စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 26, 2022

ကျန်ရှိနေသေးတဲ့သက်တမ်းကိုဘယ်လိုနေမလဲ

 ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ᠌᠌᠌
🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁

   လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်မလဲ။ 

   ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှု,  အခြံအရံ...  ဒါတွေအားလုံးနဲ့ မဆိုင်ပါဘူး..။

    ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။ ᠌᠌᠌ ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ရုံပါပဲ။

    မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲသွားလိုက်ပါ။
ပြီးတော့... ငါးပါးသီလ ယူလိုက်ပါ။
ဒါဆို သီလသိက္ခာတည်သွားပါပြီ။
နောက်.. ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။
နောက်ဆက်ပြီး.. ဝိပဿနာကို
ငါးမိနစ် ပွားလိုက်ပါ။
ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။ ᠌᠌᠌

   သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ပြီးတော့..”  ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပဲ.. ᠌᠌᠌ လို့ အသံထွက်ပြီး သုံးကြိမ်လောက်ရွတ်လိုက်ပါ။
နေ့ခင်းဘက် တစ်ကြိမ်၊ ညဘက်တစ်ကြိမ် အသံထွက်ပြီး ရွတ်... ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။

    ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်လာတာနဲ့ ကိုယ့်ရဲ့စိတ် ပါဝါစွမ်းအားတွေလည်း အလိုလို ရောက်လာတာပါ။ တရားသံနဲ့ပြောရင် ကိုယ့်ကိုယ်ကို  ကြည်ညိုလာတာပါ။ ᠌᠌᠌ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ 
**** သူတစ်ပါး ကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က အဓိကပါ။ ᠌᠌᠌

   အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မထွက်ပါနဲ့။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ကိုသုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့စိတ်ဓာတ် တက်ကြွမှုကို ကူညိပါလိမ့်မယ်။

   တစ်ခါတစ်လေ အဆင်မပြေမှုတွေနဲ့ ကြုံတဲ့အခါပဲဖြစ်ဖြစ်...
   လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်တွေဝင်လာရင်  ကိုယ့်ရင်ထဲကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့ ကိုယ်ဟာ တန်ဘိုးရှိတဲ့သူ တစ်ယောက်ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာမလိုတော့ပါဘူး..။ ᠌᠌᠌

   တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး..၊ ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်..၊
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   ကိုယ့်မှာ အခြံအရံ အသိုင်းအဝိုင်း မရှိဘူး..
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   ကိုယ့်မှာ မအောင်မြင်ဘူး...
   ကိုယ့်မှာ ကားမရှိဘူး...
   ကိုယ့်မှာ မကျန်းမာဘူး...
   ကိုယ့်မှာ ငွေကြေးမချမ်းသာဘူး..
ဘာဖြစ်လဲ... ကိုယ့်မှာ သိက္ခာသုံးပါး ရှိနေတာပဲ။
လူတစ်ယောက်ရဲ့တန်ဖိုးကို အခြံအရံ အသိုင်းအဝိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ.. ။ သိက္ခာသုံးပါးနဲ့ပဲ ဆုံးဖြတ်တာပါ..။

   အလုပ်သွားတဲ့အခါ၊
   အလုပ်နားတဲ့အခါ.. 
နောက်ဆုံး အိမ်သာတက်ရင်လည်း ဂုဏ်တော်လေးကို ပွားနေမယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ  သမာဓိသိက္ခာ ᠌᠌᠌တွေ ဖြစ်နေတာပါ။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း  ပညာသိက္ခာ  ᠌᠌᠌တွေ တည်နေတာပါ။

   *** ” ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ..”᠌᠌᠌ ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲကို သေချာထည့်ထားရမှာပါ။ ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့အချိန်တွေကို သတိလေးကပ်ပြီး သိက္ခာသုံးပါးနဲ့ နေသွားယုံပါပဲ..။

   ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇာတ်တော်တစ်ခုကို အကျဉ်းချုပ် ပြောပြပါဦးမယ်..။

   တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြာဿဒ်ထက် တိုက်ခန်းမှာ နေနေစဉ်.. လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ မင်းသမီးလေးအနားချည်းကပ်၍..
   ” မင်းသမီး.. တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ..”
မင်းသမီးလဲ အထိတ်တလန့် ဖြစ်သွားပြီး
   ” သင် ဘယ်လိုလုပ် တက်လာတာလဲ”
လို့ပြန်မေးလိုက်တယ်။
ထိုအခါ လုလင်က..
   ”ငါဟာ နတ်သားတစ်ပါးဖြစ်တယ်။ ငါ့အတွက် ဒီကိုလာဖို့ မခက်ပါဘူး။ သင်ကငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့ ရွှေအပြည့်ပေးပါ့မယ်..” 
လို့ ပြန်ပြောပါတယ်။

   ဒီတော့ မင်းသမိးလေးက..
   ” သင့်ဟာသင် နတ်သားမကလို့ ဘာပဲဖြစ်နေဖြစ်နေ.. ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့..” လို့ နှင်လွှတ်လိုက်တယ်။

   ဒုတိယညလဲ လုလင်ပျိုနတ်သားဟာ ငွေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်တယ်..

   တတိယညကျတော့ လုလင်ပျိုနတ်သားဟာ ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုပြန်လာပြန်တယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပြီ။
ပထမရက်မှာ.. ရွှေခွက်နဲ့ ရွှေအပြည့်
ဒုတိယရက်မှာ.. ငွေခွက်နဲ့ ရွှေအပြည့်..
တတိယရက်မှာ.. ကြေးခွက်နဲ့ ရွှေအပြည့်..
ဆိုတော့ အထူးအဆန်းဖြစ်နေတယ်။ ဒါကြောင့် မင်းသမီးဟာ လုလင်ပျိုနတ်သားကို မေးကြည့်တယ်..
   
   ” အသင် ယောက်ျား.. ယောက်ျားဟာ မိန်းကလေးကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ အခု သင်က ဘာဖြစ်လို့ တစ်နေ့ထက် တစ်နေ့ လျှော့လျှော့ပေးရတာလဲ.. ” လို့ မေးပါတယ်။

   ဒီတော့ လုလင်ပျိုနတ်သားက..
   ” မင်းသမီးရယ်.. သင့်ရဲ့အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ တိုးတိုးပျို ပျို လာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးရမှာပေါ့.. ။အခု သင့်ရဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ လျော့လျော့ အိုအိုလာတာပဲ... ဒါကြောင့် ငါက ပစ္စည်းကို လျော့လျော့ပေးတာပါ...
တစ်နေ့ တစ်ညကုန်လွန်တာကို ထားပါအုံး.. အခု ငါ ကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည်အဆင်းတွေက တဖြုတ်ဖြုတ်နဲ့ အို... အိုလာနေပြီလေ.. တစ်နေ့ထက် တစ်နေ့ ပျိုပျိုလာတာမှမဟုတ်တာ..” လို့ ရှင်းပြလိုက်ပါတယ်။

  တကယ်တော့ လုလင်ပျိုနတ်သားဟာ အတိတ်ဘဝက မင်းသမီးလေးရဲ့ ခင်ပွန်းဟောင်းဖြစ်ပြီး.. လူ့ပြည်မှာကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး တရားဟောပြတာဖြစ်ပါတယ်။ 

  တစ်ရက်ပြီးတစ်ရက် တိုးတိုးပြိး အိုလာတဲ့ ဒီတရားသဘောကို အခြေခံပြိး.ဆရာတော် ဘုရားတွေက..
 တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီူလာပြီ ᠌᠌᠌လို့ သတိပေးထားပါတယ်။

   နံနက်အိပ်ယာနိုးလာတာနဲ့ မထသေးဘဲ
 တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်ရက်နီးလာပြီ ᠌᠌᠌.. 
လို့ သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။
ငယ်ရွယ်သေးတဲ့အချိန်ကတည်းက ပါရမီတွေဖြည့်ဖို့.. ကုသိုလ်တွေစုဆောင်းထားဖို့ အခွင့်အရေးရက်တွေမှာ သေချာအားထုတ် ကြိုးစားထားကြရမှာဖြစ်တယ်။

