူတူပါဘဲ။
ပဥှာဝါရမှာ အတ္ထိ ၅-မျိုးရှိသလို အဝိဂတမှာလဲ -

သဟဇာတအဝိဂတ
ပုရေဇာတအဝိဂတ
ပစ္ဆာဇာတအဝိဂတ
ရုပ်အာဟာရအဝိဂတ
ရုပ်ဇီဝိတိန္ဒြိယအဝိဂတ  .....ဆိုပြီး ၅-မျိုးပါဘဲ။

ဒီ ၅-မျိုးထဲကမှ သဟဇာတ နဲ့ ပုရေဇာတ ၂-မျိုးဘဲ ပဌာန်းမှာ ဟောတာလည်း တထပ်တည်းတူတာပါဘဲ။

ဘာကြောင့် တထပ်တည်းတူတာကို ဟောကြားရသလဲ ဆိုရင် နတ်တချို့က အတ္ထိနဲ့ နတ္ထိ ဟောမှ သဘောပေါက် နားလည်ပေမဲ့ အချို့နတ်တွေက ဝိဂတနဲ့ အဝိဂဂတ ကို ဟောမှ သဘောပေါက် နားလည်သွားကြလို့  သူ့ဇရိုက်နဲ့ သူ လိုက်ပြီး ဟောရတယ်လို့ ဆိုပါတယ် ။

တရားနာကြတဲ့ နတ်ဗြဟ္မာတွေဟာ ဒိဗ္ဗစက္ခု အဘိညာဉ်တွေ ရထားတော့ သတ္တဝါတွေဟာ တဘဝနဲ့ တဘဝ၊ တဘုံကနေ တဘုံ ပြောင်းသွားတာတွေကို သိတယ်၊ ရုပ်နာမ်ရဲ့ အဖြစ်အပျက်ကိုတော့ မသိပါ၊ သဿတဒိဌိအယူ ရှိကြတာများတယ်လို့ ဆိုပါတယ်။

ရုပ်တရားနဲ့ နာမ်တရားဟာ သူ့ဘာသာသူဖြစ်ပြီး ပျက်သွားတယ်၊ ပျက်သွားတဲ့ တရားက ဝိဂတပစ္စည်း ကျေးဇူးပြုလို့ နောက်ထပ် ရုပ်နာမ်တွေ ဖြစ်လာတာပါလားလို့ သိသွားတော့ သဿတဒိဌိ ပျောက်သွားပါတယ်။

အဝိဂတပစ္စည်းကို ဟောပြန်တော့ သတ္တဝါဟာ သေပြီး ပြီးသွားတာဘဲလို့ အယူရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် ရုပ်နာမ်တွေဟာပျက်သွားကြတယ်၊ ဒါပေမဲ့ ပျက်သွားတဲ့ ရုပ်နာမ်နဲ့ နောက်အသစ်အသစ်ဖြစ်တဲ့ ရုပ်နာမ်က မကင်းကြဘူး၊ မကင်းတဲ့အနေနဲ့ ကျေးဇူးပြုလို့ နောက်ထပ် ရုပ်နာမ်အသစ်တွေ ဖြစ်ရတာဘဲလို့ သိသွားပြီး ဥစ္ဆေဒဒိဌိပြုတ်သွားတယ်။

ဒီ သဿတဒိဌိနဲ့ ဥစ္ဆေဒိဌိ ၂-ခုလုံး ကွာသွားတာကို ဗုဒ္ဓဘာသာမှာ မဇ္ဈိမပဋိပဒါ လမ်းစဉ်လို့ ခေါ်ပါတယ်၊  ဒီ ဝါဒ ၂-ခု ပျောက်အောင်ပဲ အတ္ထိ နတ္ထိ နဲ့ ဝိဂတ အဝိဂတကို ၂၄- ပစ္စည်းမှာ ခြုံငုံပြီး ဟောကြားသွားတယ်လို့ ဆိုပါတယ်။

--------------

အဝိဂတပစ္စည်းကိုလည်း အပိုင်း ၇-ပိုင်း ခွဲပြီး ရှင်းပြပါမယ်-

၁။ နာမ်ခန္ဓာ ၄ ပါး

- စတ္တာရော ခန္ဓာ အရူပီနော အညမညံ အဝိဂတစ္စယေန ပစ္စယော။

-ဝေဒနာ သညာ သခါင်္ရ ဝိညာဏလို့ ဆိုတဲ့ နာမ်ခန္ဓာ ၄ ပါးသည် အပြန်အလှန် ၁ ပါးက ၃ ပါးကို၊ ၃ ပါးက ၁ ပါးကို၊ ၂ ပါးက ၂ ပါးကို အဝိဂတ သတ္တိဖြင့် အထောက်အကူပြုကြ၏။
(သဟဇာတ အဝိဂတ )

