၁၇။ ဈာနပစ္စယောတိ
- ဈာနဆိုတာ အာရုံကိုစူးစိုက်ပြီး မှတ်နေခြင်း၊ အာရုံကိုစူးစိုက်ပြီးကြည့်ခြင်း လို့ ဆိုပါတယ်။
စိတ်နဲ့ အာရုံ ကပ်ပြီးတော့ စဉ်ဆက်မပြတ် စိတ်ဟာ အာရုံတခုအပေါ်မှာ ကပ်ထားသလို၊ အာရုံပေါ်မှာ စိတ်ဟာ ထပ်တလဲလဲ ဖြစ်နေတာပါ။
ဈာနဆိုတာ ၀ိတက် ၀ိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ အပေါင်းအစုကို ခေါ်တာဖြစ်ပြီး၊ ဒီသဘာဝ ငါးခုကို - ဈာနင်္ဂ၊ ဈာနအင်္ဂ -အစုအပေါင်းရဲ့အစိပ်အပိုင်း တွေလို့ ဒီလိုဆိုပါတယ်။
၁။ ၀ိတက် -
ဝိတက်သည် စိတ်ကို အာရုံသို့ တင်ပေးခြင်းအမှတ်လက္ခဏာရှိတယ်။
အကောင်းအဆိုး ၃ မျိုးစီရှိတယ်။
(က) ကာမဝိတက်
မျက်စိ နား နှာ လျှာ ကိုယ် နဲ့ ထိတွေ့တဲ့ အာရုံကို နှစ်သက်တဲ့ ကာမစ္ဆန္ဒ၊ လိုလားမှု ကာမစ္ဆန္ဒနီဝရဏ။
(ခ) ဗျာပါဒဝိတက်
စိတ်ထဲမှာ အလိုမကျမှု၊ မုန်းတီးမှု၊ အမျက်ဒေါသ။
( ဂ ) ၀ိဟိံသာဝိတက်
တဖက်သားအပေါ် ညှင်းဆဲ၊ သတ်ဖြတ်လိုမှု ။
......ဒါတွေက မကောင်းတဲ့ဘက်ကပါ။
ကောင်းတဲ့ဘက်ကလည်း
(က)နေက္ခမ္မ၀ိတက်
လိုချင်စရာအာရုံတွေကို စွန့်လွတ်တာ၊
(ခ) အဗျာပါဒ၀ိတက်-
အမုန်း ဒေါသဖျောက်ကာ သည်းခံ၊ ခွင့်လွတ်တာ၊
(ဂ) အ၀ိဟိံသာဝိတက်
သနား ကြင်နာ ဂရုဏာတရားတွေ ပွားများတာ၊
.......တွေပါ။
၂။ ၀ိစာရ-
အာရုံတခုအပေါ်မှာ အထပ်ထပ် အဖန်ဖန် ရစ်ဝဲနေတာ၊ သုံးသပ်နေတာ။
၃။ ပီတိ-
ထို အာရုံပေါ်မှာ ကျေနပ် ပီတိဖြစ်နေတာ။
၎။ သုခ-
ထို အာရုံရဲ့ အရသာကို ခံစားသိရှိနေတာ။
၅။ ဧကဂ္ဂတာ-
ထို အာရုံပေါ်မှာ စိတ်ငြိမ်ကျနေတာ။
အဲဒီ ငါးခု တညီတညွတ်တည်း ဟန်ချက်ညီညီ အာရုံတခုပေါ်မှာ အလုပ်လုပ်နေပြီဆိုရင် ဈာနဖြစ်တယ် ( ဈာနင်္ဂ) လို့ ဆိုပါတယ်။
ဈာနကို ဈာန်လို့ဘဲ ပြန်ဆိုပါတယ်။
ဈာန်ပျံတယ်၊ ဈန်ဝင်စားတယ်ဆိုရင် ကောင်းကင်ခရီးနဲ့ ဈာန်ပျံတယ် မြေလျှိုးမိုးပျံတာလို့ တချို့က ထင်မြင်ကြပါတယ်။ ဈာန်တိုင်း ပျံလို့မရပါဘူး၊ အဘိညာဏ်တန်ခိုးရမှ ဖန်ဆင်းပြီး ကောင်းကင်မှာပျံနိုင်တာလို့ ဆိုပါတယ်။
စိတ်တခုရဲ့သက်တမ်းဟာ အင်မတန်တိုတောင်းပြီး ဥပါဒ် ဌီ ဘင် ဆိုပြီး ဖြစ် တည် ပျက် အချိန်ပိုင်းကလေးဘဲ ရှိတာ၊ ဈာန်ဆိုတဲ့ အနေအထားရောက်ပြီ ဆိုတာနဲ့ တခြားအာရုံတွေ အားလုံး မေ့ထားပြီး အာရုံတခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာကို ဈာန်ဝင်စားတယ် (ကပ်၍ ရှုတာ) ခေါ်ပါတယ်။
ဈာန်ဆိုတာ ကောင်းတဲ့စိတ်နဲ့လည်း အာရုံကို စူးစိုက်ရှုတတ်တယ်၊ မကောင်းတဲ့စိတ်နဲ့လည်း စူးစိုက်ရှုတတ်တယ်။ စူးစိုက်ရှုမှုသာ အဓိကပါ။
ဒါကြောင့် အာရုံကိုစူးစိုက်ရှုတာနဲ့ ပတ်သက်ရင် ဈာန်အင်္ဂါ ၇-မျိုး၊ သမထကျင့်စဉ်နဲ့ ပတ်သက်ရင် ဈာန်အင်္ဂါ ၅-မျိုး ဆိုပြီး ခွဲဟောထားပါတယ်။
အာရုံနဲ့ ပတ်သက်ရင်
သတ္တဈာနင်္ဂါနိ - ဆိုတဲ့ ဈာန်အင်္ဂါ ၇-ခုက -