   ဘယ်အသက်အရွယ်ပဲ ရောက်နေ ရောက်နေ.. 
**  ကျန်ရှိနေသေးတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ.. ** ᠌᠌᠌ ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေသေးတဲ့ သက်တမ်းအတွက် #ဘဝပုံစံ ကို သေချာချရမှာပါ။ နောက်ပြီး ကိုယ်ချထားတဲ့ #ဘဝပုံစံလေးအတိုင်းပဲနေသွားကြဖို့ပါပဲ။

   ဘာပဲဖြစ်နေဖြစ်နေ ဘာမှ အားငယ်စရာမလိုပါဘူး ။ ကိုယ့်ရင်ထဲမှာ
 သိက္ခာသုံးပါး တည်နေရင်.. ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။ ᠌᠌᠌

စာကြွင်း.. ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်သူက လက်တွေ့ကျင့်သုံးသွားမယ်ဆိုရင် စာရေးသူအတွက် ရေးရကျိုးနပ်သွားပါပြီ။
#((နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ))
✏✏✏ရဝေနွယ် (အင်းမ)
              အလင်းတန်းဂျာနယ်
              ၃၁. ၈. ၂၀၀၉   

   https://www.facebook.com/DhammaSarpay/
**** မြတ်ပါရမီ
           မြတ်ဗုဒ္ဓ၏သာသနာ page
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ လှူဒါန်းပူဇော်ပါသည်။

စာချစ်သူ ဓမ္မမိတ်ဆွေအပေါင်း ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် ပြည့်စုံသော ငြိမ်းချမ်းသည့် ဘဝပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပါ၏။
🍁🌺🍁🌺🌹🌻🌺🍁🌹🌺🍁🌹🌺🍁

ဘဝဆိုတာဘယ်သူမပြု မိမိမှု

ဘဝဆိုတာ ဘယ်သူမပြု မိမိပဲ. . 
-----------------------------------
ဘဝဆိုတာ အောက်တန်းကျတဲ့ ဘဝလည်း ဖြစ် တတ်တယ်။

အထက်တန်းကျတဲ့ဘဝလည်း ဖြစ်တတ်တယ်။

အဲ့တော့ အောက်တန်းကျခြင်း အထက်တန်းကျခြင်း ဆို တာ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှု နဲ့ပဲ ဆိုင်တယ်ပေါ့။

အထူးသဖြင့် မာန်မာန မထားရမယ့် ပုဂ္ဂိုလ်တွေကို မာန်မာနထားတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ဘဝရောက်ရင် အပြစ်ဒဏ် ခတ်ခံရသလိုပဲ အောက်တန်းကျတဲ့ ဘဝရောက်တတ်တယ် သူက။

မာနကြီးတဲ့ ပုဂ္ဂိုလ်ဟာ ကဲ မာန ကြီးဦးဟာ ဆိုပြီး တော့ ကံတရားကပြစ်ဒဏ်ခတ်လိုက်တော့ အောက်တန်းကျတဲ့ ဘဝရောက်သွားတယ်။

ဘဝမှာ ကိုယ့်ရဲ့ စိတ်ဓာတ် အတိုင်း လူတွေဟာ ဖြစ်တတ်တယ်ပေါ့။

ဒါလည်း သတိထားစရာပေါ့။

မာန်မာနကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အောက်တန်းကျတဲ့ ဘဝ ရောက်သွားတယ်။

သူများကို ရိုသေလေးစားသမှု ပြုတဲ့ ပုဂ္ဂိုလ် ဟာ ကိုယ့်ကို ပြန်လည်လေးစားပြီး ရိုသေတဲ့ ဘဝမျိုးရောက်တယ်။

ဘာဖြစ်လို့တုန်းဆိုရင် ဘယ်သူမပြု မိမိမှု ဆိုတဲ့ အတိုင်း ကိုယ်လုပ်ခဲ့တာတွေ ချည်းပဲ။အကုန်လုံး။

ကိုယ်ကသူများကို စော်ကားခဲ့တယ်ဆိုလို့ရှိရင် ကိုယ်ဟာ စော်ကားခံရတဲ့ ဘဝမျိုး ရောက်သွားတတ်တယ်။

ကိုယ်စော်ကားခဲ့တဲ့ ပြစ်မှုတွေဟာ တချိန်ကျရင် ကိုယ်ဟာ ပြန်ပြီး အစော်ကားခံရတာမျိုးတွေ ဖြစ်လာတယ်။

ကိုယ်လုပ်ခဲ့တာတွေ ကိုယ့်ဆီကို ပြန်ရောက်တတ်တယ်တဲ့။

ဒါ reaction သဘောအရ အဲ့ဒီအတိုင်းပဲ။

ကံတရားဆိုတာလည်း အလားတူအကျိုးပေးတတ်တယ်။

ကိုယ်က ရိုသေလေးစားသမှု ပြုခဲ့တယ်။

ကိုယ့်ထက် သီလ သမာဓိ ပညာ အသက် သိက္ခာ ဂုဏ်ဝါကြီးမားတဲ့သူတွေကို ရိုသေလေးစားလို့ရှိရင် ကိုယ်ကလည်း အရိုအသေခံရတဲ့ ဘဝမျိုးရောက်တတ်တယ်။

ကိုယ်ကရိုသေလို့ ကိုယ်လုပ်ခဲ့တဲ့ ရိုသေမှုသည် ကိုယ့်ဆီ ပြန်ရောက်လာတယ်။

ကိုယ်လုပ်ခဲ့တဲ့ စော်ကားမှုသည် ကိုယ့်ဆီပြန်ရောက်တယ်။

အဲ့တော့ ကောင်းတာ မကောင်းတာတွေ ဟာ ဘယ်သူ့မှ သွားပြီး အပြစ်မတင်နဲ့။

ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပေတော့။

အရုပ်ဆိုးအကျည်းတန်တာလည်းပဲ အမေအဖေ ကို သွားပြီးအပြစ်မတင်နဲ့။

အမေက ရုပ်ဆိုးလို့ အဖေက ရုပ်ဆိုးလို့နဲ့ သွားအပြစ်မတင်နဲ့။

ဖြစ်လေရာဘဝမှာကို ဒေါသကြီးခဲ့လို့ ရုပ်ဆိုးတာ။

တချို့ အမေ အဖေက ရုပ်ဆိုးပါတယ်။သားသမီးတွေကျတော့ ကြည့်ပျော်ရှုပျော် ဖြစ်တာလည်း ရှိပါတယ်။

အမေ အဖေ တွေက သန့်သန့်ပြန့်ပြန့်ရှိသော်လည်း သားသမီးမှာလည်း ရုပ်ဆိုးတာလည်း ရှိတတ်တယ်ပေါ့နော်။

ဒါကြောင့်မို့လို့ ဘဝဆို တာ ဘယ်သူမ ပြု မိမိ မှုပဲ။

ကိုယ်လုပ်ခဲ့တာတွေ ကိုယ်ပြန်ခံစားရတယ်။

ဒါကတော့ ဓမ္မ နိယာမ လို့ခေါ်တဲ့ မလွဲမသွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ ကို ဖော်ပြတာပဲ။ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

သောဏာထေရီမ ၏ ပါရမီ ဘဝနှင့် နောက်ဆုံးနေ့ရက်များ တရားတော်မှထုတ်နုတ်တင်ပြပါသည်။

ပါချုပ်ဆရာတော်ဘုရားကြီး

 Credit...KhinSandarSoeHtut

ခဏိကသမာဓိ

ခဏိကသမာဓိ 
🌸🌸🌸🌸🌸🌸

ခဏိကသမာဓိဆိုတာ...
ခဏလေးဖြစ်ပြီး ပျက်သွားတာကို
ပြောတာမဟုတ်ပါဘူး။

(ခဏအခိုက်လေး)တွေ 
အခိုက်ပေါင်းများစွာ သိလိုက်တဲ့အခါ 
အများကြီး ဖြစ်သွားတယ်။

စွမ်းအားတွေ ပြည့်သွားတယ်။
ဒါကို 'ခဏိကသမာဓိ' လို့ ပြောတာ 
ဖြစ်ပါတယ်။ 

(ဖြစ်တဲ့အခိုက်)ကလေးကို သိတယ်။

ဖြစ်ခိုက် တစ်ရာ ရှိရင်...
သိတဲ့အခိုက် ပေါင်းကလည်း
တစ်ရာ ရှိသွားပါမယ်။ 

တစ်ရာလုံးလုံး စဉ်ဆက်မပြတ် သိတယ်။
သမာဓိ ရသွားတယ်ဆိုရင်
ဒါ ခဏိကသမာဓိ ပဲ။
'တစ်ရာ' ဆိုတော့ အားရှိပြီပေါ့။

တစ်ကြိမ်ထဲ သိတာ မဟုတ်ဘူး။
ခဏလေး သိပြီး 
ပျောက်သွားတာမျိုး မဟုတ်ဘူး။

အာရုံ ကလည်း
(ဖြစ်တဲ့အခိုက်)ကလေး

သိတဲ့ စိတ် ကလည်း 
(သိတဲ့အခိုက်)ကလေး

အခိုက်ပေါင်း မြောက်များစွာ 
ရာထောင်ချီသွားကြတဲ့ အခါကျတော့...