၂။ မဟာဘုတ် ၄ ပါး

- စတ္တာရော မဟာဘူတာ အညမညံ အဝိဂတ ပစ္စယေန ပစ္စယော။

- ပထဝီ တေဇော အာပေါ ဝါယော ဓာတ်ကြီး၎ ပါးသည် ၁ ပါးက ၃ ပါးကို၊ ၃ ပါးက ၁ ပါးကို၊ ၂ ပါးက ၂ ပါးကို အပြန်အလှန် အဝိဂတ ပစ္စည်းတရားဖြင့် အထောက်အကူပြုကြ၏။
( သဟဇာတ အဝိဂတ )

၃။ နာမ်ရုပ်ပိုင်း

သြက္ကန္တိက္ခဏေ နာမရူပံ အညအညံ အဝိဂတ ပစ္စယေန ပစ္စယော။

ပဋိသန္ဓေစိတ်ဖြစ်ခိုက် နာမ်နှင့်ရုပ်တို့သည် အတူရှိနေကြပြီး အပြန်အလှန် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုကြ၏။
( သဟဇာတ အဝိဂတ )

၎။ စိတ် စေတသိက်ပိုင်း

- စိတ္တစေတသိကာဓမ္မာ စိတ္တသမုဌာနာနံ ရူပါနံ အဝိဂတ ပစ္စယေန ပစ္စယော။

- စိတ်စေတသိက်တရားတို့သည် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်(စိတ္တဇရုပ်)တွေကို အဝိဂတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(သဟဇာတ အဝိဂတ )

၅။ မဟာဘုတ်နဲ့ ဥပါဒါရုပ်

- မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတ ပစ္စယေန ပစ္စယော။

မဟာဘုတ်တွေကလည်း  ဥပါဒါရုပ် ( ဝဏ္ဏ ဂန္ဓ ရသ သြဇာ ) တို့ကို အဝိဂတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(သဟဇာတ အဝိဂတ )

၆။ အာယာတနပိုင်း

(က)အတွင်း အာယတန  -
        မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊
    ( ဒီအပိုင်းကို ဝထ္ထု ပုရေဇာတ အဝိဂတ လို့ ဆိုပါတယ်)

(ခ) အပြင် အာယတန  -
         အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊
     ( ဒီအပိုင်းကို အာရမ္မဏပုရေဇာတ အဝိဂတ လို့ ဆိုပါတယ်)

(က) အတွင်း အာယတန အဝိဂတ-

- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

-မျက်စိအကြည် စက္ခုပသာဒရုပ်ဟာ စက္ခုဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

- သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

-နားအကြည်   သောတပသာဒရုပ်ဟာ သောတ ဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )
   
-ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

နှာခေါင်းအကြည်   ဃာနပသာဒရုပ်ဟာ နံသိဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် မကင်းသဖြင့် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
( ပုရေဇာတ အဝိဂတ )

- ဇိဝှာယတနံ ဇီဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

လျှာအကြည် ဇိဝှာပသာဒရုပ်ဟာ အရသာသိမှုဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက်  မကင်းသဖြင့် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

- ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

ကိုယ်ခန္ဓာ ကာယပသာဒရုပ်ဟာ ကာယဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် မကင်းသဖြင့် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

(ခ)အပြင် အာယတန အဝိဂတ -

- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ ..
. သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- ဖောဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

-အဆင်း အသံ အနံ့ အရသာ အထိအတွေ့ တို့်သည် မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျှက်သိစိတ် ထိသိစိတ်တို့ဖြစ်ပေါ်ရန် ၄င်းတို့၏ ယှဉ်ဘက်တရားအပေါင်းနှင့်အတူ မကင်းကြောင်းတရား အဝိဂတသတ္တိဖြင့် ကျေးဇူးပြုကြ၏။

- ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- အဆင်း အသံ အနံ့ အရသာ ထိတွေ့မှု စသည့် အာယတန တရားအပေါင်းတို့သည် ကြိုတင်ဖြစ်နှင့်ပြီး မနောဝိညာဏ်စိတ်တို့အား မကင်းကြောင်းတရား အဝိဂတ ပစ္စယသတ္တိ ဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

၇။ ဝထ္ထုရုပ်ပိုင်း

စိတ်စေတသိက်တို့ တည်မှီရာ ဝထ္ထုသည် ကြိုတင်ဖြစ်နှင့်ပြီး မနောဓာတ်တို့ အား မကင်းကြောင်းတရား အဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုတာပါ။
(ရုပ်၏ ပုရေဇာတ အဝိဂတ )

-ယံ ရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော။

- အကြင်ရုပ် (ဟာဒယဝထ္ထုရုပ်ဟုလည်း ဖွင့်ဆိုသည် )  ကို အမှီပြုလျက် မနောဓာတ်တို့၊ မနောဝိညာဏဓာတ်တို့ ဖြစ်ကြရ၏။ ထို ရုပ်၊ ထို မနောဓာတ်၊ ထို မနောဝိညာဏဓာတ်တို့သည် အတူယှဉ်တွဲ ရှိကြလျက် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။

