စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 11, 2017

၁၉.. သမ္ပယုတ္တပစ္စယော

၁၉။ သမ္ပယုတ္တပစ္စယောတိ

သမ္ပယုတ္တ ဆိုတာ တမျိုးနဲ့တမျိုး မတူညီတဲ့ အမျိုးအစားတွေ ယှဉ်တွဲနေတာ၊ ပေါင်းစုနေတာ လို့ ဆိုပါတယ်။

ဒီလို ယှဉ်တွဲနေတယ် ဆိုရင် အပြန်အလှန် အထောက်အကူပြုမှု ကျေးဇူးပြုမှုဆိုတဲ့ သဘောတရားလေးတွေ နေရာတကာမှာ ရှိပါတယ်။  မတူညီတာလေးတွေ အချိုးကျကျ ပေါင်းစပ်ထားပြီဆိုရင် အားလုံးဟာ အချင်းချင်း မှီတွယ်ပြီး အပြန်အလှန် အထောက်အကူပြု ပေါင်းစပ် ရပ်တည်နေကြရပါတယ်။ တဦးတည်း ရပ်တည်နိုင်စွမ်း မရှိကြပါဘူး။ ဒါက မျက်စိနဲ့မြင်ရတဲ့ အရာဝထ္ထု တခုကိုပြောတာပါ။

မမြင်ရတဲ့ စိတ်အခြေအနေမှာလည်း ဒီအတိုင်းပါဘဲ၊ မိမိတို့ရဲ့ သန္တာန်မှာ စိတ်နဲ့စေတသိက် သဘာဝတရားတွေမှာ စိတ်ကို အခြေခံထားပါတယ်၊ စိတ်က ရိုးတံလေးနဲ့တူပြီး စေတသိက်တွေက အရိုးတံပေါ်က အရွက် အပွင့် ဖူးငုံလေးတွေ ပမာပါ ၊ အပြန်အလှန် အထောက်အကူပြု ပေါင်းစပ်ပြီး တည်ရှိနေရတာပါ။
စိတ်တခုတည်းမဟုတ်ဘဲ တခုတည်းလို့ ထင်ရလောက်အောင်ကို အချိုးကျကျ ပေါင်းစပ်တည်ရှိနေတာကိုဘဲ သမ္ပယုတ္တပစ္စယောလို့ ပြောတာပါ။

ဘယ်လိုနည်းနဲ့ ပေါင်းစပ်ထားတာလည်း ဆိုရင် ပ ကာရ - ဆိုတဲ့ အမျိုးအစား ၄-မျိုးနဲ့ ပေါင်းစပ်ထားတာပါ၊

၁- မှီရာဝထ္တုချင်း တူ
၂- ပြုရာအာရုံချင်း တူ
၃- ဖြစ်ချိန်တူ
၎-ပျက်ချိန်  တူ  ...ကြပါတယ်။

ဒီလို တူနေကြလို့လည်း တခုတည်းလို့ ထင်ကြရတာပါ။

စတ္တာရော ခန္ဓာ အရူပိနော- ရုပ်မဟုတ်တဲ့ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သခါင်္ရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်စေတသိက် နာမ်ခန္ဓာ လေးပါးတို့ဟာ၊

အညမည- အချင်းချင်း အပြန်အလှန် ၊

သမ္ပယုတ္တပစ္စယေန ပစ္စယော- တခုတည်းလို့ ထင်ရလောက်အောင် ယှဉ်တွဲထားတဲ့ စွမ်းရည် သတ္တိတွေနဲ့ ပေါင်းစပ် တည်ရှိ အထောက်အကူပြုနေကြတယ်။

ပဌာန်းဆိုတာ အကြောင်းတရားကို ပြောတာပါ၊ အကြောင်းလို့ဆိုလိုက်တာနဲ့ အကျိုးတရားကိုသာ ထုတ်လုပ်တယ်လို့ မထင်ပါနဲ့၊ အထောက်အကူပြုတာလည်း အကြောင်းပါဘဲတဲ့။

အဘိဓမ္မာ သင်ထားတဲ့သူတော့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါလိမ့်မယ်၊ စိတ်ဆိုတာ တခုတည်း မဟုတ် စေတသိက်အမြဲ ပေါင်းစပ်ထားတဲ့အရာ၊ မှီရာတူ ပြုရာအာရုံတူ ဖြစ်ချိန်တူ ပျက်ချိန်တူ တူ ၄-တူနဲ့ ပေါင်းစပ်ထားတာမို့ ခြားနားမှုဆိုတာ မမြင်နိုင်ပါဖူး။

နာမ်ခန္ဓာ ၄-ပါးမှာ တခုက အကြောင်းဖြစ်ရင် ကျန်တာကအကျိုး၊ ကျန် ၃-ပါးက အကြောင်းဖြစ်ရင် တခုကအကျိုး၊ နှစ်ခုက အကြောင်းဖြစ်ရင် ကျန်နှစ်ခုက အကျိုး ၊ ဒါကိုဘဲ အညမညလို့ပြောတာ၊ အပြန်အလှန် အထောက်အကူပြုတာပါ။