သမာဓိစွမ်းအားဟာ...
ဒလစပ် ဖြစ်လာပြီး
ခဏိကသမာဓိ ဆိုတာလည်း 
စွမ်းအားပြည့်တဲ့-
သမာဓိတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့်မို့လို့...
ဝိပဿနာအားထုတ်လို့ရှိရင်...

ဥပစာရသမာဓိ
(စျာန်နားကပ်နေသောသမာဓိ) မရှိချင်နေ 
အပ္ပနာသမာဓိ(စျာန်သမာဓိ) မရှိချင်နေ 

အခိုက်ပေါင်း များစွာကို 
စဉ်ဆက်မပြတ် အာရုံလေးပေါ်မှာ...

စိုက်ကျနေတဲ့ ခဏိကသမာဓိ
ရှိပြီဆိုရင် ' ဝိပဿနာ ' ဖြစ်တယ်။

အဲ့ဒီ သမာဓိမျိုးလောက်မှ မရှိရင် 
ဝိပဿနာ မဖြစ်ဘူး။

ပါချုပ်ဆရာတော်ဘုရားကြီး

Credit....

Friday, January 21, 2022

သဒ္ဓါတရားနှင့်ပြည့်စုံသူ၏အကျိုးငါးပါး

သဒ္ဓါတရားနှင့် ပြည့်စုံသူ၏ အကျိုးတရား ၅ ပါး
~~~~~~~~~~~~~~~~~~~~~~~~~

၁။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ သနား စောင့်ရှောက်ကြကုန်၏။
သဒ္ဓါတရားမရှိသူကို မစောင့်ရှောက်ကြကုန်။

၂။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ ချဉ်းကပ်ကြကုန်၏။
သဒ္ဓါတရားမရှိသူကို မချဉ်းကပ်ကြကုန်။

၃။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ အလှူခံကြကုန်၏။
သဒ္ဓါတရားမရှိသူကို အလှူမခံကြကုန်။

၄။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ တရားဟောကြကုန်၏။
သဒ္ဓါတရားမရှိသူကို တရားမဟောကြကုန်။

၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ ရောက်ကြကုန်၏။
သဒ္ဓါတရားမရှိသူသည် အပါယ်ဒုဂ္ဂတိသို့သာလျှင် လားကြကုန်၏။

ဆင်ခြင်ဖွယ်ရာကောင်းလှပေ၏

#သီတာရေစင်

Credit...

Thursday, January 20, 2022

ကံသုံးပါး

အပြု (ကာယကံ)
********************

ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ 
ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ 
မမှားရှောင်ကြဉ်ပါ။

ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊
မမှားရှောင်ကြဉ်ပါ။

ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ 
ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊
မမှားရှောင်ကြဉ်ပါ။

အပြော (ဝစီကံ)
******************
ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊
မမှားရှောင်ကြဉ်ပါ။

ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊
မမှားရှောင်ကြဉ်ပါ။

ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊
မမှားရှောင်ကြဉ်ပါ။

 အတွေး(မနောကံ)
**********************
တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊
မမှားရှောင်ကြဉ်ပါ။

တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊
မမှားရှောင်ကြဉ်ပါ။

တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊
အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊
ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊
မမှားရှောင်ကြဉ်ပါ။

အရှင်ဇနကာဘိဝံသချမ်းမြေ့ဆရာတော်

Credit.....

မလည်ချင်တဲ့ဘုန်းကြီး

"မလည်ချင်တဲ့ ဘုန်းကြီး"

**********************************

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က...

 ဟို - အမေရိကန်မှာ သာသနာပြုနေတဲ့
သိရီလင်္ကာက ဆရာတော်တစ်ပါး -။
မြန်မာပြည်ရောက်လာလို့ -။
ဦးဇင်းတို့ကျောင်း ရောက်လာတယ်။
သာသနာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ 
ရောက်လာကြ - ။

သူက ဘာပြောသလဲ ။
အရှင်ဘုရားကို အမေရိကန်ကို ပင့်ချင်တာတဲ့ -

ဟာ - တပည့်တော် မလိုက်ချင်ဘူးလေ၊ အရှင်ဘုရား သာသနာပြုပေါ့၊ 

ဟာ- သာသနာပြု အရှင်ဘုရားလို ပြုမှ
 ပိုအရာရောက်မှာ ။ ကြွပါ။

ဟင် မကြွချင်ပါဘူးဘုရား တပည့်တော်၊ 

အရှင်ဘုရားပဲ သာသနာပြုပါ၊ 

စရိတ်ခံပါမယ်၊

 စရိတ်ခံလည်း - မလိုက်ချင်ပါဘူးဗျာ။

ဟာ - အရှင်ဘုရား နိုင်ငံခြားမှာ 
အထူးအဆန်းတွေ ပေါတယ်နော်၊တဲ့။
အမေရိကန်လို နေရာမျိုးမှာ
 အထူးအဆန်းတွေ တကယ်ပေါတာ။
အဲဒီအထူးအဆန်းတွေ ကြည့်ရတာပေါ့
လေ့လာရတာပေါ့။ တဲ့ ။

အရှင်ဘုရား .... ( ဒီကပြောရတာ၊)
အရှင်ဘုရား - လူလုပ်လို့ဖြစ်တဲ့
အထူးအဆန်းတွေထဲမှာ. ...
 တရားလောက် ထူးဆန်းတာ 
ဘာမှမရှိဘူး ဘုရား။

တရား ဆိုတဲ့ ဓမ္မကလည်း - 
တပည့်တော်တို့ ဟောဒီမြေပေါ်မှာ 
ဘယ်တိုင်းပြည်နဲ့မှ ယှဥ်လို့မရ ။
အပြည့်အစုံရှိတယ် ဘုရာ့။

ဓမ္မနည်းလမ်းက - ဒီမြန်မာ့မြေ‌ပေါ်မှာ
 ပရိယတ္တိစာသင်တိုက်ကြီးတွေရဲ့ ကျေးဇူးကြောင့် -
ဆရာဒကာ - ညီညာပေါင်းစု ချီးမြှောက်မှုကြောင့် 
အပြည့်အဝ အတိအကျ အခိုင်အမာ ရှိတယ်ဘုရား။

အဲဒါကို နည်းမှီပြီးတော့...
 ခန္ဓာအသုံးချ- ဖြည့်ကျင့်ကြိုးစား အားထုတ်လိုက်ရင် 
လူ့စွမ်းအားတွေ ထူးထူးဆန်းဆန်းတွေ ပေါ်တယ်။

တရားလောက် ထူးဆန်းတာ 
ဘာမှ မရှိဘူးဘုရာ့၊ 
အထူးအဆန်းပဲ ကြည့်ချင်တယ် 
လေ့လာချင်တယ်ဆို
 တပည့်တော်တို့ မြေပေါ်ကြွရုံပဲဘုရား၊ 
ဒီမြေပေါ်မှာ အပြည့်အစုံ ရှိတယ်-ဘုရား။

ဒိပြင် လူလုပ်လို့ဖြစ်တဲ့ -အထူးအဆန်းတွေဟာ - 
အရှင်ဘုရားသိပြီးသားပဲ။
အကုန်အနိစ္စပဲ မဟုတ်လားဘုရား၊ 
အကုန်ဒုက္ခတွေပဲ မဟုတ်လား၊
အကုန် အနတ္တတွေ မဟုတ်လား။

ခန္ဓာမှာ အထူးအဆန်းဆုံး
 အချိန်မ‌ရွေး ထုတ်လို့ရတဲ့ ထူးထူးဆန်းဆန်းပဲ
 တွေ့ချင်တယ် ဆိုရင်တော့
 ဒီမြေမှာပဲ နေရုံပါပဲဘုရား ... ဆိုတော့

 သူက ဟုတ်တော့ ဟုတ်ပါတယ်လေ -တဲ့
ဒါပေမယ့်... ဗဟုသုတတော့ ...
ဒေသန္တရ ဗဟုသုတော့ လိုက်ပါအုန်းတဲ့၊ 

ဒေသန္တရ ဗဟုသုတလည်း မလိုချင်ဘူးဘုရား။
အရှင်ဘုရားလည်း သိပြီးသားပဲ၊ 
ဓမ္မဆိုတဲ့နည်းနဲ့ - ဒီခန္ဓာ ခြေဆုံးခေါင်းဆုံး-
လေးငါးခြောက်ခေါက်လောက် လှည့်လိုက်တာနဲ့ 
အကုန် အကြောင်းသိပါပြီဘုရား၊ 

အကုန်လုံး ရုပ်နဲ့နာမ်ပဲ ရှိတာပဲ၊ ခန္ဓာပဲ ရှိတာပဲ -
ဒါတွေလည်း ဘယ်ဟာမှ  ခိုင်မြဲတာတစ်ခုမှ မရှိ၊ 
အားလုံးဟာ - နောက်ဆုံး ဆင်းရဲ အစုကြီးပဲ၊ 