-----------------
ဤတွင် ၂၄ -ပစ္စည်း ပဌာန်းတရား သဘောအနှစ်ချုပ် ပြီးစီးပါပြီ။

ပဌာန်းတရားကို ကြည်ညို မြတ်နိုးကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ အတွက် အတိုင်းအတာ တခုအထိ နားလည်သဘောပေါက်ကာ ရွတ်ဖတ်ပူဇော်နိုင်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်ကြပြီး ဆက်လက်၍ ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်မြတ်ကို လေ့လာသိရှိနိုင်ကြလျက် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို အလွယ်တကူ ရရှိနိုင်ကြပါစေကြောင်း ၂၀၁၅ ခုနှစ် နှစ်သစ်အခါသမယတွင် ဆုမွန်ခြွေပါသည်။  ။

"ဗုဒ္ဓသာသနာ အဓွန့်ရှည်ကြာ
ရောင်ဝါ နေသို့ လင်းပါစေ "

" သာဓု၊ သာဓု၊ သာဓု ။ "

************************
(  ၁- ၁- ၂၀၁၅ )

မူရင်း page. https://m.facebook.com/story.php?story_fbid=419531891533410&id=334976996655567

၂၃.. ဝိဂတပစ္စယောတိ

၂၃။ ဝိဂတပစ္စယောတိ

ဝိဂတ ကို " ကင်းတယ် " ၊ နတ္ထိ ကို   " မရှိ " လို့ အဓိပ္ပာယ်ပြန်ပါတယ်။

- သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

- အခြားမဲ့ တဆက်ထဲဖြစ်၍ ကင်းပြီးကုန်သော စိတ် စေတသိက်ဖြစ်တဲ့ နာမ်တရားတို့သည်၊ မိမိတို့နောက်၌ တဆက်တည်း ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားတို့အား (ဝိဂတပစ္စည်း )ကင်းတဲ့အနေနှင့် ကျေးဇူးပြု၏ ။

ကင်းတာနဲ့ မရှိတာမှာ ကျေးဇူးပြုပုံချင်း အတူတူ ဘာကြောင့်မို့ ဝိဂတပစ္စည်း ထပ်ဟောရပါသလဲ။

ဥပမာနဲ့ ပြောရရင် စက္ခု ဝိညာဉ်က သမ္ပဋိစ္ဆိုင်း ကို ကျေးဇူးပြုရာမှာ စက္ခုဝိညာဉ်က ပျက်ပြီးမှ သူက မရှိတဲ့အနေနဲ့ကျေးဇူးပြုတာပါ။
သူမရှိတော့လို့ သမ္ပဋိစ္ဆိုင်းဖြစ်ခွင့်ရတာဟာ နတ္ထိက ကျေးဇူးပြုတာပါ။

ဝိဂတ ကတော့ မရှိရုံမက သတ္တိအားဖြင့်လည်း ကင်းတာပါ။

စက္ခုဝိညာဉ်စိတ်က မရှိတော့ဘူး၊ ကင်းကင်းရှင်းရှင်းကို မရှိတော့ဘူးလို့ ဆိုချင်တာပါ။

စိတ်အစဉ်ဟာ တပြိုင်နက် နှစ်စိတ် သုံးစိတ် ဘယ်တော့ပြိုင်မဖြစ်ပါဘူး၊ တစိတ်ပျက်ပြီးမှ နောက်တစိတ် ဖြစ်ကြရတာ၊
ရှေ့စိတ်က ကင်းကင်းရှင်းရှင်း မရှိတော့မှ နောက်စိတ်က ဖြစ်ခွင့် ပေါ်ခွင့်ရှိတာပါ။

ဒါကြောင့် နတ္ထိပစ္စည်းနဲ့ ဝိဂတပစ္စည်းက တစုံပါ။

အတ္ထိနဲ့ အဝိဂတ က ရှိခြင်းနဲ့ မကင်းခြင်း ပစ္စည်း တစုံပါ။

နတ္ထိ နဲ့ ဝိဂတကို ရှင်းအောင် ဘယ်လိုဥပမာ ထပ်ပေးသလဲဆိုရင်  (သဒ္ဓမ္မဇောတိက ပဌာန်းကျမ်းထဲက အတိုင်း ) တင်ပြလိုက်ပါတယ်။
နဲနဲတော့ ကြမ်းပါတယ်။

ဥပမာ မိန်မနဲ့ ယောက်ျား အိမ်ထောင်ကွဲကြတယ်၊ ကွဲတော့ ယောက်ျားမရှိတော့ နတ္ထိပစ္စည်းမှန်ပါတယ်၊ သို့ပေမဲ့ သူ့ယောက်ျားက ကင်းပါပြီလို့ ပြတ်စာ တရားဝင်မပေးသေးရင် ဒီမိန်းမ နောက်အိမ်ထောင်ထပ်ပြုလို့ မရပါ၊
နတ္ထိပစ္စည်းတော့ ဟုတ်နေပါပြီ၊ ပြတ်စာမပေးသေးသမျှ ဝိဂတပစ္စည်းမဖြစ်သေးပါ။
အဲဒီသဘောပါဘဲ။