ဝိတက်
ဝိစာရ
ပီတိ
ဧကဂ္ဂတာ
သောမနဿ
ဒေါမနဿ
ဥပေက္ခာ ...ဆိုပြီး၊ ဒီအထဲမှာ
အကုသိုလ်တွေပါနေပါတယ်။
တဖန် သမာဓိထူထောင်ခြင်းနဲ့  တရားအားထုတ်တဲ့အခါမှာတော့ အထက်မှာ ဖေါ်ပြခဲ့တဲ့ ဈာန်အင်္ဂါ ၅-ပါးကို အဆင့်ဆင့်မြှင့်တင်ပြီး ဆောင်ရွက်ရပါတယ်။
-ဆိုခဲ့တဲ့ အင်္ဂါငါးပါးပြည့်စုံနေရင် ပဌမဈာန်၊
-၀ိတက်ဖြုတ်ရှုနိုင်တဲ့အဆင့်ရောက်ရင် ဒုတိယဈာန်၊
-၀ိတက်၊ ၀ိစာရဖြုတ်ရှုနိုင်တဲ့အခါ တတိယဈာန်၊
-၀ိတက်၊ ၀ိစာရ၊ ပီတိဖြုတ်ရှုတဲ့အခါ စတုထ္ထဈာန်၊
-ကျန်တဲ့ သုခ နဲ့ ဧကဂ္ဂတာမှာ
သုခကိုဖြုတ်လိုက်တဲ့အခါ ဥပက္ခာဝေဒနာနဲ့ ဧကဂ္ဂတာ ဖြစ်ပြီး အာရုံအပေါ်မှာ ခံစားမှု မထင်ရှားဘဲ စိတ်တည်ငြိမ်မှု ရပြီး ပဉ္စမဈာန်တက်ရပါတယ်။
ဝေဒနာမပါဘဲ ပဉ္စမဈာန်ထက်တော့ ဆက်မတက်နိုင်တော့ပါဘူး၊ ရှေ့ဆက်တက်ချင်ရင်တော့ အရူပဈာန်အဆင့်တက်ရမှာပါ။
ဒါကြောင့် တရားစခန်းသွား တရားအားထုတ်တဲ့အခါ ဒီနေ့ ဒီရက်အတွက် ကာမစ္ဆန္ဒနီဝရဏတွေ စွန့်လွတ်ပြီး တရားထိုင်တဲ့အခါ ကောင်းတဲ့ဝိတက်ဖြစ်ပေါ်ခွင့် ရကာ ကောင်းတဲ့ ၀ိစာရ အရှိန်ကောင်းရလို့ ပီတိခံစားရပါတယ်။ ဒီ ပီတိကို ခွာပြီး ရှုတဲ့အခါ သုခရောက်ပြီး အာရုံကို နှစ်သက်တဲ့ တတိယ ဈာန်ချမ်းသာကို ခံစားရမှာပါ။ ဒါပေမဲ့ ဒါဟာ နိဗ္ဗာန်ချမ်းသာ မဟုတ်သေးပါဘူး။ ဈာနသုခပါ။
သာသနာပ ခောတ်က ၀ိပဿနာတရားအားထုတ်တာ မရှိသေးတော့ ဈာန်တရားဘဲ အားထုတ်ခွင့်ရလို့ ဈာန်ချမ်းသာကိုဘဲ နိဗ္ဗာန်လို့ ထင်မှတ်မှားခဲ့ကြပါတယ်။
အခု ဈာနပစ္စယော က ကုသိုလ်နဲ့လည်း ဆိုင်တယ်၊ အကုသိုလ်နဲ့လည်းဆိုင်တဲ့ ပစ္စည်းတရားလို့ ဒီလိုမှတ်ရပါမယ်တဲ့။
ဒါပေမဲ့ ဒွေပဉ္စ၀ိညာဏ်လို့ ခေါ်တဲ့ မြင်စိတ် ကြားစိတ် နံစိတ် လျက်သိစိတ် ထိသိစိတ်တွေမှာဖြစ်တဲ့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခာဝေဒနာတွေ ကျတော့ စူးစိုက်ရှုနိုင်တဲ့ စွမ်းရည်သတ္တိ မရှိကြလို့ ဈာန်အင်္ဂါ မဖြစ်ဘူးလို့ ပဌာန်းတရားမှာ ဆိုထားပါသေးတယ်။
--------------------
-ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။
- ၀ိတက်
ဝိစာရ
ပီတိ
ဝေဒနာ
ဧကဂ္ဂတာ လို့ဆိုတဲ့ ဈာန်တရား ၅-ပါးတို့သည် -
( တနည်းအားဖြင့် )
ဝိတက်
ဝိစာရ
ပီတိ
ဧကဂ္ဂတာ
သောမနဿ
ဒေါမနဿ
ဥပေက္ခာ ...ဆိုတဲ့ ဈာန်အင်္ဂါ ၇-ပါးတို့သည် -
ဈာန်နှင့်ယှဉ်တွဲလျှက်ဖြစ်ကြကုန်သော စိတ် စေတသိက်တရားတို့အားလည်းကောင်း၊ ထို စိတ် စေတသိက်တရားတို့ကြောင့် ဖြစ်ပေါ်လာသော ရုပ်တရားတို့အားလည်းကောင်း၊ ဈာနပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။ ။
-------------------
မူရင်း page.. https://m.facebook.com/story.php?story_fbid=391392307680702&id=334976996655567
No comments:
Post a Comment