၁၃။ ကမ္မပစ္စယောတိ
ဗုဒ္ဓဘာသာမှာ ကံ ကံ၏အကျိုးကို လက်မခံဘူး၊ ကံ ကံ၏အကျိုးကို ငြင်းပယ်တယ်ဆိုရင် မိစ္ဆာဒိဋ္ဌိ လို့ ဆိုပါတယ်။
ပေးလှူသော ဒါနစေတနာ၏အကျိုးတရားသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးရင်း အကျိုးဆက်သည် မရှိ၊ အမိကျေးဇူးသည် မရှိ၊ အဖကျေးဇူးသည် မရှိ၊ ဤလောကဆိုတာ မရှိ၊ ထို လောက ဆိုတာ မရှိ၊ ကောင်းတဲ့အကျင့် ဆိုးတဲ့ အကျင့်ဆိုတာ မရှိ၊ ကိုယ်တွေ့ သိမြင် ဟောနိုင် ပြောနိုင်သူ မရှိ လို့ မနောကံမှာ အယူ ရှိနေရင် မိစ္ဆာဒိဋ္ဌိ ပါ။
ဒီနေရာမှာ သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးဆိုတာတွေနဲ့ မရောထွေးရဘူးလို့ ဆိုထားပါတယ်။
ဒါကြောင့် ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတဲ့ ကံ ကံ၏အကျိုးကို လက်ခံမှ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံကောင်းရှိတယ်လို့ ပြောရပါမယ်။
၂၄- ပစ္စည်းမှာလည်း ကံဟာ ကြီးမားတဲ့ အထောက်အကူတခု ဖြစ်ကြောင်း ကမ္မပစ္စယောတိ လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။
ကမ္မ -ဆိုတာ ပြုလုပ်ခြင်း၊ စွမ်းဆောင်နိုင်ခြင်း၊ စွမ်းဆောင်မှု ပြုလုပ်နိုင်မှုကို ဖော်ပြ ဖြစ်ပေါ်စေတဲ့ စေတနာမျိုး၊ စိတ်စွမ်းအားထဲမှာ လှို့ဆော်မှုကိုပေးနိုင်တဲ့ စေတနာစွမ်းအားကို ကံ လို့ ဟောတော်မူခဲ့ပါတယ်။
ပဋ္ဌာန်းမှာ ကမ္မပစ္စည်းတရားကို-
(က) သဟဇာတစေတနာ
( ခ ) နာနာက္ခဏိကစေတနာ ...ဆိုပြီး ၂-မျိုး ခွဲခြားဟောထားတာ တွေ့ရပါတယ်။
(က) (သဟဇာတ)စေတနာ သမ္ပယုတ္တာကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော၊
- ( အတူတကွဖြစ်တဲ့ ) စေတနာတရားသည် ယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတို့အား လည်းကောင်း၊ ထို ယှဉ်ဘက်ဖြစ်တဲ့ တရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊ သဟဇာတ ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်၏။
ဒီ သဟဇာတကမ္မ ပစ္စယမှာ ကမ္မ လို့ မဟောဘဲ စေတနာ လို့ ဟောပါတယ်။
ဝိညာဉ်စိတ်တခုဖြစ်ဖို့အတွက် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇိဝိတိနြေ္ဒ မနသီကာရ ဆိုတဲ့ စေတသိက် ၇-လုံးဟာ စိတ်ဖြစ်တိုင်းပါရမြဲပါ။ ဒီ စေတသိက် ၇-လုံးမှာ ကမ္မပစ္စည်း ထိုက်တာ စေတနာတခုဘဲ ထိုက်တယ်လို့ ဆိုပါတယ်။