နတ္ထိပစ္စည်းဆိုတာ သူက မရှိရုံဘဲ ကျေးဇူးပြုတာ၊ မရှိတော့ရုံတင်မက ကင်းပါပြီ ရှင်းပါပြီဆိုမှ ဝိဂတပစ္စည်းလို့ ဆိုရမှာပါ။

အတ္ထိ နဲ့ အဝိဂတ က အဓိပ္ပာယ်တူ တစုံ၊
နတ္ထိ နဲ့ ဝိဂတ က အဓိပ္ပာယ်တူ တစုံ၊
အတ္ထိနဲ့ နတ္ထိက ဆန့်ကျင်ဘက် တစုံ၊
ဝိဂတ နဲ့ အဝိဂတ ဆန့်ကျင်ဘက် တစုံ၊
စသဖြင့်
မြတ်စွာဘုရားက နှစ်ခု နှစ်ခု ထပ်ဟောကြားခဲ့ရတာက အင်မတန် နက်နဲတဲ့ သဘောတရားတွေ ဖြစ်တော့ အဘိဓမ္မာသဘောတရားတွေ ရောထွေးမသွားရလေအောင်၊ အယူအဆတွေ လွဲမှားမသွားရလေအောင် အတ္ထိ ၊ နတ္ထိ၊ ဝိဂတ၊ အဝိဂတ တွေကို ထပ်ဆင့်ပြီး အထူးဟောပြော ခဲ့ရတယ်လို့ ဆိုပါတယ် ။

ဒီလောက်နဲ့ဘဲ ဝိဂတပစ္စယော ကို နားလည်လောက်ပြီ ထင်ပါတယ်။

- သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

- အခြားမဲ့ တဆက်ထဲဖြစ်၍ ကင်းပြီးကုန်သော စိတ် စေတသိက်ဖြစ်တဲ့ နာမ်တရားတို့သည်၊ မိမိတို့နောက်၌ တဆက်တည်း ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားတို့အား (ဝိဂတပစ္စည်း )ကင်းတဲ့အနေနှင့် ကျေးဇူးပြု၏ ။

------------------
မူရင်း. Page.. https://m.facebook.com/story.php?story_fbid=412267785593154&id=334976996655567

၂၂.. နတ္ထိပစ္စယောတိ

၂၂။ နတ္ထိပစ္စယောတိ

နတ္ထိပစ္စယ ဆိုတာ မရှိခြင်းဖြင့် ကျေးဇူးပြုတယ်၊ မရှိတော့တဲ့အခါကျမှ အထောက်အပံ့အနေနဲ့ ကျေးဇူးပြုတဲ့ သဘောပါ။

အတ္ထိ အကြောင်းကို နားလည်ရင် နတ္ထိ အကြောင်းကိုလည်း နားလည်ရလွယ်မှာပါ။
လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့စိတ်ဟာ တစိတ်ချင်းသာ ဖြစ်တယ်၊ နှစ်စိတ်ပြိုင်မဖြစ်ဘူးတဲ့၊ ဖြစ်တဲ့အခါ စိတ်နဲ့စေတသိက်ဟာ အုပ်စုလိုက်ဖြစ်တယ်၊ ပထမ အုပ်စုဖြစ်နေချိန်မှာ ဒုတိယအုပ်စု ဖြစ်ခွင့် မရှိဘူးတဲ့။

ဆိုပါစို့ -
စိတ် ဝီထိဖြစ်စဉ်မှာကြည့်
ပဉ္စဒွာရာဝဇ္ဇန်းစိတ် ဖြစ်နေတဲ့ အချိန်မှာ စက္ခုဝိ ညာဏ်စိတ် မဖြစ်သေးဘူး၊ သူချုပ်သွားမှ စက္ခုဝိ ညာဏ်စိတ်ဖြစ်တာ၊ စက္ခုဝိညာဏ်စိတ် ချုပ်သွားပြီးမှ သမ္ပဋိစ္ဆိုင်းစိတ်ဖြစ်တာ၊ သမ္ပဋိစ္ဆိုင်းစိတ်ချုပ်မှ သန္တီရဏစိတ် ဖြစ်ခွင့်ရတာ၊ အဲဒီလို ချုပ်သွားပြီးတဲ့နောက်မှ ဖြစ်တာကို နတ္ထိသတ္တိလို့ ခေါ်ပါတယ်။

ချုပ်သွားတဲ့ ရှေ့စိတ်ဟာ နောက်စိတ်ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေ ပေးခဲ့တာကို နတ္ထိပစ္စယောလို့ ဆိုချင်တာပါ။
နတ္ထိပစ္စယောနဲ့ ကျေးဇူးပြုတယ်ပေါ့။

