#မင်္ဂလာပါသူတော်ကောင်းတို့
တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ ကျင်းပရခြင်းအကြောင်းအရင်း
❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖❖
.
တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ လို့ ရှေးသူတော်ကောင်းတွေက သတ်မှတ်ကြပါတယ်။ ကုရုဓမ္မလို့လဲ ခေါ်ကြပါတယ် ။ အဓိပ္ပါယ် အတူတူပါ။
.
ဒီလိုသတ်မှတ်ရတဲ့ အကြောင်းအရင်းက ၅၅၀ -နိပါတ်တော်ပါ ဇာတ်လမ်းလေးထဲက ဂရုဓမ္မကို လုံခြုံစွာဆောက် တည်ကြခြင်းကို အကြောင်းပြု လို့ ခေါ်ဝေါ် သတ်မှတ်ခဲ့ကြတာပါ။
.
ဂေါတမ မြတ်စွာဘုရား နုစဉ် အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေထိုင်ကြတဲ့ ရှင်ဘုရင်နဲ့ တကွသော တိုင်းသူပြည်သားများဟာ ငါးပါးသီလကို လုံခြုံစွာဆောက်တည်နိုင်ကြတဲ့ အတွက် မိုးလေဝသကောင်း၊ ရာသီ ဥတုမှန်ကန်ကောင်းမွန်ပြီး အစာရေစာပေါများကာ သာယာဝပြော စည်ပင်ပါတယ်၊ ကပ်ကြီး သုံးပါးမှလည်း လွတ်မြောက်ကြပါတယ်။
.
အဲဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကလိင်္ဂတိုင်းမှာ မိုးခေါင်ရေရှား အစာရေရှားပါးခြင်း=ဒုဗ္ဘိက္ခန္တရ ကပ် ၊ အနာရောဂါတွေ ဖြစ်ပွားခြင်း=ရောဂန္တရကပ် ၊
လက်နက်ဖြင့် လုယက်နှိပ်စက်ခြင်း=သတ္တ န္တရကပ် တည်းဟူသော ကပ်ကြီးသုံးပါး ဆိုက် ရောက်နေကြတယ်၊ အဲဒီကလိင်္ဂတိုင်းက တာဝန်ရှိသူတွေက အခြားအခြားသော အိမ်နီးချင်းတိုင်းပြည်များကို လှမ်းမျှော် စုံစမ်း ကြည့်လိုက်တဲ့အချိန်မှာ - အိမ်နီးချင်း--ကုရုတိုင်းမှာ မိုးလေဝသမှန်တယ်၊ ရာသီဥတုတွေလည်း ကောင်းမွန်တယ်၊ အစာရေစာတွေလည်း ပေါများ ကြွယ်ဝတယ် ဆိုတာ တွေ့ရတယ် ။
.
ဒီလို ကောင်းမွန်ပြည့်စုံပြီး ရာသီဥတုတွေ, မိုးလေဝသတွေမှန်နေတာမြင်တော့ ကုရုတိုင်း မှာ အဉ္စန၀ဏ္ဏ ဆင်ဖြူတော်ကြီး ရှိလို့ဖြစ်မှာပဲလို့ ယူဆကြပြီး ကုရုတိုင်းမှာ အဲဒီဆင်ကြီးကို ရရှိအောင် ကိုယ်စား လှယ် လွှတ်ပြီး ရွှေနဲ့လဲပါလို့ တောင်းဆိုပါတယ်။ ဒီတော့ ကုရုဘုရင်က စာနာ ထောက်ထားပြီး သင်တို့ တိုင်းပြည်မှာ မိုးရွာ မယ် ဆိုရင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့ မလဲဘဲ အခမဲ့ မေတ္တာလက်ဆောင် ပေးပါမယ် ဆိုပြီး ပေးလိုက်ပါတယ်။ ဆင်ကြီး ရောက်တော့လဲ ကာလိင်္ဂ တိုင်းမှာ မိုးက မရွာဘဲ ခေါင်မြဲ ခေါင်နေပါတယ်။
ဒီတော့မှ တစ်ခါထပ်ပြီး ပြန်ဆန်းစစ်ကြရပါတယ်။
.
