စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 11, 2017

၂၄. အဝိဂတပစ္စယောတိ

၂၄။ အဝိဂတပစ္စယောတိ

၂၄- ပစ္စည်းမှာ အဝိဂတပစ္စည်းက နောက်ဆုံးပစ္စည်းပါ။
အဝိဂတ နဲ့ အတ္ထိပစ္စည်းက ပဌာန်းပါဠိမှာ အားလုံးအတူတူပါဘဲ။
ပဥှာဝါရမှာ အတ္ထိ ၅-မျိုးရှိသလို အဝိဂတမှာလဲ -

သဟဇာတအဝိဂတ
ပုရေဇာတအဝိဂတ
ပစ္ဆာဇာတအဝိဂတ
ရုပ်အာဟာရအဝိဂတ
ရုပ်ဇီဝိတိန္ဒြိယအဝိဂတ  .....ဆိုပြီး ၅-မျိုးပါဘဲ။

ဒီ ၅-မျိုးထဲကမှ သဟဇာတ နဲ့ ပုရေဇာတ ၂-မျိုးဘဲ ပဌာန်းမှာ ဟောတာလည်း တထပ်တည်းတူတာပါဘဲ။

ဘာကြောင့် တထပ်တည်းတူတာကို ဟောကြားရသလဲ ဆိုရင် နတ်တချို့က အတ္ထိနဲ့ နတ္ထိ ဟောမှ သဘောပေါက် နားလည်ပေမဲ့ အချို့နတ်တွေက ဝိဂတနဲ့ အဝိဂဂတ ကို ဟောမှ သဘောပေါက် နားလည်သွားကြလို့  သူ့ဇရိုက်နဲ့ သူ လိုက်ပြီး ဟောရတယ်လို့ ဆိုပါတယ် ။

တရားနာကြတဲ့ နတ်ဗြဟ္မာတွေဟာ ဒိဗ္ဗစက္ခု အဘိညာဉ်တွေ ရထားတော့ သတ္တဝါတွေဟာ တဘဝနဲ့ တဘဝ၊ တဘုံကနေ တဘုံ ပြောင်းသွားတာတွေကို သိတယ်၊ ရုပ်နာမ်ရဲ့ အဖြစ်အပျက်ကိုတော့ မသိပါ၊ သဿတဒိဌိအယူ ရှိကြတာများတယ်လို့ ဆိုပါတယ်။

ရုပ်တရားနဲ့ နာမ်တရားဟာ သူ့ဘာသာသူဖြစ်ပြီး ပျက်သွားတယ်၊ ပျက်သွားတဲ့ တရားက ဝိဂတပစ္စည်း ကျေးဇူးပြုလို့ နောက်ထပ် ရုပ်နာမ်တွေ ဖြစ်လာတာပါလားလို့ သိသွားတော့ သဿတဒိဌိ ပျောက်သွားပါတယ်။

အဝိဂတပစ္စည်းကို ဟောပြန်တော့ သတ္တဝါဟာ သေပြီး ပြီးသွားတာဘဲလို့ အယူရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် ရုပ်နာမ်တွေဟာပျက်သွားကြတယ်၊ ဒါပေမဲ့ ပျက်သွားတဲ့ ရုပ်နာမ်နဲ့ နောက်အသစ်အသစ်ဖြစ်တဲ့ ရုပ်နာမ်က မကင်းကြဘူး၊ မကင်းတဲ့အနေနဲ့ ကျေးဇူးပြုလို့ နောက်ထပ် ရုပ်နာမ်အသစ်တွေ ဖြစ်ရတာဘဲလို့ သိသွားပြီး ဥစ္ဆေဒဒိဌိပြုတ်သွားတယ်။

