၁၁။ ပစ္ဆာဇာတပစ္စယောတိ
- ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတ ပစ္စယေနပစ္စယော။
-ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ-
နောက်မှဖြစ်တဲ့ စိတ် စေတသိက် နာမ်တရားတွေက
-ပုရေဇာတဿ ဣမဿ ကာယဿ-
ရှေး ရှေးဖြစ်တဲ့ ဤခန္ဓာကိုယ်ကို
-ပစ္ဆာဇာတ ပစ္စယေန ပစ္စယော-
နောက်မှာဖြစ်ပြီး ရှေးမှဖြစ်တဲ့ တရားအား ကျေးဇူးပြုဧ။် ။
ဆိုလိုချက်က နောက်မှဖြစ်ကြတဲ့ စိတ် စေတသိက်တွေက သူတို့မဖြစ်ခင်ကတည်းက ဖြစ်ပေါ်နေခဲ့ကြတဲ့ ရုပ်တရားတွေကို ပြန်ပြီးကျေးဇူးပြုကြတယ်လို့ ဆိုတာပါ။
သာမန်အားဖြင့် အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ကြရာမှာ အကြောင်းက အရင်ဖြစ်ပေါ်ပြီး အကျိုးက နောက်မှ ဖြစ်ပေါ်စမြဲပါ။
ဒီ ပစ္ဆာဇာတပစ္စည်းတရားမှာတော့ အကျိုးက ရှေ့ကနေပြီး အကြောင်းတရားက နောက်မှကျေးဇူးပြုကြလို့ အင်မတန်ဆန်းကြယ်ပြီး လောကဥပမာပေးဖို့လည်း တော်တော်ခက်ပါတယ်။
အနီးစပ်ဆုံး ဥပမာပေးရရင်-ကားလောကသမားတွေကတော့သိကြမှာပါ၊ ကားတစီး ၀ယ်ကြ ရောင်းကြရင် ကားက ရှေ့ဆွဲလား၊ နောက်ဆွဲလား၊ four wheels drive လား မေးတတ်ကြပါတယ်။ ဆိုလိုတာက ကားကို ရှေ့ဘီးတွေက ဆွဲတာလား၊ နောက်ဘီးတွေက ဆွဲတာလား၊ လေးဘီးစလုံးက ဆွဲတာလားလို့ ပြောတာပါ။ ရှေ့ကနေ အထောက်အပံ့လား၊ နောက်ကနေ အထောက်အပံ့လား၊ ပြိုင်တူအထောက်အပံ့လား ဆိုချင်တာပါ။
နောက်ထပ် ဥပမာတခုထပ်ပေးရရင် ပစ္ဆာဇာတသတ္တိဟာ မီးရထားစက်ခေါင်းနဲ့တူတယ်လို့ ပြောလို့ရမလားဘဲ။ အကျိုးတရားဆိုတဲ့ ရထားတွဲကြီးကို အကြောင်းတရားဆိုတဲ့ စက်ခေါင်းက နောက်ကနေ မတွန်းဘဲ ရှေ့ကနေဆွဲသွားတဲ့ သဘောသတ္တိမျိုးပါ။
ပဌာန်းမှာတော့ ဣမဿ ကာယဿ ဆိုတဲ့အတွက် ဤခန္ဓာကိုယ်ကြီး( ရုပ် )ကို ပြောချင်တာပါ။ ဤခန္ဓာကြီးဟာ ကံ စိတ် ဥတု အဟာရဆိုတဲ့ အကြောင်း ၄-ပါးကြောင့်ပဋိသန္ဓေစတည်တဲ့ အချိန်ကစပြီး-
ကမ္မဇရုပ်၊
စိတ္တဇရုပ်၊
ဥတုဇရုပ်၊
အဟာရဇရုပ် တွေ တဖွားဖွားဖြစ်ပေါ်ကြရပါတယ် ။
ပဋိသန္ဓေစိတ် စ,စချင်း ပဌမဘ၀င်မှာ စဖြစ်တာ ကမ္မဇရုပ်ပါ၊ ဒုတိယ စိတ္တဇရုပ်ဖြစ်ရပါတယ်၊ ပြီးတော့ အပူ အအေးကြောင့် ဥတုဇရုပ်၊ နောက် မိခင်ဆီကရတဲ့ အဟာရကြောင့် အဟာရဇရုပ် ဖြစ်ခွင့်ရပါတယ်။ဒီနောက်တော့ ပဋိသန္ဓေစိတ်ကစပြီး သေတဲ့အထိ အဆက်မပြတ်ဖြစ်နေတဲ့ရုပ်အပေါင်းကို နောက် နောက် စိတ်များက ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုနေကြတယ်လို့ ဆိုပါတယ်။
ပုရေဇာတမှာ ရုပ်က ရှေ့ကနေပြီး နောက်မှဖြစ်တဲ့ နာမ်တရားကို ကျေးဇူးပြုပါတယ်၊ ပစ္ဆာဇာတမှာ နာမ်တရားက နောက်မှာနေပြီး ရှေ့မှာရှိတဲ့ ရုပ်တရားကို ကျေးဇူးပြုတယ်။ ဒါကြောင့် ရုပ်က နာမ်ကို ကြိုးနဲ့ချည်ထားသလို နာမ်ကလည်းရုပ်ကို ကြိုးနဲ့ ပြန်ချည်ထားပြီး ခန္ဓာကိုယ် ဆိုတဲ့ ရုပ် နာမ် သန္တတိအစဉ်က ကြီးမားလာကာ မသေမချင်း အကောင်အထည်ကြီး ဖြစ်နေရတာပါ။
ဒီလိုဘဲ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိသိစိတ်တွေ ဖြစ်ကြရာမှာလည်း ပဉ္စဒွါရာဝဇ္ဇာန်းရဲ့ ဌီခဏမှာရှိတဲ့ ရုပ်တရားကို နောက်မှဖြစ်တဲ့ စိတ် စေတသိက် နာမ်တရားတွေက ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုနေကြတယ်လို့ ဆိုပါတယ်။ ။
---------------------------
မူရင်း.. page. https://m.facebook.com/story.php?story_fbid=373043636182236&id=334976996655567
No comments:
Post a Comment