ကိုယ့်အလို တချက်ကမှ မလိုက်၊ 
ကိုယ့်ခန္ဓာလေ့လာလိုက်ရင်  ဒိပြင် ဟာတွေလည်း 
အကုန်လေ့လာပြီးသား ဖြစ်ပါတယ်။
တော်ပြီဘုရား တော်ပြီ -ဘုရာ့ 
မလိုက်ချင်ဘူးဘုရား။

သူက မှတ်ချက်ချတယ်၊ 
မလည်ချင်တဲ့ ဘုန်းကြီး ဒီတစ်ပါး တွေ့ဖူးတယ်နဲ့ 
သူကပြောတယ်။

ပြောလိုတာက အထူးအဆန်းကို ပြောတာပါ။

သူက အထူးအဆန်းတွေ ပေါတဲ့ကြောင့်
 လေ့လာပါတဲ့။

ဟာ ထူးဆန်းလို့သာ လေ့လာရင်တော့
တပည့်တော်တို့ မြေပေါ်မှာ
အထူးအဆန်း အပေါဆုံး နေရာဘုရား ။

လူလုပ်လို့ ဖြစ်တဲ့ အထူးအဆန်းထဲမှာ
တရားသာ အထူးဆန်းဆုံးပါ။ 
အဆိုးကိုလည်း တကယ်နိုင်တာ ဘုရား။
အကောင်း‌တွေ ပိုင်ဖို့ 
ဟိုမဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအထိ အားလုံးတာဝန်ယူတယ်ဘုရား။

ဒီတော့ အကောင်းတွေနဲ့ ပြည့်စုံတဲ့ နေရာပါ။
 ရှိပါတယ်ဘုရား၊ အထူး အဆန်းတွေလို့ ပြောရတယ်ဗျ။

သူကပဲ လက်မြောက်သွားပါတယ်။ 

🙏တိပိဋက ယော ဆရာတော်ဘုရားကြီး 🙏

၃၁-၁၂-၂၀၀၇၊
 စိန်တစ်လုံးတရား 
ကျန်စစ်သားလမ်း၊အမှတ် ၁၈ ရပ်ကွက်။

(အသံဖိုင်မှ စာစီပူဇော်ပါသည်။
ဒေါ်ညွန့် ပခုက္ကူ)

Credit... 

အကန်းသုံးမျိုး

လူ (၃) မျိုး
_________

လောကကြီးမှာ လူအမျိုးမျိုး ရှိတယ်။ ဒါကြောင့် လူတွေကို ခြုံငုံသုံးသပ် ကြည့်တဲ့အခါ လူသုံးမျိုး ရှိကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

အကန်းရယ်၊ တစ်ဖက်မြင်ရယ်၊ နှစ်ဖက်မြင်ရယ်ဆိုပြီး လူသုံးမျိုး သုံးစားပါပဲ။ ဒီသုံးမျိုးထဲမှာ အကန်းကတော့ ကြောက်စရာ အကောင်းဆုံးပဲ။ တစ်ဘက်မြင်လည်း သိပ်မထူးလှဘူး။ ဒါကြောင့် နှစ်ဘက်မြင် ဖြစ်အောင် ကြိုးစားရမယ်။

အကန်း
---------

တချို့လူတွေဆိုရင် လူဖြစ်လာတယ်ဆိုရုံမျှပါပဲ။ ဘာအသိမှ မရှိဘူး။ လူမှုရေးအသိ စီးပွားရေးအသိ တရားအသိတွေ အကုန်လုံး ဆိတ်သုဉ်းနေတယ်။ ဒီလိုလူစားမျိုးကို အကန်းလို့ ခေါ်တယ်။

သွားမယ် လာမယ်၊ စားမယ် သောက်မယ်ဆိုတာနှင့် အချိန်ကုန်နေတယ်။ စီးပွားရေးလည်း မလုပ်၊ ကုသိုလ်ရေးလည်း မလုပ်တဲ့ လူစားမျိုးပေါ့။

လူဘဝ မဆိုထားနဲ့၊ ပဒေသာပင် ပေါက်တဲ့ နတ်ပြည်တောင် အလုပ်လုပ်ရတယ်မဟုတ်လား။

သိကြားမင်းက သူ့သားဖြစ်တဲ့ သုဝီရကို ပြောဖူးတယ်လေ။ "အနုဋ္ဌဟံ အဝါယမံ၊ သုခံ ယတြာဓိဂစ္ဆတိ- သုဝီရရေ မပျင်းနဲ့ကွ၊ အလုပ်မလုပ်ဘဲ ချမ်းသာတဲ့နေရာဆိုရင် မင်းအရင်သွား၊ ပြီးတော့ ငါ့ကိုလည်း ခေါ်ပါ" တဲ့။

ဒါကို ကြည့်ရင် နတ်ပြည်မှာတောင် အလုပ်လုပ်ရတယ်။ ဒါကြောင့် လူ့ဘဝဆိုရင်တော့ ပြောစရာမလိုတော့ဘူး။

ကုသိုလ်ဥစ္စာ ကျန်းခံ့သာ၍၊ ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊ ထို့နေ့အတွက်၊ ကျိုးမထွက်၊ သက်သက်၀မ်းနည်းဖွယ်။

ကုသိုလ်ရရင်ရ မရင် ဥစ္စာရရင်ရအောင် လုပ်ရမယ်။ ဒါမှ မဟုတ်၊ အတတ်ပညာတစ်ခုခု တတ်အောင် သင်ရမယ်။ 

ဘာမှ မရဘူးဆိုရင် အဲဒီနေ့ဟာ ပြဿဒါးနေ့ပဲ။ ဒါကြောင့် ရက်ရာဇာ ပြဿဒါး သိချင်ရင် ပြက္ခဒိန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်ဘ၀ကိုယ်ကို ပြန်ကြည့်လိုက်ပါ။ အလုပ်လုပ်နေရင် ရက်ရာဇာ၊ အလုပ်မလုပ်ရင် ပြဿဒါးပဲ။

ဘာအလုပ်မှ မလုပ်ဘူးဆိုရင် သူ့အတွက် နေ့တိုင်း ပြဿဒါး ဖြစ်နေတယ်။ ဒါဆိုရင် အကန်းလို့ မှတ်လိုက်ပါ။

တစ်ဖက်မြင်
--------------

တချို့လူတွေကျတော့ လူမှုရေးအသိ စီးပွားရေးအသိတော့ ရှိတယ်။ ဒါပေမဲ့တရားအသိက ဆိတ်သုဉ်းနေတယ်။ တစ်ဖက်မြင်လို့ ပြောရမှာပေါ့။

စည်းစိမ် ဥစ္စာ ရာထူးအာဏာနဲ့ ပြည့်စုံတယ်။ ဒါပေမဲ့ ဘာကောင်းမှုမှ စိတ်မဝင်စားဘူးလေ။ အများအတွက်ဆိုရင် ချွေးတစ်စက်မှ အကျမခံနိုင်ဘူးပေါ့။

လူမှုရေး စီးပွားရေး ပညာရေး အကုန်လုံး နားလည်တယ်။ လောကီအမြင်ကတော့ တစ်ဖက်ကမ်းခတ်ပဲ။ ဒါပေမဲ့ ကိုယ့်ဖို့ပဲ သိတယ်၊ သူ့ဖို့ မသိဘူး။ အသီးခူးဖို့ပဲ သိတယ်၊ အပင်စိုက်ဖို့ စိတ်မဝင်စားဘူး။

ကိုယ်ကတော့ တိုက်ကြီးပေါ်မှာ ဇိမ်ခံနေတယ်၊ ဒါပေမဲ့ မိဘတွေကို ထောက်ပံ့ရကောင်းမှန်း မသိဘူး၊ ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ရကောင်းမှန်း မသိဘူး။ ရပ်ရေးရွာရေး လူမှုရေး ပရဟိတဆိုတာတွေကိုလည်း စိတ်မဝင်စားဘူး။

လူ့ချမ်းသာဆိုပေမဲ့ အသိတရားက သုညအဆင့်မှာပဲ ရှိတယ်။ ဒီလိုလူစားမျိုးကို တစ်ဖက်မြင်လို့ ခေါ်တယ်။

နှစ်ဖက်မြင်
---------------

တချို့လူတွေကျတာ့ ပစ္စည်းဥစ္စာလည်း ပြည့်စုံတယ်။ အလျှံပယ် မဟုတ်တောင် မကြောင့်မကြ နေနိုင်တယ်။ အများအတွက်ဆိုရင်လည်း စွန့်လွှတ် အနစ်နာခံတယ်။

သူ၏ ရည်ရွယ်ချက်ကလည်း ကောင်းမှကောင်း။ ရွှေချစရာပါပဲ။

“ငါ့မိသားစုသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် ငါ့မိသားစုအတွက် ဖြစ်စေရမယ်"။

“ငါ့ရပ်ရွာသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် ရပ်ရွာအတွက် ဖြစ်စေရမယ်"။

"လောကကြီးသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် လောကအတွက် ဖြစ်စေရမယ်"တဲ့။

"ဘယ်သူ တရားပျက်ပျက် ငါမပျက်စေရဘူး" တဲ့ ခံယူချက်နဲ့ ရှင်သန်နေတယ်။ ဒီလိုလူစားမျိုးကို "နှစ်ဖက်မြင်" လို့ ခေါ်ပါတယ်။

စီးပွားရေးကြီးပွားရေး လုပ်သလို ရပ်ရေးရွာရေး လူမှုရေး ပရဟိတတွေကိုလည်း လုပ်တယ်။ 

လိုရင်းပြောရရင် နှစ်ဖက်မြင်ဆိုတာ ကိုယ့်အတွက်ကော အများအတွက်ကော ဟန်ချက်ညီညီ ကြိုးစား အားထုတ်နေသူပဲပေါ့။ တကယ်တော့ သူလိုလူမျိုးဟာ လောကကြီးကို အလှဆင်ဖို့ မွေးဖွားလာသူပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် လူ့ဘဝ ရတုံးရခိုက်မှာ ကိုယ့်ဘဝကို "နှစ်ဖက်မြင်" ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ ဘဝအထက်တန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
______________________
Credit....သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Wednesday, January 19, 2022

အမွဲသုံးမျိုး

"အမွဲ သုံးမျိုး"
~~~~~~~~