နတ္ထိပစ္စည်းမှာ  ရုပ်တရားမပါပါဘူး။

အတ္ထိပစ္စည်းမှာတော့ ရှေ့မှာတင်ပြခဲ့သလို ရုပ် နာမ် အာရုံ အစုံပါဝင်ပါတယ်။

မြတ်စွာဘုရားက အတ္ထိပစ္စယော ဟောပြီးတဲ့အခါ အတ္ထိအဓိပ္ပါယ်ကို သေသေချာချာ နားမလည်ရင်  ရုပ် နာမ်ဟာ မြဲတယ် ပျက်တယ်လို့မရှိဘူးလို့ ယူဆပြီး သဿတဒိဌိ ဖြစ်သွားအမှာစိုးလို့  နတ္ထိပစ္စယကို ဟောကြားပြီး၊ တဖန် အနန္တရ သမ္မနန္တရပစ္စည်းနဲ့ စုတိပြီးပဋိသန္ဓေဖြစ်တာကို မမြင်နိုင်လို့ ရုပ်တွေ နာမ်တွေဟာ တဘဝပါဘဲ၊ သေရင်ပြတ်သွားတာဘဲလို့ ဥစ္ဆေဒဒိဌိဖြစ်ပေါ်မှာစိုးလို့ အတ္ထိပစ္စည်းကို ဟောပြခဲ့တယ်လို့ ဆိုပါတယ်။

အတ္ထိ -ရှိတာလဲဟုတ်တယ်၊ ရှိပြီးတော့လည်း ပျက်သွားတာဘဲ ဆိုတာ နတ္ထိပစ္စယောပါ။

- သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော ။

- အခြားမရှိ တဆက်ထဲဖြစ်ပြီး ပျက်သွားသော စိတ်စေတသိက် နာမ်တရားတို့သည်၊ မိမိတို့နောက်မှ ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားတို့အား မရှိခြင်း(နတ္ထိ) သတ္တိဖြင့် ကျေးဇူးပြု၏ ။

------------------
မူရင်း page. https://m.facebook.com/story.php?story_fbid=408895325930400&id=334976996655567

၂၁.. အတ္ထိပစ္စယောတိ

၂၁။ အတ္ထိပစ္စယောတိ

အတ္ထိပစ္စယော ဆိုတာ ပစ္စုပ္ပန်ခဏ တကယ်ထင်ရှားရှိနေတဲ့အခိုက်အတန့်မှာ အထောက်အကူပြုနေတဲ့ပစ္စည်းကို အတ္ထိပစ္စည်း လို့ဆိုပါတယ်။
အကြောင်းတရားကလည်း ထင်ရှားရှိနေ၊ အကျိုးပြုရမည့် သဘာဝတရားကလည်း ထင်ရှားရှိနေဆဲမှာ ကျေးဇူးပြုကြတာပါ။

ရှိနေခိုက်မှာသာ ကျေးဇူးပြုတယ်၊ မရှိတော့ရင်တော့ ကျေးဇူးမပြုကြတော့ဘူးပေါ့။

အတ္ထိပစ္စည်းကို အပိုင်း ၅-ပိုင်းနဲ့ ခွဲပြတာလည်းရှိပါတယ်-

၁- သဟဇာတအတ္ထိ
     Born together.  အတူတကွဖြစ်
၂- ပုရေဇာတအတ္ထိ
      Born earlier.    ကြိုတင်ဖြစ်နှင့်ထား
၃- ပစ္ဆာဇာတအတ္ထိ
     အကြောင်းတရားက နောက်က၊ အကျိုးတရားက ရှေ့က
၎-  အာဟာရအတ္ထိ
     သြဇာရုပ်၏ အာဟာရအတ္ထိ သတ္တိ
၅- ဣနြ္ဒိယအတ္ထိ
     ရူပဇီဝိတိနြ္ဒိယ၊ ကမ္မဇရုပ်ရဲ့အသက်

ဒီ ၅-မျိုး ရှိပေမဲ့ ပစ္စယနိဒ္ဒေသမှာ မကျဉ်းမကျယ်  သဟဇာတအတ္ထိနဲ့ ပုရေဇာတအတ္ထိ  ၂-မျိုးဘဲ
ဟောပါတယ်။

ဟောတဲ့အခါမှာလည်း လွယ်ကူအောင် အပိုင်း ၇-ပိုင်း ခွဲဟောထားပြန်တာပါ။

၁။ နာမ်ခန္ဓာ ၄ ပါး

- စတ္တာရော ခန္ဓာ အရူပီနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။

-ဝေဒနာ သညာ သခါင်္ရ ဝိညာဏလို့ ဆိုတဲ့ နာမ်ခန္ဓာ ၄ ပါးသည် အပြန်အလှန် ၁ ပါးက ၃ ပါးကို၊ ၃ ပါးက ၁ ပါးကို၊ ၂ ပါးက ၂ ပါးကို အတ္ထိသတ္တိဖြင့် အထောက်အကူပြုကြ၏။
(သဟဇာတအတ္ထိ )

