၁၂။ အာသေဝနပစ္စယောတိ
အာသေဝန ဆိုတာ..
အဖန်ဖန်အထပ်ထပ် မှီဝဲခြင်း၊ အဖန်ဖန်အထပ်ထပ် စွမ်းရည်ကို ရအောင်လေ့ကျင့်ခြင်း၊ အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်ခြင်း လို့ဆိုပါတယ်။
ဘယ်အရာဘဲဖြစ်ဖြစ် တကြိမ်တခါထဲနဲ့တော့ စွမ်းရည် သတ္တိက မထက်ဘူး၊ အကြိမ်ကြိမ်အထပ်ထပ် ဖြစ်လာတဲ့အခါမှ စွမ်းရည်သတ္တိတွေ ထက် ထက်လာတာပါ။
ပဋ္ဌာန်းပစ္စည်းမှာတော့ အာသေဝနပစ္စည်းဆိုတာ ပထမ ဝီထိလို့ခေါ်တဲ့ စိတ်အစဉ်ကို သဘောပေါက်ရပါမယ်။
ဒီ စိတ်အစဉ်မှာ ဇောစိတ်တွေရှိပါတယ်၊ စိတ်အစဉ်ဖြစ်ကြရာမှာ ဇောစိတ် ၇-ကြိမ်ဖြစ်မြဲဆိုတာ သိကြပြီးသားပါ။
ပထမဇောစိတ်က ဒုတိယဇောစိတ်ဖြစ်၊ ဒုတိယဇောစိတ်ကနေ တတိယဇောစိတ်ထပ်ဖြစ်၊ ဒီလိုနဲ့ စတုတ္ထဇောစိတ် ပဉ္စမဇောစိတ် ဆဌမဇောစိတ် သတ္တမဇောစိတ်ထိ အဆင့်ဆင့် အလေ့အကျင့်တွေ ဟာ အရှိန်အဟုန်နဲ့ အထပ်ထပ်အဖန်ဖန်ပွားများသွားတာကို အာသေဝနသတ္တိလို့ ဆိုပါတယ်။
အာသေဝနဆိုတဲ့ စွမ်းရည်သတ္တိ ရှိတာဟာ ကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကြိယာဇောတွေမှာသာ ရှိပါတယ်တဲ့။
-ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
-ရှေး ရှေးက ဖြစ်ပေါ်၍လာကြတဲ့ ကုသိုလ်တရားတွေက နောက် နောက် ဖြစ်ကြတဲ့ ကုသိုလ်တရားတို့အား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
- -ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
- ရှေး ရှေးက ဖြစ်ပေါ်၍လာကြတဲ့ အကုသိုလ်တရားတွေက နောက် နောက် ဖြစ်ကြတဲ့ အကုသိုလ်တရားတို့အား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏
-ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
- ရဟန္တာတို့ရဲ့ သန္တာန်မှာ ဖြစ်ကြတဲ့ ရှေး ရှေးက ဖြစ်ပေါ်၍လာကြတဲ့ ကြိယာစိတ် တွေက နောက် နောက် ဖြစ်ကြတဲ့ ကြိယာစိတ်တို့အား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
( ကြိယာစိတ်+အဗျာကတ= ကြိယာဗျာကတာ )
အဲဒီမှာ သဘာဝမတူတဲ့အရာတွေကိုတော့ သူတို့က စွမ်းရည်သတ္တိ မပေးဘူး၊ သဘာဝတူတဲ့ အရာတွေကိုသာ စွမ်းရည်သတ္တိ ပေးပါတယ်တဲ့။
ဒါကြောင့် ကုသိုလ်တရားက ကုသိုလ်ကို၊ အကုသိုလ်တရားက အကုသိုလ်ကို၊ ကြိယာစိတ်က ကြိယာစိတ်ကို တူရာစွမ်းရည်သတ္တိတွေကိုသာ အာသေဝနသတ္တိတွေနဲ့ ပြည့်စုံစေနိုင်တယ်လို့ ဆိုပါတယ်။
------------------
မူရင်း..page., https://m.facebook.com/story.php?story_fbid=376235732529693&id=334976996655567
No comments:
Post a Comment