( ခ ) ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
- ကုသိုလ် အကုသိုလ် ကံသည် (ဝါ) ကုသိုလ် အကုသိုလ် စေတနာသည် ကံတရားက ထုတ်လုပ်လိုက်တဲ့ ဝိပါက်-နာမက္ခန္ဓာတို့အား လည်းကောင်း၊ ကဋတ္တာ ရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား လည်းကောင်း၊ ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်ပေ၏။
ဒါက အများပြောနေကျ ကံပါ။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရမယ်လို့ ပြောကြတဲ့ ကံပါ။ ကံသာလျှင်ကိုယ်ပိုင်ဥစ္စာ ဆိုတာ ဒါကိုပြောတာပါ။
ဝိပါကာနံ ခန္ဓာနံ - ဆိုတာ ပဋိသန္ဓေစိတ်(၁၉ ခု )ပါ။ ကုသိုလ် အကုသိုလ်စေတနာက ထုတ်လုပ်လိုက်တဲ့ အကျိုးတရား ( နာနာက္ခဏိက ကမ္မ )ကို ပြောတာပါဘဲတဲ့။
နောက်တခု ကံ ကနေထုတ်လုပ်လိုက်တဲ့ ကမ္မဇရုပ် ( ၉ )ခု ရှိပါတယ်။
ပသာဒရုပ် ၅ ခု
ဖို-မရုပ် ၂ ခု
ဟဒယရုပ် ၁ ခု
ဇိဝိတရုပ် ၁ ခု
စုစုပေါင်း ၉ ခုပါ။
ဒါကို ကဋတ္တာ ရုပ်လို့ခေါ်ပါတယ်။
ဒါတွေကို အဘိဓမ္မာအခြေခံသင်ထားမှ နားလည်လွယ်မှာပါ။
ကုသိုလ် အကုသိုလ်တွေက ထုတ်လုပ်လိုက်တဲ့ ဘဝတွေဟာ ပဋိသန္ဓေစိတ်ချင်း တူပါသော်လည်း သုဂတိဘဝ၊ ဒုက္ခတိဘဝတွေ ကွဲပြားသွားကြရတယ်။ အကုသိုလ် အကျိုးပေးတော့ ငရဲဘုံ ပြိတ္တာဘုံ တိရစ္ဆာန်ဘုံ စသည် အပါယ်ဘုံတွေ၊ ကုသိုလ်အကျိုးပေးတော့ လူ့ဘုံ နတ်ဘုံဖြစ်ကြရတယ်။
ဒီလို စေတနာကံတွေကြောင့် ဘုံ ဘဝတွေကွာ၊ သုခ ဒုက္ခတွေ ကွာခြားသွားကြရတယ်လို့ ဆိုပါတယ်။
ဥပမာ ဒါနကောင်းမှုနဲနဲ သီလကောင်းမှုနဲနဲ ဘာဝနာမပါရင် လူ့ပြည် ဖြစ်တယ်၊ ဒါနကောင်းမှုများများ သီလကောင်းမှုများများ ဘာဝနာမပါရင်တောင် နတ်ပြည်အကျိုးပေးနိုင်တယ်ဆိုပြီး ပုညကြိယာဝထ္ထုသုတ်မှာ ဆိုထားပါတယ်။
လူတွေမသိကြတဲ့ ကံတရားလည်းရှိပါသေးတယ်တဲ့၊ ဒါတွေက လောကုတ္တရာပိုင်းမှာဖြစ်တဲ့ မဂ်စိတ် ဖိုလ်စိတ်တွေပါ။ ဒီအပိုင်းတွေက လောကုတ္တရာစိတ်တွေဖြစ်ပြီး နိဗ္ဗာန်တိုင်အောင် အကျိုးပေးသွားကြတာကြောင့် လောကီအကျိုးပေးတွေနဲ့ အရမ်းကွာခြားပြီး အရမ်းလေးနက်သွားပါပြီ။ အရိယာပုဂ္ဂိုလ်တွေရဲ့ အရေးအရာဖြစ်သွားပါပြီ။
ဒါကြောင့် ဒီနေရာမှာတော့ ကမ္မပစ္စည်းအကြောင်းက ဒီလောက်ပါဘဲ။ ။
--------------------
မူရင်း. Page.. https://m.facebook.com/story.php?story_fbid=378212648998668&id=334976996655567
No comments:
Post a Comment