လူ့ဘဝမှာ ...
အရှိမွဲတာ
အသိမွဲတာ
အကျင့်မွဲတာ ဆိုပြီး
အမွဲ သုံးမျိုးရှိတယ်...။

#ကံမွဲရင်အရှိမွဲတတ်တယ်

ကုသ်ိုလ်ကံ မပြည့်စုံမလုံလောက်ရင်
အရှိမွဲတာ၊ မရှိ,မပြည့်စုံ,မလုံလောက်တော့
မျက်နှာငယ်ရတယ်,ဆင်းရဲပင်ပန်းတယ်,
အရာရာအောက်တန်းကျရတယ်,
နောက်ကိုချည်းရောက်နေတတ်တယ်,
ရှေ့တိုးဖို့အထက်တက်ဖို့အလွန်ခက်ခဲတယ်၊
အရှိမွဲတယ်ဆိုတာ 
မပြည့်ဒုက္ခ မရှိဒုက္ခ ပါ...။

#ဉာဏ်နည်းတော့အသိမွဲတယ်

စာမတတ်လို့ ပညာမတတ်,
စာတတ်ပေမယ့် ပညာမတတ်,
ဘွဲ့တွေရထားပေမယ့် ပညာမတတ်,
အကြောင်းအကျိုးအကောင်းအဆိုး
သရုပ်မကွဲ,
လုပ်သင့်တာမလုပ်သင့်တာကို
မဆုံးဖြတ်နိုင်,
ကုသိုလ်အကုသိုလ်ခွဲခြားမသိ,
အသိပညာမပြည့်စုံတော့
မလုပ်သင့်တာတွေကို မဆင်မခြင်
ထင်ရာဇွတ်လုပ်တော့တာပဲ...။

ဒါကြောင့် အသိပညာမပြည့်စုံ,
မရှိတာက အသိမွဲတာ၊
အသိမွဲတော့ လုပ်သင့်တာမလုပ်တော့
ရှိသင့်တာတွေရှိမလာတော့ဘူး၊
ကောင်းတဲ့အခွင့်အရေးတွေ
အကုန်ဆုံးရှုံးမယ်၊
မျက်နှာငယ်ရ,ဆင်းရဲပင်ပန်းရ,
အောက်တန်းကျရနဲ့
ကုသိုလ်ကံအရှိမွဲတဲ့ထဲပါသွားပြန်ရော၊
ကံမွဲရင်ထူသူကူသူမရှိ
လဲသွားတတ်တယ်...။

#ဝီရိယနည်းတော့အကျင့်မွဲတယ်

အသိပညာတွေ စုံအောင်
တတ်မြောက်ထားပေမယ့်
သဒ္ဓါ,သတိ အားနည်းတော့
ဟိုရွှေ့ဒီရွှေ့ဟိုအကြောင်းပြဒီအကြောင်းပြနဲ့
မကျင့်ဖြစ်တော့ဘူး...။

သတိအားနည်းတော့ သဒ္ဓါနွမ်းတယ်၊
သဒ္ဓါအားနည်းတော့ ဝီရိယလျော့တယ်၊
သတိဝီရိယလျော့တော့
ဒုက္ခကိလေသာတွေကိုနိုင်တဲ့အလုပ်ကို
မလုပ်ဖြစ်တာက အကျင့်မွဲတာ...။

နည်းစနစ်ကောင်းကောင်းသိထားပေမယ့်
လမ်းမှန်ကျင့်တတ်ပါလျက်နဲ့
သဒ္ဓါဝီရိယမွဲတော့မကျင့်နိုင်၊
သတိမွဲတော့မကျင့်ဖြစ်၊
အကျင့်မွဲတော့ ဒုက္ခကိလေသာအောက်
လွှမ်းမိသမျှ ခံနေရတော့တာပဲ...။

ငြိမ်းအေးချမ်းသာမှုတွေ
ဆုံးရှုံးရတော့တာပဲ၊
ပညာမတတ်သူနဲ့ ဘာမှမထူးတော့ပဲ
ဖြစ်သွားတယ်၊
သာသနာနဲ့တွေ့ရတဲ့
ဘဝကောင်းကိုရတဲ့အခိုက်
အကျင့်မမွဲဖို့ အရေးအကြီးဆုံးပါ...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

🙏🙏🙏🙏🙏🙏🙏🙏🙏

Credit...

