၁၄။ ဝိပါကပစ္စယောတိ
- ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညံမညံ ဝိပါကပစ္စယေန ပစ္စယော။
- ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးသည် အပြန် အလှန် ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြုနေကြ၏။
ဝိပါက ဆိုတာ ကံတရားရဲ့အကျိုးဖြစ်တဲ့ နာမ်တရားတွေကို ရည်ညွှန်းပါတယ်။
ဝိ-သဘာဝချင်းမတူတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့၊
ပါက- အကျိုးဖြစ်တဲ့နာမ်တရားလို့ အဓိပ္ပာယ် သတ်မှတ်ရမယ်တဲ့၊
ဒါကြောင့် ဝိပါက ဆိုတာ နာမ်တရားသက်သက်ကိုသာ ခေါ်လို့ရပါတယ်၊ အကြောင်းကံ က နာမ်တရားဖြစ်သလို အကျိုးကံကလည်း နာမ်တရားဖြစ်လို့ပါ။
ခုနကပြောတဲ့ ဝိပါက ဆိုတာ ဝိပါက်ဖြစ်တဲ့ ခန္ဓာလေးပါးဟာ နာမ်နဲ့ပဲ ဆိုင်တယ်၊ ခန္ဓာလေးပါးဖြစ်ကြတဲ့ ဝိညာဏက္ခန္ဓာ ဆိုတာ ဝိပါက်စိတ် ၃၆-ခုကို ပြောတာပါ။
ဝေဒနာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာ၊ သညာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ သညာ၊ သခါင်္ရက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်နိုင်တဲ့ စေတသိက်တွေပါ၊ ပေါင်းလိုက်တော့ နာမ်ခန္ဓာလေးပါးပါ။
စိတ် ၈၉ ထဲမှာ ဝိပါက်စိတ်က ၃၆ ခု ရှိပါတယ်၊ အကုသိုလ်ရဲ့အကျိုးက ၇ ခု၊ ကျန်တာတွေက ကုသိုလ်အကျိုး၊ အဲဒီ ဝိပါက်စိတ်တွေကလည်း တမျိုးထဲဖြစ်ကြတာမဟုတ်ဘဲ ယှဉ်တဲ့ စေတသိက်တွေနဲ့ တွဲဖက်ဖြစ်ကြရတယ်။
စိတ်နဲ့စေတသိက် တယူနစ်ဖွဲ့ရင် စေတသိက် အနဲဆုံး ၇ လုံးရှိတယ်၊ သို့သော် စိတ် ၂ ခုပေါင်းပြီး တယူနစ်တွဲဖြစ်တာ ဘယ်တော့မှ မရှိပါဘူးတဲ့၊ ဥပမာ စက္ခုဝိညာဏ်စိတ်နဲ့ သောတဝိညာဏ်စိတ် တွဲဖြစ်တာမရှိပါဘူး၊ အချိန်တခုစီ ခဏတခုစီဘဲဖြစ်လို့ရပါတယ်။
စိတ်ဆိုတာ ဖြစ်ပျက်အစဉ်ကလေး အခိုက်အတံ့လေးတွေရဲ့ အစဉ်တန်းကြီးပါတဲ့။
ဝိပါက်စိတ်တွေဟာ ကံတည်းဟူသောအကြောင်းတရားကြောင့် ဖြစ်လာတာ၊ ကံကဖန်တီးလိုက်တဲ့အတိုင်း အကျိုးရိပ် ဖြစ်လာရတာလို့ ဆိုပါတယ်။
ပုထုဇဉ်တွေရဲ့သန္တာန်မှာ ဖြစ်ခွင့်ရှိတာက-
အကုသဝိပါက်စိတ် ၇ ခု၊
အဟိတ်ကုသလဝိပါက်စိတ် ၈ ခု၊
မဟာဝိပါက်စိတ် ၈ ခု၊
စုစုပေါင်း ( ၂၃ ) ခု ဖြစ်နိုင်ခွင့်ရှိပါတယ်။
လူတွေဟာ ဒီဝိပါက်စိတ် ၂၃ ခုနဲ့ နေ့စဉ် နေနေကြရတယ်လို့ ဆိုပါတယ်။
ဈာန်တရားတွေ ကျင့်ကြံအားထုတ်လို့
ရူပဈာန်ရပြီဆိုရင် ရူပါဝစရဝိပါက်စိတ်ဖြစ်မယ်၊ အရူပဗြဟ္မဘုံရောက်ရင်တော့ အရူပဝိပါက်စိတ်တွေ ဖြစ်ခွင့်ရမယ်။
သာမန်ပုထုဇဉ်တွေမှာတော့ နေ့စဉ်နဲ့အမျှဖြစ်ခွင့်ရှိနေတာက ဝိပါက်စိတ် ၂၃ ခုနဲ့ ဆိုင်ရာစေတသိက်တွေ အပြန်ပြန် အလှန်လှန် ဖြစ်နေကြတာ၊ အထောက်အပံ့ပြုနေကြတာပါ။
ဒါကို ဝိပါကပစ္စယောလို့ ဟောထားတာပါ။ ။
------------------------
မူရင်း page.. https://m.facebook.com/story.php?story_fbid=382141871939079&id=334976996655567
No comments:
Post a Comment