နောက်ဆုံးတော့ ကုရုတိုင်းနေ လူ အပေါင်းတို့ ကျင့်သုံးနေတဲ့ ငါးပါးသီလ-ကုရုဓမ္မ ကြောင့် ဖြစ်တယ်ဆိုတာကို အမှန်သိမြင် သွားကြပါတယ်။ကုရုတိုင်းမှာ တတိုင်းတပြည်လုံး ငါးပါးသီလ မြဲကြတဲ့ အနက်
၁။ ဘုရင်
၂။ မယ်တော်ကြီး
၃။ မိဖုရားကြီး
၎။ အိမ်ရှေ့မင်း
၅။ ပုရောဟိတ်ကြီး
၆။ မြေတိုင်းအမတ်
၇။ ရထားထိန်း
၈။ လယ်ပိုင်ရှင်ကြီး
၉။ တံခါးမှူးနဲ့
၁၀။ ပြည့်တန်ဆာမ တို့ ဆယ့်တစ်ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့ အတွက် သူတို့ ထံမှ ကုရုတိုင်းမှာ ကျင့်သုံးကြတဲ့ ကုရုဓမ္မ ငါးပါးသီလကို ရွှေပြားပေါ်မှာ ကူးယူ ရေးပြီး တောင်းလာခဲ့ပါတယ်။ ကုရုဓမ္မလို့ ခေါ်တဲ့ ငါးပါးသီလကို ကလိင်္ဂတိုင်း ရှင်ဘုရင်က စပြီး တတိုင်းပြည်လုံးကျင့်သုံး ကြတဲ့ အခါမှာ မိုးရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ကပ်ကြီး ၃ပါးက လွတ်ကင်းပြီး ရာသီ ဥတု မှန်ကန်ပြီး သာယာ ၀ပြောတဲ့ နိုင်ငံ ဖြစ်လာပါတယ်။
(ဇာတက-အဋ္ဌကထာ-၂: ၃၃၅)
.
ဒီလိုဘေးအန္တရာယ်တွေ ကျော်လွှားနိုင်စေတဲ့၊ ရာသီဥတုဖောကပြန်မှုကိုလည်း ကာကွယ်ပေးစေနိုင်တဲ့ ကုရုဓမ္မ ခေါ်တဲ့ ဂရုဓမ္မဆိုတာ-- တကယ်တော့ ငါးပါးသီကို ခေါ်တာပါ။.
ဂရုဓမ္မာ ဝုစ္စန္တိ ပဉ္စ သီလာနိ
( စရိယာပိဋက-အဋ္ဌကထာ- ၃၉။)
.
ဒီကုရုဓမ္မခေါ်တဲ့ ပဉ္စသီလကိုပဲ နာမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်သုံးစွဲကြပါသေးတယ်-
.
၁။ သူတော်စင်များ အလေးဂရုထား ကျင့်သုံးအပ်သောကြောင့်
ဂရုဓမ္မ သီလ တစ်နည်းဆိုသော် ငါးပါးသီလခေါ် ပဉ္စသီလပင်ဖြစ်ပါသည်။
.
၂။ ထိုငါးပါးသီလကိုပင် ကမ္ဘာဦးအစက စတင်ဖြစ်ပေါ်လာသော တရားဖြစ်သောကြောင့် ပဝေဏီ ဓမ္မ္မ (သို့ ) ပဝေဏီသီလ ဟုလည်း ခေါ်ပါသည်။
.
၃။ စကြ၀တေးမင်းတို့  ဓမ္မသတ်သဖွယ် ကျင့်သုံးလိုက်နာခဲ့သောကြောင့်
စက္ကဝတ္တိဓမ္မသတ် ဟုခေါ်ခဲ့သည်။
.
၎။ ကုရုတိုင်းသားများ အမြဲကျင့်သုံးခဲ့သောတရားဖြစ်သောကြောင့်
ကုရုဓမ္မ ဟုလည်း ခေါ်ကြသည်။
.
၅။ ငါးပါးအရေအတွက် ရှိသောကြောင့် ပဉ္စသီလ ဟုလည်း ခေါ်ဆိုပြန်ပါသည်။
.
၆။ လူအများ ကျင့်သုံးအပ်သောကြောင့် ဂဟဋ္ဌသီလ ဟုလည်း ခေါ်ပါသည်။
.
၇။ လူတို့  (ခါးဝတ်ပုဆိုး လုံချည် တို့ကဲ့သို့ ) အမြဲ စောင့်သုံးအပ်သောကြောင့်
နိစ္စသီလ ဟုလည်း ခေါ်ပါသည်။
.
၈။ မပြုလုပ်အပ် မပြောဆိုအပ်ဟု တားမြစ်ထားသောတရားဖြစ်သောကြောင့်
ဝါရိတ္တသီလ လို့ခေါ်သည်။
.
၉။ အရိယာဝင် သူတော်စင်တို့ မြတ်နိုးခင်မင်သောတရားဖြစ်သောကြောင့်
အရိယကန္တသီလ လည်းဖြစ်သည်။
.
၁၀။ ကျင့်သုံးအပ် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလ ဟုလည်း ခေါ်ပါသည်။
.
ကုရုဓမ္မများကိုကျင့်သုံးပြီး ဘေးအပေါင်း ရန်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ..
ချမ်းသာကိုယ်စိတ်မြဲကြပါစေ...
.
နိုင်ငံတော် ပိဋကတ်တိုက်မှူး ဘဒ္ဒန္တ ပညာသာမိ (မာဂဓီ-သာစည်) ဆရာတော် ရေးသားပြုစု အပ်သော အခါတော်နေ့များ စာအုပ်မှ ကောက်နှုတ်ရေးသား ပါသည်။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpageတင်ဆက်သည်။
No comments:
Post a Comment