ကျင့်စဥ်လွဲချော်ပြီး သာသနာပြုခြင်းအန္တရာယ်

ကျင့်စဉ်လွဲချော်ပြီး သာသနာပြုခြင်း၏ အန္တရာယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျင့်စဉ်လွဲချော်ပြီး သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တစ်ချို့ဟာ 
ဘုရားရှင်ရဲ့ သာသနာတော်ကို ဖျက်ဆီးရာ ရောက်ပါတယ်။
သူတို့တွေဟာ နိဗ္ဗာန်ရဖို့အသာထား၊
ကပိလ ဆိုတဲ့ ရဟန်းကြီးလို အပါယ်ကနေ 
ခုထိ ပြန်မတက်နိုင်သလို ဖြစ်နေအုန်းမယ်နော်?
____________________________________

ကျင့်စဉ်လွဲချော်ပြီး သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တစ်ချို့ဟာ..
ဘုရားဟောအတိုင်းလည်း ပြန်မဟောဘူး။

ပညတ် ပရမတ်လည်း နားမလည်ပဲနဲ့၊
ကိုယ့်အထင် ကိုယ့်ကျင့်စဉ်ကို 
ဝိပဿနာလို့ခေါ်ပြီး ဟောနေကြတယ်။

သမာဓိထူထောင်စရာမလိုဘူးလို့လည်း
တစ်ချို့ဟောနေကြတယ်။

ဝိပဿနာမှာလာတဲ့ ခဏိကသမာဓိ ဆိုတာကို 
စာပေကျမ်းဂန်နဲ့အညီ ကျကျနန မသိပဲ ဟောနေကြတယ်။

မသိတဲ့သူတွေ ဟောနေတာကို
နားမလည်တဲ့သူတွေက ယုံနေကြတယ်။

သမထဟာ သာသနာတွင်း တရားမဟုတ်ဘူး၊
သာသနာပ တရားတွေပဲလို့ ပြောနေတဲ့
ပုဂ္ဂိုလ်တွေရဲ့ စကားကို ပြန်ပြီး ဆန်းစစ်ဖို့ မလိုဘူးလား?
လိုနေတယ်နော်။

ဘုရားရှင်က ..
✔️”သမာဓိရှိမှ ဘုရားရဲ့တရားတွေကို သိမြင်နိုင်မယ်“ တဲ့။

အဲဒီသမာဓိဆိုတဲ့ လက်နက်ကို 
မထူထောင်တဲ့အခါကျတော့ ဘာဖြစ်သလဲ?
ဘုရားဟောတဲ့ ရုပ်နာမ်တရားကို ရှု့လို့မရဘူး။ 
ဘုရားဟောတဲ့ ဒုက္ခသစ္စာတရားလည်း ရှု့လို့မရဘူး။ 
မရတဲ့အခါကျတော့ ဘာတွေပြောလဲ?
 
✖️"ဟာ ဘုရားဟောတဲ့ ရုပ်နာမ်တရားက 
သဗ္ဗညုတဉာဏ်တော်ရှင်တို့ရဲ့ အရာသာဖြစ်တယ်၊ 
သာဝကတွေရဲ့ အရာမဟုတ်ဘူးတဲ့။ 
သွားရှု့ မနေနဲ့ တော်ကြာရူးကုန်လိမ့်မယ်" တဲ့၊
ကဲ ဒီလောက်တောင် ပြောကြတယ်နော်။ 

အဲဒီလို ပြောတဲ့ ပုဂ္ဂိုလ်တွေဟာ 
ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကို 
ဖျက်ဆီးတဲ့ပုဂ္ဂိုလ်လား ?
မဖျက်ဆီးတဲ့ ပုဂ္ဂိုလ်လား ?
လို့ မေးရင်ဘယ်လိုဖြေမလဲ ??

✔️ဘုရားရှင်က “ရှု့ရမယ်” လို့ ပြောတယ်၊ 
✖️ သူတို့က မရှု့ရဘူးလို့ ပြောတယ်။ 
ရှု့ရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကို 
ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေပဲ။ 

ဘုရားရှင်ရဲ့ သာသနာတော်ကို ဖျက်ဆီးရင် ဘာအပြစ်ရှိသလဲ? 
လို့ မေးစရာရှိတယ်နော်။ 

✔️ဘုရားရှင်က 
“သစ္စာလေးပါးကို သိအောင် ရှု့ရမယ်” လို့ ပြောတယ်၊
ဒါက ဓမ်မ 

✖️အဲဒီ ဓမ္မတွေဖြစ်တဲ့ 
ဒုက်ခသစ်စာတရား သမုဒယသစ်စာတရားကို 
ရှု့လို့မရဘူးလို့ ပြောတဲ့ စကားတွေက အဓမ္မ။

ဘုရားရှင်ရဲ့ ဓမ္မကိုတော့ အဓမ္မ၊ 
သူတို့ရဲ့ အဓမ္မကိုတော့ ဓမ္မလို့ 
ပြောတာနဲ့ မတူဘူးလား ?

ဓမ္မကို အဓမ္မဟုလည်းကောင်း၊ 
အဓမ္မကို ဓမ္မဟုလည်းကောင်း 
အထင်အရှား ပြနေခြင်းသည် 
သာသနာတော်ကို ဖျက်ဆီးတယ်လို့ ပြောစရာရှိတယ်။ 

▪️အဲဒီလို သာသနာတော်ကို 
ပျက်စီးဆုတ်ယုတ်အောင် လုပ်ရင် 
ဘာအပြစ်ရှိလဲ? လို့ မေးတော့ ..

🔹🔹 ကဿပ ဘုရားရှင်လက်ထက်က 
ကပိလ ဆိုတဲ့ ရဟန်းကြီးတစ်ပါးရှိခဲ့တယ်။

သူများက ဝိနယလို့ပြောရင် - သူက အဝိနယ၊ 
သူများက ဓမ္မလို့ပြောရင် - သူကအဓမ္မ၊ 
သူများက အဓမ္မပြောတာကျတော့ - သူကဓမ္မ၊ 
အဲဒီပုံစံနဲ့ သာသနာမှာ နှစ်ပေါင်း ၂ သောင်း ၀န်းကျင်လောက် တပည့်တပန်းတွေကို သူ့ရဲ့ လွဲမှားတဲ့ ကျင့်စဉ်တွေသင်ကြားရင်း နေထိုင်ခဲ့တာ ..
ပျံလွန်တော်မူတော့ ငရဲကျသွားပါတယ်။

ငရဲဘဝကနေ ..
ဦးဇင်းတို့ ဂေါတမဘုရားရှင်လက်ထက်မှာတော့ 
အတိတ်ဘဝကို သတိရတဲ့ ငါးကြီးဘ၀ ရောက်လာပါသေးတယ်။ 

ဂေါတမဘုရားရှင်က ငါးကြီးရှိတဲ့ ကန်စပ်မှာ ခြေဆေးတော့
ငါးကြီးက ခြေတော်ကို ဦးတိုက်ရင်း
သူ့အကြောင်းပြောပြပါတယ်။

အဲဒီ ငါးကြီးဘဝကနေ ဘယ်သွားရမလဲလို့ 
ဘုရားရှင်က မေးလိုက်တဲ့အခါ 
ငရဲပဲ ပြန်သွားရမယ်လို့ အဖြေပေးပြီး၊
စိတ်ဆင်းရဲလွန်းလို့ ကျောက်စောင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး သေသွားပါတယ်။

သေသွားတော့ ငရဲပဲပြန်သွားရတယ်။ 

ဒီနေ့အထိ ငရဲက ကျွတ်ပြီလား? ဆိုတော့ ..
မကျွတ်သေးဘူး။ 

အပြစ်ကြီးလား? မကြီးဘူးလား?
ကြီးတယ်နော်။

'ကိုယ်ကြိုက်တာ ကိုယ်ကျင့်တာပဲ' 
‘ကိုယ်ကျင့်တာ ကိုယ်သင်မယ်’ လို့
မလုပ်နဲ့နော်။ 

ကျင့်စဉ်လွဲချော်နေတဲ့ ပုဂ္ဂိုလ်တွေဟာ 
မိမိနှင့်တကွ မိမိ၏နောက်လိုက် တပည့်များကို အကျိုးယုတ်စေပါတယ်။

ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေတဲ့
တရားတော်ကို ပုတ်ခတ်စော်ကားနေတဲ့ 
ပုဂ္ဂိုလ်တွေလို့
ဥဒါန်းကထာက မှတ်ချက်ချထားခဲ့ပါတယ်။

..............................................................