၂။ မဟာဘုတ် ၄ ပါး

- စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

- ပထဝီ တေဇော အာပေါ ဝါယော ဓာတ်ကြီး၎ ပါးသည် ၁ ပါးက ၃ ပါးကို၊ ၃ ပါးက ၁ ပါးကို၊ ၂ ပါးက ၂ ပါးကို အပြန်အလှန် အတ္ထိပစ္စည်းတရားဖြင့် အထောက်အကူပြုကြ၏။
( သဟဇာတအတ္ထိ )

၃။ နာမ်ရုပ်ပိုင်း

သြက္ကန္တိက္ခဏေ နာမရူပံ အညအညံ အတ္ထိပစ္စယေန ပစ္စယော။

ပဋိသန္ဓေစိတ်ဖြစ်ခိုက် နာမ်နှင့်ရုပ်တို့သည် အတူရှိနေကြပြီး အပြန်အလှန် အတ္ထိသတ္တိဖြင့် ကျေးဇူးပြုကြ၏။
( သဟဇာတအတ္ထိ )

၎။ စိတ် စေတသိက်ပိုင်း

- စိတ္တစေတသိကာဓမ္မာ စိတ္တသမုဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

- စိတ်စေတသိက်တရားတို့သည် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်(စိတ္တဇရုပ်)တွေကို ရှိခိုက် အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(သဟဇာတအတ္ထိ )

၅။ မဟာဘုတ်နဲ့ ဥပါဒါရုပ်

- မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

မဟာဘုတ်တွေကလည်း ရှိနေခိုက်မှာ ဥပါဒါရုပ် ( ဝဏ္ဏ ဂန္ဓ ရသ သြဇာ ) တို့ကို အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(သဟဇာတ အတ္ထိ )

၆။ အာယာတနပိုင်း

(က)အတွင်း အာယတန  -
        မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊
    ( ဒီအပိုင်းကို ဝထ္ထု ပုရေဇာတအတ္ထိ လို့ ဆိုပါတယ်)

(ခ) အပြင် အာယတန  -
         အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊
     ( ဒီအပိုင်းကို အာရမ္မဏပုရေဇာတအတ္ထိ လို့ ဆိုပါတယ်)

(က) အတွင်း အာယတနအတ္ထိ -

- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

-မျက်စိအကြည် စက္ခုပသာဒရုပ်ဟာ စက္ခုဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အတ္ထိသတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတအတ္ထိ )

- သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

-နားအကြည်   သောတပသာဒရုပ်ဟာ သောတ ဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အတ္ထိသတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတအတ္ထိ )
   
-ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

နှာခေါင်းအကြည်   ဃာနပသာဒရုပ်ဟာ နံသိဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အတ္ထိသတ္တိဖြင့် ကျေးဇူးပြု၏။
( ပုရေဇာတအတ္ထိ )

- ဇိဝှာယတနံ ဇီဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

လျှာအကြည် ဇိဝှာပသာဒရုပ်ဟာ အရသာသိမှုဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အတ္ထိသတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတအတ္ထိ )

- ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

ကိုယ်ခန္ဓာ ကာယပသာဒရုပ်ဟာ ကာယဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အတ္ထိသတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတအတ္ထိ )

(ခ)အပြင် အာယတန အတ္ထိ -

- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။
- သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။
- ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။
- ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ ..
. သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။
- ဖောဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

-အဆင်း အသံ အနံ့ အရသာ အထိအတွေ့ တို့်သည် မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျှက်သိစိတ် ထိသိစိတ်တို့ဖြစ်ပေါ်ရန် ၄င်းတို့၏ ယှဉ်ဘက်တရားအပေါင်းနှင့်အတူ ရှိခိုက် အတ္ထိသတ္တိဖြင့် ကျေးဇူးပြုကြ၏။

- ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော ။

- အဆင်း အသံ အနံ့ အရသာ ထိတွေ့မှု စသည့် အာယတန တရားအပေါင်းတို့သည် ကြိုတင်ဖြစ်နှင့်ပြီး မနောဝိညာဏ်စိတ်တို့အား ရှိခိုက် အတ္ထိပစ္စယသတ္တိ ဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတအတ္ထိ )

၇။ ဝထ္ထုရုပ်ပိုင်း

စိတ်စေတသိက်တို့ တည်မှီရာ ဝထ္ထုသည် ကြိုတင်ဖြစ်နှင့်ပြီး မနောဓာတ်တို့ ရှိခိုက်/ ပေါ်ခိုက် အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုတာပါ။
( ရုပ် ပုရေဇာတအတ္ထိ)

