၂၀။ ဝိပ္ပယုတ္တပစ္စယောတိ
ဝိပ္ပယုတ္တပစ္စယော ဆိုတာ သမ္ပယုတ္တပစ္စယောနဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ် ယူရမှာဖြစ်ပါတယ်။
ပဌာန်းပစ္စည်းတွေမှာ ဒီလို အစုံအစုံလေးတွေ ရှိကြပါတယ်။
ကမ္မပစ္စယော၊ ဝိပါကပစ္စယော
ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော
သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော၊ နတ္ထိပစ္စယော
ဝိကတပစ္စယော၊ အဝိဂတပစ္စယော...တွေပါ။
သမ္ပယုတ္တပစ္စယောက အတူတကွနေကြပြီး ရေနဲ့နွားနို့ရောသလို တသားတည်း ပေါင်းစပ်သွားတာမျိုးပါ။ မကွဲပြားတော့ပါဘူး၊
ဝိပ္ပယုတ္တပစ္စယောကတော့ အတူတကွ တည်ရှိကြသော်လည်း တသားတည်း မပေါင်းစပ်ဘဲ ရေနဲ့ဆီ ရောစပ်ထားသလို သီးသန့်စီ ကိုယ့်အလုပ် ကိုယ်လုပ်သွားကြတာလို့ ဆိုပါတယ်။
ဝိပ္ပယုတ္တပစ္စယော- မှီရာဝထ္ထုချင်း တူချင်မှတူမယ်၊ အာရုံပြုတာချင်း တူချင်မှတူမယ်၊ ဖြစ်တဲ့အချိန်ကာလ တူချင်တူမယ်၊ ပျက်တဲ့အချိန်ကာလ တူချင်တူမယ်၊ ပေါင်းစပ်လို့မရပါဘူး။
သဘာဝချင်းကို မတူညီကြလို့ပါ။
ဥပမာ-
နာမ်နဲ့ရုပ်တို့ဟာ သဘာဝချင်းမတူညီကြပါဘူး။
ဘယ်လိုကွဲပြားခြားနားသလဲဆိုတော့ ရုပ်က အာရုံကို အာရုံပြုနိုင်စွမ်းမရှိဘူး သိနိုင်စွမ်းမရှိပါဘူး၊ နာမ်ကတော့ အာရုံကို ပြုနိုင်စွမ်း သိနိုင်စွမ်းရှိတယ်၊ ရုပ်က အဖြစ်အပျက် နှေးတယ် အပြောင်းအလဲ နှေးတယ်၊ နာမ်က အဖြစ်အပျက်မြန်တယ် အပြောင်းအလဲ မြန်တယ်။
ဒီလို သဘာဝတွေ မတူကြပေမဲ့ အတူတကွတော့ တည်ရှိနေကြပြီး အထောက်အကူပြုနေကြတယ်။
တူမှ အထောက်အကူပြုကြတာ မဟုတ်၊ မတူတဲ့အရာတွေကလည်းဘဲ မတူတဲ့ အရာတွေကို အထောက်အကူ ပြုနိုင်ကြတယ်လို့ ဆိုပါတယ်။
-ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော ။
-ရုပ်တရားတွေဟာ နာမ်တရားတွေကို ဝိပ္ပယုတ္တပစ္စည်းတရားဖြင့် ကျေးဇူးပြု၏ ။
ဘယ်လိုကျေးဇူးပြုပါသလဲ ?
ဘဝတခု အစပြုတဲ့အခါ ပဋိသန္ဓေစိတ်နဲ့ အစပြုပါတယ်၊ ပဋိသန္ဓေစိတ်နဲ့ ကမ္မဇရုပ်တို့ တပြိုင်နက်ပေါ်ကြတယ်၊ ပဋိသန္ဓေစိတ်က နာမ်၊ ကမ္မဇရုပ်က ရုပ်၊ ဒီ ကမ္မဇရုပ်ကို ဟာဒယရုပ်လို့လည်း ခေါ်ပါတယ်၊ ဒါတွေကို ကံက ဖန်တီးလိုက်တာပါ။
ဒီ ဟာဒယဝထ္ထုရုပ်ကလေးဟာ ပဋိသန္ဓေနာမ်လေးနဲ့ အတူတကွဖြစ်လာသော်လည်း ပေါင်းစပ်လို့မရလို့ ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါကို သဟဇာတဝိပ္ပယုတ်လို့ ခေါ်ပါတယ်။
ပဋိသန္ဓေစိတ်ဖြစ်ပြီးနောက်တော့ နောက်စိတ်တွေကို ဘဝင်စိတ် လို့ ခေါ်ပါတယ်။
ဘဝတခုလုံးမှာ ဝီထိစိတ်တွေ မလာသမျှ ပဋိသန္ဓေစိတ်၊ ဝီထိစိတ်၊ စုတိစိတ် တွေ မပြတ်ဖြစ်နေတာပါ။ ( ထို ၃ မျိုးကလည်း အမည်သာကွဲတာ တစိတ်ထဲလို့ ဆိုပါတယ်)
ဒါပေမဲ့ ဝီထိစိတ်တွေက အိပ်နေတဲ့အချိန်က လွဲလို့ အချိန်တိုင်း မြင်တိုင်း ကြားတိုင်း သိတိုင်း လွှမ်းမိုးထားတာပါ။
အဲဒီ ဟာဒယဝထ္ထုက ပထမဘဝင်စိတ်ကို အထောက်အကူပြုတဲ့အခါ ( ကြိုတင်ပြီး ဟာဒယဝထ္ထုကဖြစ်ထားလို့) ပုရေဇာတဝိပ္ပယုတ် လို့ခေါ်ပြန်ပါတယ်။
နောက်တခု-
-အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
- နာမ်တရားကလည်း ရုပ်တရားကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြု၏ ။
ဘယ်လိုပြုသလဲ ?