တရားတော်ကို ဟောကြားဆုံးမတော်မူသော
ဖားအောက်တောရ ဆရာတော်ကြီးအား
ရိုသေမြတ်နိုး ရှိခိုးကန်တော့လိုက်ပါ၏။

Credit... #အယျာကုသလဂဝေသီ 🙏🏻🙏🏻🙏🏻
======================================

မဂ္ဂင်(၈)ပါးကျင့်စဉ်တရား ရှုကွက် အဆင့်ဆင့်
******************************
အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၌ ဝိသုဒ္ဓမဂ်အား အခြေခံ၍ ကျင့်ကြံပွားများအားထုတ်လျက်ရှိသော ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း မဂ္ဂင်(၈)ပါးကျင့်စဉ်တရား ရှုကွက် အဆင့်ဆင့်ပါ။

စေတီ၏အောက်ခြေမှစတင်၍ကြည့်မယ်ဆို..
(၁) သီလဝိသုဒ်ဓိ
________
ရဟန်းတော်များအနေနှင့် ပါတိမောက္ခသံဝရသီလဟုခေါ်ဆိုသော (၂၂၇)သွယ်သော သိက္ခာပုဒ်တို့အားစောင့်ထိမ်းရပါမည်။
ပါရာဇိက လေးပါးမှလွဲ၍ ရဟန်းတော်တို့ အနေနှင့် ဝတ်ဆောက်တည်၍ ကုစားရမည့် သံဃာဒိသေသ် အာပတ်၊ အာပတ်သင့်ထားသော ဝတ္ထုပစ္စည်းတို့အား စွန့်ပြီးမှဒေသနာပြောကြားရမည့် စွန့်ခြင်းဝိနည်းကံရှိသော နိဿဂ္ဂိယပါစိတ်၊ အခြားဒေသနာပြောကြား၍ ကုစားရမည့် သုဒ္ဓပါစိတ်ကဲ့သို့သော အာပတ်တို့အား ဦးစွာစင်ကြယ်စေရပါမည်။

ထေရဝါဒသီလရှင်တို့အတွက် ဆယ်ပါးသီလ(ဇာတရူပ ရာဇတ အရ ဝတ္ထုရွှေ ငွေ ငွေစက္ကူ လုံးဝ မကိုင်တွယ်မသုံးသပ်ရပါ။)၊
လူပုဂ္ဂိုလ်တို့အတွက် ငါးပါး၊ရှစ်ပါး၊ကိုးပါး၊ဆယ်ပါးသီလ ။ ဣနြ္ဒိယသံဝရသီလ၊အာဇီဝပါရိသုဒ္ဓိသီလ၊ပစ္စယသန္နိဿိတသီလ တို့အား တတ်နိုင်သရွေ့လုံခြုံအောင်စောင့်စည်းရပါမည်။

(၂) စိတ်တဝိသုဒ်ဓိ
________
နိဝရဏအညစ်အကြေးတို့ ကင်းစင်ခြင်းငှာ စိတ်ကိုစင်ကြာ်ကြောင်း ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ ဟူသော သမာပတ်(၈)ပါးအား ပွားများခြင်း။

ဖားအောက်တောရတွင် အာနာပါနကမ္မဋ္ဌာန်းကို စတင်သင်ကြားပေးပါတယ်။အာနာပါနအားအောင်မြင်သော ယောဂီအနေနှင့် အပ္ပနာသမာဓိဟုခေါ်ဆိုသော ပထမစျာန်၊ဒုတိယစျာန်၊တတိယစျာန်၊စတုတ္ထစျာန်(စတုက္ကနည်းဖြင့်) ရှုပွားရပါမည်။အကယ်၍ အာနာပါကမ္မဋ္ဌာန်း၌ အားနည်း၍ မအောင်မြင်ခဲ့သော် ဥပစာရသမာဓိဟုခေါ်သော ဓာတ်ကမ္မဋ္ဌာန်းကို သင်ကြားရှုပွားနိုင်ပါတယ်။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၁)]

အာနာပါန စတုတ္ထစျာန် သမာဓိရှုပြီးသော ယောဂီအနေနှင့် စတုတ္ထစျာန်၏ လင်းရောင်ခြည်စွမ်းရည် အကူအညီဖြင့် ဆံပင်၊မွှေးညင်း စသော (၃၂)ကောဋ္ဌာသ အဇ္စျတ္တနှင့် ဗဟိဒ္ဓကို ရှုပွားရပေမည်။

၃၂ကောဋ္ဌာသကိုအောင်မြင်ပါက၊ ထိုမှ မိမိ၏ အရိုးစုကိုဖြစ်စေ ကောဋ္ဌာသတစ်ခုခုကိုဖြစ်စေ ပဋိကူလ ရွံ့ရှာစက်ဆုပ်ဖွယ်ဟု ရှုပွားပါက ပထမစျာန် သို့ရရှိအောင် ပွားများရပါမယ်။ဗဟိဒ္ဓကို ပဋိကူလ ရွံ့ရှာစက်ဆုပ်ဖွယ်ဟု ပွားက ဥပစာရသမာဓိသာရပါမည်။

ထိုနောက် ဗဟိဒ္ဓအရိုးကို အာရုံယူကာ အဖြူရောင်ကသိုဏ်း(ပ,ဒု,တ,စ စျာန်) ကိုလည်းကောင်း၊ဆံပင် စသည်ကို အာရုံယူ၍ အညိုကသိုဏ်း ဤသို့ဖြင့် ကသိုဏ်း(၁ဝ)ပါး၊အာကာသကသိုဏ်းမှကြွင်း၍ ကျန်ကသိုဏ်ကိုးပါးအား အခြေခံကာ အာကာသာနဉ္စာယတနစျာန်၊ဝိညာဏဉ္စာယတနစျာန်၊အာကိဉ္စညာယတနစျာန်၊နေဝသညာနာသညာယတနစျာန် ဟူသော အရူပစျာန် သမာပတ်(၈)ပါးကို ပွားများရပေမည်။

စတုရာရက္ခ(ခေါ်)အစောင့်လေးပါး ကမ္မဋ္ဌာန်း မှ မေတ္တာကမ္မဋ္ဌာန်း၊ ကရုဏာကမ္မဋ္ဌာန်း၊ မုဒိတာကမ္မဋ္ဌာန်းတို့အား (ပ,ဒု,တ စျာန်)ထိ၊ ဥပေက္ခာစျာန်(စ စျာန်) တို့ကိုလည်းကောင်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း (ဥပစာရစျာန်)၊ အသုဘ ကမ္မဋ္ဌာန်း (ပထမစျာန်)၊မရဏာနုဿတိ ကမ္မဋ္ဌာန်း (ဥပစာရစျာန်) တို့ကိုပွားများရပေမည်။ဤတွင် သမထပိုင်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၂)]

ဉာတပရိညာခန်း
************
အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ရှေးရှုမျက်မှောက်ပစ္စက္ခဉာဏ်ဖြင့် ပရမတ်ဆိုက်အောင် ထွင်းဖောက်သိမြင်တတ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် မည်၏။

၃။ ဒိဋ္ဌိဝိသုဒ္ဓိ (ရုပ်,နာမ် ပရမတ်၌ ဉာဏ်အမြင်စင်ကြယ်ခြင်း)
_________
(၁) နာမရူပပရိစ္ဆေဒဉာဏ်
ရူပပရိဂ္ဂဟဉာဏ်(ခေါ်)ရုပ်တရားကို သိမ်းဆည်းခြင်းတွင် စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်
သဘာ၀လက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းအား အကျဉ်းရှုပွားနည်းနှင့် ရှုပွားရပေမည်။
ထိုမှ (၆)ဒွါရရှိ ကြည်သောရုပ်ကလာပ်၊မကြည်သောရုပ်ကလာပ်များကို အမှီပြု၍ တည်နေသော ပထဝီ၊အာပေါ၊တေဇော၊ဝါယော စသော ပရမတ်တရားတို့မှ ရုပ်အစစ်၊ရုပ်အတုများအား သိမ်းဆည်းရှုပွားရပေမည်။ဓာတ်ကမ္မဋ္ဌာန်းအား အကျယ်ရှုပွားနည်းဖြစ်သော (၄၂)ကောဋ္ဌာသကိုရှုပွားရမည်။ဤတွင် ရုပ်ကမ္မဋ္ဌာန်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၃)]

