၁၈။ မဂ္ဂပစ္စယောတိ
မဂ္ဂဆိုတာ သာမန်အားဖြင့် လမ်းကြောင်းလို့ ဆိုပါတယ်။
မဂ္ဂပစ္စယောဆိုတဲ့နေရာမှာ မဂ္ဂ ဟာ မဂ် ဖိုလ် နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းတင် မဟုတ်တော့ဘဲ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် အပါယ်လေးဘုံ သွားရာလမ်းကြောင်း အားလုံး ပါဝင်ပါတယ်။
ဥပမာ သမထကျင့်စဉ် ကျင့်လို့ ဈာန်ရလာတယ်ဆိုရင် အဲဒီဈာန်တရားဟာ ဗြဟ္မာပြည် သွားရာလမ်းကြောင်းဘဲ၊ ဒါန သီလ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကြောင့် နတ်ပြည် ရောက်ရတယ်၊ ဒါလည်း သုဂတိဘုံတွေရောက်ရာ လမ်းကြောင်းဘဲ။
ဓမ္မစင်္ကြာတရားမှာ ဟောတဲ့ မဂ္ဂ ကတော့ "အရိယော အဌင်္ဂိကော မဂ္ဂော" ဆိုတဲ့အတွက် အရိယာတို့ရဲ့ အင်္ဂါ ၈-ပါးနဲ့ပြည့်စုံတဲ့ လမ်းကြောင်း လို့ ဒီလိုဆိုပါတယ်။
အရိယာမဂ္ဂင်က ၈-ပါး ရှိပါတယ်။
သာမာန်မဂ္ဂင်က ၁၂-ပါး ရှိကြပါတယ်။
အရိယာမဂ္ဂင် ၈-ပါး
-----------------
၁။ သမ္မာဒိဌိ
၂။ သမ္မာသင်္ကပ္ပ
၃။ သမ္မာဝါစာ
၎။ သမ္မာကမ္မန္တ
၅။ သမ္မာအာဇီဝ
၆။ သမ္မာဝါယမ
၇။ သမ္မာသတိ
၈။ သမ္မာသမာဓိ ....တွေပါ။
သာမာန်မဂ္ဂင် ၁၂-ပါး
-----------------
သုတ္တာန်ပါဠိတော်တွေမှာတော့
သမ္မာမဂ္ဂင် ၈-ပါး၊
မိစ္ဆာမဂ္ဂင် ၈-ပါးဆိုပြီး
၂ မျို ခွဲခြားပြီး ဟောထားပါသေးတယ်။
အပေါ်က သမ္မာမဂ္ဂင် ၈--ပါးနဲ့
မိစ္ဆာမဂ္ဂင် ၈-ပါးဖြစ်ကြတဲ့
မိစ္ဆာဒိဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ မိစ္ဆာဝါယမ မိစ္ဆာသတိ မိစ္ဆာသမာဓိ တွေပါ။
အခုအဘိဓမ္မာတရားမှာတော့
မိစ္ဆာမဂ္ဂင် ၈-ပါးထဲက -
မိစ္ဆာဒိဌိ
မိစ္ဆာသင်္ကပ္ပ
မိစ္ဆာဝါယမ
မိစ္ဆာသမာဓိ
ဒီ ၄-မျိုးဘဲ ယူနိုင်တဲ့အတွက်
သမ္မာမဂ္ဂင်က ၈-ပါး၊
မိစ္ဆာမဂ္ဂင်က ၄-ပါး၊
စုစုပေါင်း ၁၂-ပါး ပါ။
--------------
မဂ္ဂပစ္စယမှာတော့ မဂ္ဂင် ၁၂-ပါးကိုဘဲ ဟောပါတယ်။
ဒီ မဂ္ဂင် ၁၂-ပါးမှာလည်း တရားကိုယ်ပြန်ကောက်ရင်-
၁။ သမ္မာဒိဌိက - ပညာ ( ပညိနြေ္ဒစေတသိက် )
၂။ သမ္မာသင်္ကပ္ပနဲ့ မိစ္ဆာသင်္ကပ္ပက - ဝိတက်
၃။ သမ္မာဝါစာက - ဝိရတီ
၎။ သမ္မာကမ္မန္တက -ဝိရတီ
၅။ သမ္မာအာဇီဝက - ဝိရတီ
၆။ သမ္မာဝါယမနဲ့မိစ္ဆာဝါယမက - ဝီရိယ
၇။ သမ္မာသတိက - သတိ စေတသိက်
၈။ သမ္မာသမာဓိနဲ့ မိစ္ဆာသမာဓိက - ဧကဂ္ဂတာ
၉။ မိစ္ဆာဒိဌိက - ဒိဌိ စေတသိက်
.....ဆိုပြီး ( ၉ ) ပါးဘဲရှိပါတယ်။