နာမ်တရားလို့ဆိုလိုက်တာနဲ့ ရုပ်ကိုထုတ်လုပ်တဲ့ နာမ်တရားပေါင်း ၇၅- ခု ရှိတယ်လို့ ဆိုပါတယ်။
စိတ်ပေါ်လာတာနဲ့ တပြိုင်နက် စိတ္တဇရုပ်ကို ထုတ်ပြီးသားပါ။
ပဋိသန္ဓေစိတ်ကတော့ ရုပ် မထုတ်ပါဘူးတဲ့။
ပထမဘဝင်စိတ်မှာဘဲ သူထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်က တပြိုင်နက် ဘွားကနဲပေါ်တယ်၊ ဒါပေမဲ့ စိတ်နဲ့ ပြိုင်တူဖြစ်သော်လည်း ပေါင်းစပ်နေတာမဟုတ်လို့ သဟဇာတဝိ ပ္ပယုတ် လို့ ဆိုပါတယ်။
ထို့အတူဘဲ နောက်မှဖြစ်တဲ့ စိတ်တွေကလည်း ရှေ့ကကြိုတင်ဖြစ်နေတဲ့ ရုပ်တွေကို ( ဥတုဇရုပ် အာဟာရဇရုပ်များ အပါအဝင်)အပြန်အလှန် လှမ်းပြီးအထောက်အကူပြုနေကြလို့ ဒါကို ပစ္ဆာဇာတဝိပ္ပယုတ် လို့ ဆိုပါတယ်။
ထို့အတူ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ် စတဲ့ ပဉ္စဒွါရဝဇ္ဇန်းနောက်မှာ ပေါ်လာမဲ့စိတ်တွေမှာတော့ စက္ခုသောတ စသည့် ဝထ္ထုများက ရှေးဦးရှိနှင့်ပြီးလို့ ထို ထို စိတ်များ ပေါ်တဲ့အခါ ပုရေဇာတဝိပ္ပယုတ် ဆိုပါတယ်။
ဒီနေရာမှာ စိတ်ရဲ့မှီရာဖြစ်တဲ့ ဝထ္ထုရုပ်နဲ့ စိတ်ကိုသာ ဝိပ္ပယုတ်လို့ ဟောပြီး စိတ်က အာရုံပြုသော ရုပ်အာရုံကိုတော့ ထဲ့မဟောထားပါဘူး၊ ဘာကြောင့်ဆိုရင် အာရုံရုပ်သည် အပြင်ကလာတာကြောင့်
အစကတည်းက မရောစပ် မပေါင်းစပ်တဲ့ အရာတွေဖြစ်လို့ပါ။
ဒါကတော့ ရုပ်တရားတွေက နာမ်တရားတွေကို၊ နာမ်တရားတွေက ရုပ်တရားတွေကို ယှဉ်တွဲဖြစ်ပေါ်ကြသော်လည်း မရော မစပ် မပေါင်းစပ်ကြဘဲ အပြန်အလှန် အထောက်အကူပြုကြ ကျေးဇူးပြုကြသော ဝိပ္ပယုတ္တပစ္စည်းတရားများဖြစ်ပါတယ်။
-ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
-ဟာဒယဝထ္ထုရုပ်သည် သန္ဓေစိတ်စေတသိက်တို့ကို ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏ ။
-အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
-နာမ်တရားတို့ကလည်း ရုပ်တရားတို့ကို ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြု၏ ။ ။
-------------------
မူရင်း. Page. https://m.facebook.com/story.php?story_fbid=402133736606559&id=334976996655567
No comments:
Post a Comment