ဒီ သဿတဒိဌိနဲ့ ဥစ္ဆေဒိဌိ ၂-ခုလုံး ကွာသွားတာကို ဗုဒ္ဓဘာသာမှာ မဇ္ဈိမပဋိပဒါ လမ်းစဉ်လို့ ခေါ်ပါတယ်၊  ဒီ ဝါဒ ၂-ခု ပျောက်အောင်ပဲ အတ္ထိ နတ္ထိ နဲ့ ဝိဂတ အဝိဂတကို ၂၄- ပစ္စည်းမှာ ခြုံငုံပြီး ဟောကြားသွားတယ်လို့ ဆိုပါတယ်။

--------------

အဝိဂတပစ္စည်းကိုလည်း အပိုင်း ၇-ပိုင်း ခွဲပြီး ရှင်းပြပါမယ်-

၁။ နာမ်ခန္ဓာ ၄ ပါး

- စတ္တာရော ခန္ဓာ အရူပီနော အညမညံ အဝိဂတစ္စယေန ပစ္စယော။

-ဝေဒနာ သညာ သခါင်္ရ ဝိညာဏလို့ ဆိုတဲ့ နာမ်ခန္ဓာ ၄ ပါးသည် အပြန်အလှန် ၁ ပါးက ၃ ပါးကို၊ ၃ ပါးက ၁ ပါးကို၊ ၂ ပါးက ၂ ပါးကို အဝိဂတ သတ္တိဖြင့် အထောက်အကူပြုကြ၏။
(သဟဇာတ အဝိဂတ )

၂။ မဟာဘုတ် ၄ ပါး

- စတ္တာရော မဟာဘူတာ အညမညံ အဝိဂတ ပစ္စယေန ပစ္စယော။

- ပထဝီ တေဇော အာပေါ ဝါယော ဓာတ်ကြီး၎ ပါးသည် ၁ ပါးက ၃ ပါးကို၊ ၃ ပါးက ၁ ပါးကို၊ ၂ ပါးက ၂ ပါးကို အပြန်အလှန် အဝိဂတ ပစ္စည်းတရားဖြင့် အထောက်အကူပြုကြ၏။
( သဟဇာတ အဝိဂတ )

၃။ နာမ်ရုပ်ပိုင်း

သြက္ကန္တိက္ခဏေ နာမရူပံ အညအညံ အဝိဂတ ပစ္စယေန ပစ္စယော။

ပဋိသန္ဓေစိတ်ဖြစ်ခိုက် နာမ်နှင့်ရုပ်တို့သည် အတူရှိနေကြပြီး အပြန်အလှန် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုကြ၏။
( သဟဇာတ အဝိဂတ )

၎။ စိတ် စေတသိက်ပိုင်း

- စိတ္တစေတသိကာဓမ္မာ စိတ္တသမုဌာနာနံ ရူပါနံ အဝိဂတ ပစ္စယေန ပစ္စယော။

- စိတ်စေတသိက်တရားတို့သည် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်(စိတ္တဇရုပ်)တွေကို အဝိဂတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(သဟဇာတ အဝိဂတ )

၅။ မဟာဘုတ်နဲ့ ဥပါဒါရုပ်

- မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတ ပစ္စယေန ပစ္စယော။

မဟာဘုတ်တွေကလည်း  ဥပါဒါရုပ် ( ဝဏ္ဏ ဂန္ဓ ရသ သြဇာ ) တို့ကို အဝိဂတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
(သဟဇာတ အဝိဂတ )

၆။ အာယာတနပိုင်း

(က)အတွင်း အာယတန  -
        မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊
    ( ဒီအပိုင်းကို ဝထ္ထု ပုရေဇာတ အဝိဂတ လို့ ဆိုပါတယ်)

(ခ) အပြင် အာယတန  -
         အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊
     ( ဒီအပိုင်းကို အာရမ္မဏပုရေဇာတ အဝိဂတ လို့ ဆိုပါတယ်)

(က) အတွင်း အာယတန အဝိဂတ-

- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

-မျက်စိအကြည် စက္ခုပသာဒရုပ်ဟာ စက္ခုဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

- သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

-နားအကြည်   သောတပသာဒရုပ်ဟာ သောတ ဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )
   
-ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

နှာခေါင်းအကြည်   ဃာနပသာဒရုပ်ဟာ နံသိဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် မကင်းသဖြင့် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
( ပုရေဇာတ အဝိဂတ )

- ဇိဝှာယတနံ ဇီဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

လျှာအကြည် ဇိဝှာပသာဒရုပ်ဟာ အရသာသိမှုဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက်  မကင်းသဖြင့် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

- ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

ကိုယ်ခန္ဓာ ကာယပသာဒရုပ်ဟာ ကာယဝိညာဏ်စိတ်ရဲ့ မှီရာအနေဖြင့် ရှိခိုက် မကင်းသဖြင့် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

(ခ)အပြင် အာယတန အဝိဂတ -

- ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ ..
. သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- ဖောဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ ...
သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

-အဆင်း အသံ အနံ့ အရသာ အထိအတွေ့ တို့်သည် မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျှက်သိစိတ် ထိသိစိတ်တို့ဖြစ်ပေါ်ရန် ၄င်းတို့၏ ယှဉ်ဘက်တရားအပေါင်းနှင့်အတူ မကင်းကြောင်းတရား အဝိဂတသတ္တိဖြင့် ကျေးဇူးပြုကြ၏။

- ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော ။

- အဆင်း အသံ အနံ့ အရသာ ထိတွေ့မှု စသည့် အာယတန တရားအပေါင်းတို့သည် ကြိုတင်ဖြစ်နှင့်ပြီး မနောဝိညာဏ်စိတ်တို့အား မကင်းကြောင်းတရား အဝိဂတ ပစ္စယသတ္တိ ဖြင့် ကျေးဇူးပြု၏။
(ပုရေဇာတ အဝိဂတ )

၇။ ဝထ္ထုရုပ်ပိုင်း

စိတ်စေတသိက်တို့ တည်မှီရာ ဝထ္ထုသည် ကြိုတင်ဖြစ်နှင့်ပြီး မနောဓာတ်တို့ အား မကင်းကြောင်းတရား အဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုတာပါ။
(ရုပ်၏ ပုရေဇာတ အဝိဂတ )

-ယံ ရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတ ပစ္စယေန ပစ္စယော။

- အကြင်ရုပ် (ဟာဒယဝထ္ထုရုပ်ဟုလည်း ဖွင့်ဆိုသည် )  ကို အမှီပြုလျက် မနောဓာတ်တို့၊ မနောဝိညာဏဓာတ်တို့ ဖြစ်ကြရ၏။ ထို ရုပ်၊ ထို မနောဓာတ်၊ ထို မနောဝိညာဏဓာတ်တို့သည် အတူယှဉ်တွဲ ရှိကြလျက် အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။

-----------------
ဤတွင် ၂၄ -ပစ္စည်း ပဌာန်းတရား သဘောအနှစ်ချုပ် ပြီးစီးပါပြီ။

ပဌာန်းတရားကို ကြည်ညို မြတ်နိုးကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ အတွက် အတိုင်းအတာ တခုအထိ နားလည်သဘောပေါက်ကာ ရွတ်ဖတ်ပူဇော်နိုင်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်ကြပြီး ဆက်လက်၍ ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်မြတ်ကို လေ့လာသိရှိနိုင်ကြလျက် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို အလွယ်တကူ ရရှိနိုင်ကြပါစေကြောင်း ၂၀၁၅ ခုနှစ် နှစ်သစ်အခါသမယတွင် ဆုမွန်ခြွေပါသည်။  ။

"ဗုဒ္ဓသာသနာ အဓွန့်ရှည်ကြာ
ရောင်ဝါ နေသို့ လင်းပါစေ "

" သာဓု၊ သာဓု၊ သာဓု ။ "

************************
(  ၁- ၁- ၂၀၁၅ )

မူရင်း page. https://m.facebook.com/story.php?story_fbid=419531891533410&id=334976996655567

No comments:

Post a Comment