-ယံ ရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္တိပစ္စယေန ပစ္စယော။

- အကြင်ရုပ် (ဟာဒယဝထ္ထုရုပ်ဟုလည်း ဖွင့်ဆိုသည် )  ကို အမှီပြုလျက် မနောဓာတ်တို့၊ မနောဝိညာဏဓာတ်တို့ ဖြစ်ကြရ၏။ ထို ရုပ်၊ ထို မနောဓာတ်၊ ထို မနောဝိညာဏဓာတ်တို့သည် အတူယှဉ်တွဲ ရှိကြခိုက်တွင် အတ္ထိသတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။

-----------------
မူရင်း page. https://m.facebook.com/story.php?story_fbid=404985806321352&id=334976996655567

၂၀. ဝိပ္ပယုတ္တပစ္စယော

၂၀။ ဝိပ္ပယုတ္တပစ္စယောတိ

ဝိပ္ပယုတ္တပစ္စယော ဆိုတာ သမ္ပယုတ္တပစ္စယောနဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ် ယူရမှာဖြစ်ပါတယ်။
ပဌာန်းပစ္စည်းတွေမှာ ဒီလို  အစုံအစုံလေးတွေ ရှိကြပါတယ်။

ကမ္မပစ္စယော၊ ဝိပါကပစ္စယော
ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော
သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော၊ နတ္ထိပစ္စယော
ဝိကတပစ္စယော၊ အဝိဂတပစ္စယော...တွေပါ။

သမ္ပယုတ္တပစ္စယောက အတူတကွနေကြပြီး ရေနဲ့နွားနို့ရောသလို တသားတည်း ပေါင်းစပ်သွားတာမျိုးပါ။ မကွဲပြားတော့ပါဘူး၊
ဝိပ္ပယုတ္တပစ္စယောကတော့ အတူတကွ တည်ရှိကြသော်လည်း တသားတည်း မပေါင်းစပ်ဘဲ ရေနဲ့ဆီ ရောစပ်ထားသလို သီးသန့်စီ ကိုယ့်အလုပ် ကိုယ်လုပ်သွားကြတာလို့ ဆိုပါတယ်။

ဝိပ္ပယုတ္တပစ္စယော- မှီရာဝထ္ထုချင်း တူချင်မှတူမယ်၊ အာရုံပြုတာချင်း တူချင်မှတူမယ်၊ ဖြစ်တဲ့အချိန်ကာလ တူချင်တူမယ်၊ ပျက်တဲ့အချိန်ကာလ တူချင်တူမယ်၊ ပေါင်းစပ်လို့မရပါဘူး။
သဘာဝချင်းကို မတူညီကြလို့ပါ။
ဥပမာ-
နာမ်နဲ့ရုပ်တို့ဟာ သဘာဝချင်းမတူညီကြပါဘူး။
ဘယ်လိုကွဲပြားခြားနားသလဲဆိုတော့ ရုပ်က အာရုံကို အာရုံပြုနိုင်စွမ်းမရှိဘူး သိနိုင်စွမ်းမရှိပါဘူး၊ နာမ်ကတော့ အာရုံကို ပြုနိုင်စွမ်း သိနိုင်စွမ်းရှိတယ်၊ ရုပ်က အဖြစ်အပျက် နှေးတယ် အပြောင်းအလဲ နှေးတယ်၊ နာမ်က အဖြစ်အပျက်မြန်တယ် အပြောင်းအလဲ မြန်တယ်။
ဒီလို သဘာဝတွေ မတူကြပေမဲ့ အတူတကွတော့ တည်ရှိနေကြပြီး အထောက်အကူပြုနေကြတယ်။
တူမှ အထောက်အကူပြုကြတာ မဟုတ်၊ မတူတဲ့အရာတွေကလည်းဘဲ မတူတဲ့ အရာတွေကို အထောက်အကူ ပြုနိုင်ကြတယ်လို့ ဆိုပါတယ်။

-ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော ။
-ရုပ်တရားတွေဟာ နာမ်တရားတွေကို ဝိပ္ပယုတ္တပစ္စည်းတရားဖြင့် ကျေးဇူးပြု၏ ။

ဘယ်လိုကျေးဇူးပြုပါသလဲ  ?

ဘဝတခု အစပြုတဲ့အခါ ပဋိသန္ဓေစိတ်နဲ့ အစပြုပါတယ်၊ ပဋိသန္ဓေစိတ်နဲ့ ကမ္မဇရုပ်တို့ တပြိုင်နက်ပေါ်ကြတယ်၊ ပဋိသန္ဓေစိတ်က နာမ်၊ ကမ္မဇရုပ်က ရုပ်၊ ဒီ ကမ္မဇရုပ်ကို ဟာဒယရုပ်လို့လည်း ခေါ်ပါတယ်၊ ဒါတွေကို ကံက ဖန်တီးလိုက်တာပါ။
ဒီ ဟာဒယဝထ္ထုရုပ်ကလေးဟာ ပဋိသန္ဓေနာမ်လေးနဲ့ အတူတကွဖြစ်လာသော်လည်း ပေါင်းစပ်လို့မရလို့ ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါကို သဟဇာတဝိပ္ပယုတ်လို့ ခေါ်ပါတယ်။

