စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 11, 2017

၁၅.. အာဟာရပစ္စယော

၁၅။ အာဟာရပစ္စယောတိ

အာဟာရပစ္စည်းတရားကို ရုပ်အာဟာရနဲ့  နာမ်အာဟာရ ဆိုပြီး ၂-မျိုးခွဲ ဟောထားပါတယ်၊ သက်ဆိုင်ရာအကျိုးတရားတွေကို  လွန်စွာစွမ်းဆောင်နိုင်တဲ့ အကြောင်းတရားလို့ ဆိုပါတယ်၊ သာမန်ထက်ထူးကဲပြီး စွမ်းဆောင်တာပါ။
အာဟာရဆိုတာ စားတဲ့အစားအစာကိုသာ ခေါ်တာမဟုတ်ပါ၊ အကျိုးတရားကို အလွန်စွမ်းဆောင်ထားနိုင်တဲ့ တရားကိုလည်း ခေါ်ဆိုပါတယ်။
ရုပ်တရားတွေရဲ့ အာဟာရက သြဇာ၊
နာမ်တရားတွေရဲ့ အာဟာရက ဖဿ၊ စေတနာ၊ ဝိညာဉ် လို့ ပဌာန်းမှာ ဆိုပါတယ်။
----

(က)- ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။

- ကဗဠီကာရ ဆိုတဲ့ စားသောက်မြိုချရတဲ့ အဟာရမှာပါဝင်ကြတဲ့ သြဇာရုပ်တို့ဟာ ၊

-ဣမဿ ကာယဿ - ဤ ကမ္မဇကာယ၊ စိတ္တဇကာယ၊ ဥတုဇကာယ၊ အာဟာရဇကာယ၊ ဆိုတဲ့ ခန္ဓာကိုယ်ကြီးအား အထောက်အပံ့ပေးပြီး ကျေးဇူးပြုကြ၏။
-----

ရုပ် ၂၈-ခုမှာ သြဇာရုပ်ဆိုတာ ပါပါတယ်။
ဒီ သြဇာရုပ်ကို ကဗဠီကာရ အဟာရ ခေါ်တာပါ။
စတုဇသြဇာ လို့လည်းခေါ်ပြီး သြဇာ ၄-မျိုးကွဲပါသေးတယ်၊ သူတို့တွေက-
ကမ္မဇသြဇာ
စိတ္တဇသြဇာ
ဥတုဇသြဇာ
အာဟာရဇသြဇာ  တို့ဖြစ်ပြီး ဒါတွေက ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်ကြရတာပါ။

သြဇရုပ်ကို သြဇဌမကရုပ် လို့လည်းခေါ်သေးပြီး အဌကလာပ်မှာ ရှစ်ခုမြောက်ရုပ် ဖြစ်လို့ပါ။

ဥပမာ - ကမ္မဇလာပ်မှာ ပါတဲ့ စက္ခုဒသက ကလာပ်မှာ ရုပ် ၁၀-ခုပါပါတယ်။
သြဇာရုပ်ပါတဲ့ အဌကလာပ် ၈-ခုနဲ့
စက္ခုပသာဒရုပ်၊ ဇီဝိတရုပ် တို့ပါ။

ဒါကြောင့် စတုဇသြဇာဆိုတဲ့ စိတ္တဇရုပ်မှာ ပါတဲ့သြဇာ၊ကမ္မဇရုပ်မှာပါတဲ့သြဇာ၊ ဥတုဇရုပ်မှာပါတဲ့သြဇာ၊ အာဟာရဇရုပ်မှာပါတဲ့ သြဇာရုပ်တို့ဟာ ဤ ခန္ဓာကိုယ်ကြီးကို အထောက်အပံ့ပေး ကျေးဇူးပြုနေကြတယ်လို့ ဆိုတာပါ။
-------

(ခ)- အရူပိနော အာဟာရာ သမ္ပယုတ္တာကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

- နာမ် အာဟာရတို့သည် ထိုနာမ်တရားတို့နှင့် ယှဉ်တဲ့ တရားတို့အားလည်းကောင်း၊ ထို နာမ်တရားတို့ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်၊ ပဋိသန္ဓေအခိုက်မှာ ဖြစ်တဲ့  ကမ္မဇရုပ်တို့အားလည်းကောင်း၊ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
--------

နာမ်အာဟာရမှာ ဖဿ၊ စေတနာ၊ ဝိညာဉ် ဆိုပြီး နာမ်အဟာရ ၃-မျိုး  ရှိပါတယ်။

စေတသိက် ၅၂-ခုမှာ ဖဿနဲ့ စေတနာစေတသိက်တို့က နာမ်တရားအသက်ရှင်အောင် လုပ်ပေးနေတာလို့ ဆိုပါတယ်။

ဝိညာဉ်ဆိုတာ ပဋိသန္ဓေ စပြီးတည်ကတည်းက ပါလာရတဲ့ နံပါတ် ( ၁ )အာဟာရပါဘဲ။ ဝိညာဉ်ဆိုတဲ့ နာမ်တရားမှာ ဖဿအာဟာရ အများကြီးလိုပါတယ်၊ ဖဿဆိုတာ အာရုံ ၆-ပါးနဲ့ တွေ့ထိမှုပါဘဲ။

စေတနာဆိုတာလည်း ကံ ဆိုတဲ့ အလုပ်ပါ၊
စေတနာက စိတ်ကို လှို့ဆော်မှုဆိုတဲ့ အလုပ်တခုခု လုပ်ပေးနေရတာပါ။ ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် စေတနာစေတသိက်က လုပ်ပေးနေရတာပါဘဲ။
ဒီလို လှို့ဆော်ပေး၊ လုပ်ပေးနေရတာကိုက နာမ်အာဟာရ ကျွေးနေတာလို့ ဆိုပါတယ်။

ဥပမာ-
ရူပါရုံနဲ့ စက္ခုဝိညာဉ်စိတ်မှာ ဖဿရှိမှ မြင်စိတ်ဖြစ်တာပါ။ ဖဿမရှိရင် စိတ်မဖြစ်လို့ စိတ် ၈၉-မှာ ဖဿကလည်း ၈၉-ခု ရှိပါတယ်။ စေတနာကလည်း သဗ္ဗစိတ္တသာဓာရဏစေတသိက်မို့ စိတ်အားလုံးမှာယှဉ်တဲ့အတွက် စိတ် (၈၉)မှာ စေတနာကလည်း (၈၉)ဘဲပါဝင်ပါတယ်၊
စေတနာမပါရင်လည်း ဘာစိတ်မှ မဖြစ်ပါဘူးတဲ့။
ဝိညာဉ်ကလည်း ပဋိသန္ဓေတည်စကတည်းက စ ဖြစ်ပါတယ်။
ဒီ ပဋိသန္ဓေဝိညာဉ်ကြောင့် စိတ်တွေ အားလုံးဖြစ်၊ နာမ်ရုပ်တွေကလဲ ဝိညာဉ်ကြောင့်ဖြစ်လို့ စိတ်ဖြစ်တိုင်းမှာ ဖဿ(၈၉ )၊ စေတနာ(၈၉)၊ ဝိညာဉ်(၈၉)ရှိကြ၊ပါကြတယ်လို့
နာမ်အာဟာရ၊
ရုပ်အာဟာရ တို့ရဲ့ အထောက်အပံ့တွေအကြောင်း
အာဟာရပစ္စည်းတရားမှာ ဟောပါတယ်။

--------------------
မူရင်း page..https://m.facebook.com/story.php?story_fbid=385471398272793&id=334976996655567

No comments:

Post a Comment