ပဌာန်းတရားမှာ ဒီ ၉-မျိုးကိုဘဲ မဂ္ဂပစ္စယောလို့ ဟောပါတယ်တဲ့။
"ကောင်းဆိုး တရား
မဂ္ဂင်များက
ဖြစ်ပွား တူပြန်
ရုပ်နှင့်နာမ်ကို
ဧကန်မျော်ရှု
လမ်းကြောင်းမှုဖြင့်
ကျေးဇူးပြုငြား
မဂ္ဂပစ္စည်းတရားအားလည်းကောင်း" .. ဒီလိုဆိုပါတယ်။
မဂ္ဂရဲ့အင်္ဂါဖြစ်ကြတဲ့ ဒီတရား ၉-ပါးဟာ သူတို့နဲ့ယှဉ်တွဲလာတဲ့တရားတွေကိုလည်းပဲ သူ့သဘောသူဆောင်စေပြီး ကောင်း ဆိုးနှစ်တန် လမ်းကြောင်းပေးတယ်လို့ ဆိုတာပါ။ မိစ္ဆာဒိဌိက ကျေးဇူးပြုရင် မှားတဲ့လမ်းကြောင်း အပါယ်လမ်းသွားပြီး သမ္မာဒိဌိ ကျေးဇူးပြုရင် ကုသိုလ်လမ်းပေါက် နိဗ္ဗာန်စခန်းရောက် နိုင်ပါတယ်တဲ့။
ကမ္မဌာန်းတရားအားထုတ်ရင် သမ္မာဒိဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ ဆိုတဲ့ ဒီ ငါးပါးကပေါင်းပြီး လမ်းခင်း လုပ်တာပါ၊
ဥပမာ ဝင်လေထွက်လေကို စဉ်ဆက်မပြတ် သိနေအောင်ကြိုးစား(သမ္မာဝါယမ)၊ ထွက်လေဝင်လေကို သတိစိုက်နေ( သမ္မာသတိ)၊ ဝင်လေထွက်လေအပေါ်မှာ စိတ်တွေ တဆက်တည်း ကျနေတာ(သမ္မာသမာဓိ)၊ ဝင်လေထွက်လေရဲ့ သဘာဝအစစ်အမှန်ကို တွေးတော ကြံစည် ဆင်ခြင်တာက( သမ္မာသင်္ကပ္ပ)၊ သဘောလေးတွေမမြဲဘူးလို့ အမှန်သိ သိနေတာ(သမ္မာဒိဌိ)၊ သူတို့အားလုံး စုပေါင်းဖြစ်နေတာ သမ္မာမဂ္ဂင် ၅-ပါးအလုပ်ပါ။
ကျန် ၃-ပါးကတော့ ဒီ ၅-ပါးကို အကူအညီပေးထားတာ၊ အခြေအနေကောင်းတခု ဖန်တီးပေးနေတာလို့ ဆိုပါတယ်။
အဲဒီ သဘာဝတရားတွေဟာ ဆိုင်ရာ ဆိုင်ရာ လမ်းကြောင်းသဖွယ်ဖြစ်သလို သူတို့နဲ့ယှဉ်တွဲတဲ့ စိတ်၊ ထို စိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေကိုလည်း ဆိုင်ရာ ဆိုင်ရာ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတယ်၊ အထောက်အကူပြုတယ်ဆိုတာ မဂ္ဂပစ္စည်းတရားပါ။
ပဌာန်းမှာတော့ ဒီလို တိုတိုဘဲ ဆိုထားပါတယ်-
- မဂ္ဂင်င်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။
မဂ္ဂင်္ဂါနိ လို့ဆိုတဲ့ မဂ္ဂင် ၉-ပါးတရားတို့သည်
မဂ္ဂနှင့်ယှဉ်တဲ့ စိတ် စေတသိက်တရား တို့အားလည်းကောင်း၊ ထို မဂ္ဂနှင့်ယှဉ်တဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တ္တဇရုပ်တရားတို့အား လည်းကောင်း၊ မဂ္ဂသတ္တိဖြင့် ကျေးဇူးပြု၏။ ။
-------------------------
မူရင်း page..https://m.facebook.com/story.php?story_fbid=393593137460619&id=334976996655567
No comments:
Post a Comment