ခန္ဓာကိုယ်ထဲမှာ စိတ်ဆိုတာ ဘယ်နေရာမှာမှ ရှိနေတာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားက " ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ " အသိစိတ်ဆိုတာ အကြောင်းကိုစွဲပြီး ဖြစ်လာတာ  လို့ဟောခဲ့တာပါ၊ ရှိနေတာလို့ မဟောပါဘူး။
အကြောင်းကြောင့် ပေါ်လာတာ၊ မပေါ်ခင် တနေရာရာမှာ သိုလှောင်မထားဘူး၊ ပေါ်လာပြီးတော့လည်း တခါတည်းပျောက်သွားတာဘဲ၊ အနိစ္စသဘောဘဲရှိတယ်လို့ ဆိုပါတယ်။

ဥပမာ အဆင်းအာရုံတခုကိုမြင်တာနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ၁-ခု၊ ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိနြေ္ဒ မနသိကာရ တို့က ၇-ခု၊ ဝိတက် ဝိစာရ အဓိမောက္ခ က ၃-ခု၊ စုစုပေါင်း ၁၁-ခုက ဟဒယဝထ္ထုတခုတည်းမှာ၊ အာရုံခုတည်းမှာ ဖြစ်ချိန်အတူတူ ပျက်ချိန်အတူတူ၊ တူ ၄-တူနဲ့ အပြန်အလှန် အထောက်အကူပြုပြီး စုစည်းဖြစ်ပေါ်ကြတာ ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စယော လို့ပြောတာပါ။

ဒီအချိန်မှာ တခြားပစ္စည်းတရားတွေကော မရနိုင်ဘူးလားလို့ မေးစရာရှိနိုင်ပါတယ်။

ရပါတယ်။

တစုတစည်းထဲဖြစ်တာ- သမ္ပယုတ္တပစ္စယော
အတူတကွမွေးဖွားတာ- သဟဇာတပစ္စယော
အပြန်အလှန်ထောက်ပံ့တာ- အညမညပစ္စယော
ရှိနေတုန်းအမှီပြုတာ- အတ္တိပစ္စယော
မကင်းမကွာခင်ဖြစ်တာ- အဝိဂတပစ္စယော

ဒီအကြောင်းတရားတွေ ဝိုင်းရံ ပေါင်းစပ်ပြီးတော့ စိတ်တခုဖြစ်ခွင့်ရတာမို့ စိတ်ဖြစ်စဉ်ကြီးထဲမှာ
ဒီလောက် Conditions တွေများတဲ့ ဘဝတခုဟာ ဘယ်မှာစိတ်ချရပါ့မလဲ။ အခြေအနေ တခု ပျက်ယွင်းတာနဲ့ ကျန်တာ အားလုံး ပျက်ရမှာပါ။ ဒီထဲမှာ " ငါ "လို့ ပြောစရာ မရှိပါဘူး၊ ငါ့စိတ်လို့ပြောစရာလည်း ဘာမှမရှိ၊ ငါလို့ထင်တဲ့ လူကိုက ရုပ်နဲ့နာမ်ဘဲရှိတာ၊ အဲဒီ ရုပ်နဲ့နာမ်ကလည်း အခိုက်အတံ့လေးဘဲ၊ ပြောတုန်း တွေးတုန်းဘဲ ပျက်သွားပြီ မရှိတော့၊ နောက်တစိတ်ဖြစ်နေပြီ၊ copy ဘဲကျန်တော့တယ်၊ ဒါကို ငါ လုပ်နေတာ။

ဒါကြောင့် မြတ်စွာဘုရားက-
"နေတံ မမ" ငါ့ဟာ မဟုတ်ဘူး၊
"နေသော ဟမသ္မိ" ငါလည်း မဟုတ်ဘူး၊
"န မေ သော အတ္တာ" ငါ့ရဲ့ အတ္တလည်းမဟုတ်၊
"ယထာဘူတံ သမ္မပ္ပညာယ ဒဌဗ္ဗံ"
မှန်ကန်တဲ့အသိဥာဏ်နဲ့ ကြည့်ပါ၊ မြင်လိမ့်မယ်.. တဲ့ ။

ပဌာန်းပစ္စယနိဒ္ဒေသ မှာတော့ တပိုဒ်ပါဘဲ-

- စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။

-( ရုပ်မဟုတ်သော)နာမ်ခန္ဓာ ၄-ပါးသည် အပြန်အလှန် သမ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုကြ၏။  ။

---------------------
မူရင်း page.,,https://m.facebook.com/story.php?story_fbid=397015127118420&id=334976996655567

No comments:

Post a Comment