ပဋိသန္ဓေစိတ်ဖြစ်ပြီးနောက်တော့ နောက်စိတ်တွေကို ဘဝင်စိတ် လို့ ခေါ်ပါတယ်။
ဘဝတခုလုံးမှာ ဝီထိစိတ်တွေ မလာသမျှ ပဋိသန္ဓေစိတ်၊ ဝီထိစိတ်၊  စုတိစိတ် တွေ မပြတ်ဖြစ်နေတာပါ။ ( ထို ၃ မျိုးကလည်း အမည်သာကွဲတာ တစိတ်ထဲလို့ ဆိုပါတယ်)
ဒါပေမဲ့ ဝီထိစိတ်တွေက အိပ်နေတဲ့အချိန်က လွဲလို့ အချိန်တိုင်း မြင်တိုင်း ကြားတိုင်း သိတိုင်း လွှမ်းမိုးထားတာပါ။

အဲဒီ ဟာဒယဝထ္ထုက ပထမဘဝင်စိတ်ကို အထောက်အကူပြုတဲ့အခါ ( ကြိုတင်ပြီး ဟာဒယဝထ္ထုကဖြစ်ထားလို့) ပုရေဇာတဝိပ္ပယုတ် လို့ခေါ်ပြန်ပါတယ်။

နောက်တခု-

-အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
- နာမ်တရားကလည်း ရုပ်တရားကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြု၏ ။

ဘယ်လိုပြုသလဲ  ?

နာမ်တရားလို့ဆိုလိုက်တာနဲ့ ရုပ်ကိုထုတ်လုပ်တဲ့ နာမ်တရားပေါင်း ၇၅- ခု ရှိတယ်လို့ ဆိုပါတယ်။
စိတ်ပေါ်လာတာနဲ့ တပြိုင်နက် စိတ္တဇရုပ်ကို ထုတ်ပြီးသားပါ။
ပဋိသန္ဓေစိတ်ကတော့ ရုပ် မထုတ်ပါဘူးတဲ့။

ပထမဘဝင်စိတ်မှာဘဲ သူထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်က တပြိုင်နက် ဘွားကနဲပေါ်တယ်၊ ဒါပေမဲ့ စိတ်နဲ့ ပြိုင်တူဖြစ်သော်လည်း ပေါင်းစပ်နေတာမဟုတ်လို့ သဟဇာတဝိ ပ္ပယုတ် လို့  ဆိုပါတယ်။

ထို့အတူဘဲ နောက်မှဖြစ်တဲ့ စိတ်တွေကလည်း ရှေ့ကကြိုတင်ဖြစ်နေတဲ့ ရုပ်တွေကို ( ဥတုဇရုပ် အာဟာရဇရုပ်များ အပါအဝင်)အပြန်အလှန် လှမ်းပြီးအထောက်အကူပြုနေကြလို့ ဒါကို ပစ္ဆာဇာတဝိပ္ပယုတ် လို့ ဆိုပါတယ်။

ထို့အတူ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ် စတဲ့ ပဉ္စဒွါရဝဇ္ဇန်းနောက်မှာ ပေါ်လာမဲ့စိတ်တွေမှာတော့ စက္ခုသောတ စသည့် ဝထ္ထုများက ရှေးဦးရှိနှင့်ပြီးလို့ ထို ထို စိတ်များ ပေါ်တဲ့အခါ ပုရေဇာတဝိပ္ပယုတ် ဆိုပါတယ်။

ဒီနေရာမှာ စိတ်ရဲ့မှီရာဖြစ်တဲ့ ဝထ္ထုရုပ်နဲ့ စိတ်ကိုသာ ဝိပ္ပယုတ်လို့ ဟောပြီး စိတ်က အာရုံပြုသော ရုပ်အာရုံကိုတော့ ထဲ့မဟောထားပါဘူး၊ ဘာကြောင့်ဆိုရင်  အာရုံရုပ်သည် အပြင်ကလာတာကြောင့်
အစကတည်းက မရောစပ် မပေါင်းစပ်တဲ့ အရာတွေဖြစ်လို့ပါ။

ဒါကတော့ ရုပ်တရားတွေက နာမ်တရားတွေကို၊ နာမ်တရားတွေက ရုပ်တရားတွေကို ယှဉ်တွဲဖြစ်ပေါ်ကြသော်လည်း မရော မစပ် မပေါင်းစပ်ကြဘဲ အပြန်အလှန် အထောက်အကူပြုကြ ကျေးဇူးပြုကြသော ဝိပ္ပယုတ္တပစ္စည်းတရားများဖြစ်ပါတယ်။

-ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
-ဟာဒယဝထ္ထုရုပ်သည် သန္ဓေစိတ်စေတသိက်တို့ကို ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏ ။

-အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
-နာမ်တရားတို့ကလည်း ရုပ်တရားတို့ကို ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏ ။  ။

-------------------
မူရင်း. Page. https://m.facebook.com/story.php?story_fbid=402133736606559&id=334976996655567