နာမ်တရားတို့အားသိမ်းဆည်းခြင်းတွင် သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ စျာန်နာမ်တရားတို့အားစတင်၍ သိမ်းဆည်းရှုပွားရမည်။
ထိုနောက်(၆)ဒွါရကိုမှီ၍ ဖြစ်ကြသော ကုသိုလ်၊အကုသိုလ်စသော ဝီထိစိတ်(၆)မျိုးတို့၏ စိတ္တလက္ခဏာအသီးသီး၌ စိတ် - 
စေတသိက်များကို သိမ်းဆည်းရပေမည်။ရုပ် နာမ်တို့အားပူးတွဲ၍လည်း သိမ်းဆည်းရမည်။ ဤတွင် နာမ်ကမ္မဋ္ဌာန်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၄)]

၄။ ကင်္ခါဝိကရဏဝိသုဒ္ဓိ
__________________
(၂) ပစ္စယပရိဂ္ဂဟဉာဏ်
ကံ ၊ ကံ၏အကျိုးတရား၌ ယုံမှားမှုကို ကျော်လွှားလွန်မြောက်သည့် ဉာဏ်အမြင်စင်ကြယ်ခြင်းတွင် အတိတ်ဘဝဖြစ်လေပြီးသော အကြောင်းတရားအကျိုးတရားတို့နှင့် အကယ်၍ အနာဂတ်ဘဝ ရှိလိမ့်ဦးမည်ဆိုပါက အနာဂတ်ဘဝ၏ အကြောင်းတရားအကျိုးတရားတို့အား ခန္ဓာငါးပါးဖြင့် လက်တွေ့သိမ်းဆည်းရမည့် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကိုလည်းကောင်း၊ ကိလေသဝဋ် , ကမ္မဝဋ် , ဝိပါကဝဋ် လည်ပတ်ပုံဖြစ်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်းကိုလည်းကောင်း သိမ်းဆည်းရှုပွားရပေမည်။
ဤတွင် ပဋိစ္စသမုပ္ပါဒ်ပိုင်းပြီး။

"ကမ္ဘာ့ပညာရှင်"
 "ဖားအောက်တောရဆရာတော်" 
======================================

အရည -ရုက်ခမူလ - သုညာဂါရ

🌲 🌲 🌲 🌲 🌲 🌲

🌱 အဘိဓမ္မာနည်းအားဖြင့် ရွာတံခါးခုံ၏ ပြင်ဘက်၌ တည်ရှိသော
အရပ်အားလုံးသည်( အရည)တော မည်၏။

🌿သုတ္တန်နည်းအားဖြင့် ရွာရဲ့ အစွန်အဖျားကျသော အိမ်၏ ခြံဝမှ
အောက်ထစ်ဆုံးအားဖြင့် ကုလလေးတာ အပြန်(၅၀၀)ကွာဝေးသော
အရပ်သည် အရညက သေနာသန (တောကျောင်း)မည်၏။

🌴ဤသို့ ဟောကြားထားတော်မူအပ်ကုန်သော အမှတ်လက္ခဏာရှိကုန်သော
တောအရပ်တို့တွင် အမှတ်မရှိ အလုံးစုံသော ဆိတ်ငြိမ်မှု တိတ်ဆိတ်မှု
ချမ်းသာသုခကို ပေးစွမ်းနိုင်သော အရပ်သည် အရည(တော)မည်၏။

🏝️ထိုအရည အမည်ရသော တောအရပ်သို့ ကပ်ရောက်၍ ဖြစ်စေ
အရဟတ္တဖိုလ် အထွတ်တပ်ထားသော ဤ အာနာပါနကမ္မဌာန်းကို
ပွားများအားထုတ်ရန် ရှေးဦးစွာ ဘုရားရှင်သည် ညွှန်ကြားတော်
မူပေသည်။

📝📝📝📝

🌳နေမွန်းတည့် အချိန်အခါ၌ သစ်ပင်၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာလုံး၌ သစ်ပင်ရိပ်သည် ပြန့်နှံ့လျက် တည်နေ၏။
လေမတိုက်သောအခါ၌ သစ်ရွက်တို့သည် ကြွေကျကုန်၏။
ဤမျှသော အတိုင်းအတာဖြင့် ရုက္ခမူလ(သစ်ပင်ရင်း)ဟု ခေါ်ဆိုပေသည်။

☘️ဤသို့သော ရုက္ခမူလဟု ခေါ်ဆိုအပ်သော သစ်ပင်အနီးသို့
ချဉ်းကပ်၍ဖြစ်စေ အာနပါနကမ္မဌာန်းကို ပွားများအားထုတ်ရန်
ဒုတိယ ညွှန်ကြားတော်မူ၏။

📝📝📝📝

🏔️တောင်,ချောက်ကမ်းပါး,တောင်ခေါင်း,သုဿန်,တောအုပ်,
လွင်တီးခေါင်,ကောက်ရိုးပုံ ဟူသော အရည-ရုက္ခမူလမှကြွင်းသော
(၇)မျိုးသော ဆိတ်ငြိမ်ရာအရပ်သည် သုညာဂါရမည်၏။

🏡ထို သုညာဂါရအမည်ရသော တိတ်ဆိတ်ငြိမ်သက်မှု ချမ်းသာသုခကို
ပေးစွမ်းနိုင်သော အရပ်သို့ ချဉ်းကပ်၍ဖြစ်စေ အာနာပါနဿတိဘာဝနာ
ကို ပွားများအားထုတ်ရန် ဘုရားရှင်သည် တတိယမြောက် 
ညွှန်ကြားတော်မူသည်။

📝📝📝📝

🌾နွေဥတုကာလ၌ အရည အမည်ရသော တောအရပ်သည်,
ဆောင်းဥတုကာလ၌ ရုက္ခမူလအမည်ရသော သစ်ပင်ရင်း
အရပ်သည်,
မိုးဥတုကာလ၌ သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်သော
အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများအားထုတ်ရန်အတွက်
သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။

🏞️တစ်ဖန် သလိပ်ဓာတ် ထူပြောသော ပင်ကိုယ်ပကတိအားဖြင့်
သလိပ်ဓာတ်အားကောင်းသော ယောဂါဝစရပာဂ္ဂိုလ်အား အရည
မည်သော တောအရပ်သည် ,
သည်းခြေဓာတ် ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား
ရုက္ခမူလအမည်ရသော သစ်ပင်ရင်း အရပ်သည်,
လေဓာတ် ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား သုညာဂါရ
အမည်ရသော တိတ်ဆိတ်ငြိမ်သက်ရာအရပ်သည် အာနာပါနဿတိ
ဘာဝနာကို ပွားများအားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ်
ကောင်းမြတ်၏။

🌲တစ်ဖန် -

- မောဟစရိုက် ထူပြောသော ပုဂ္ဂိုလ်အား အရည အမည်ရသော
တောအရပ်သည်,

-ဒေါသစရိုက် ထူပြောသော ပုဂ္ဂိုလ်အား ရုက္ခမူလအမည်ရသော
သစ်ပင်ရင်းအရပ်သည် ,

-ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်အား သုညာဂါရ အမည်ရသော
တိတ်ဆိတ်ငြိမ်သက်ရာအရပ်သည် အာနာပါနဿိဘာဝနာကို
ပွားများအားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ်
ကောင်းမြတ်၏။

🙏🙏🙏

အဘိ၊၂၊၂၆၀။ ဝိ၊၁၊၃၇၇။ မဟာဋီ၊၁၊၃၁၅၊၃၁၆။

နိဗ္ဗာနဂါမိနိပဋိပဒါ ပတွဲ၊၂၅၄။

🌹ဖားအောက်ဆရာတော်🌹

🙏သူတော်ကောင်းတရားများ များပြားစွာကျင့်သုံးနိုင်ပါစေ။🙏

(စိမ့်စမ်းမြိုင်တောရ) မှ ရိုက်နှိပ်ပူဇော်သည်။🙏
======================================

# စဉ်တိုင်းကျင့်မှ နိဗ္ဗာန်ရ
================
ပတ္ထနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ
ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ
ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ (ပဋ္ဌာန်း ပါဠိတော်)

ပတ္ထနံ=နိဗ္ဗာန်လိုချင်ခြင်းကို။
ဥပနိဿာယ=အကြောင်းပြု၍။

ဒါနံ=ဒါနကုသိုလ်ကို။ ဒေတိ=ပေးလှူ၏။

သီလံ=သီလကို။ သမာဒိယတိ=ကောင်းစွာစောင့်ထိမ်း၏။

ဥပေါသထကမ္မံ=စိတ်စင်ကြယ်ကြောင်းဖြစ်သော(နီ၀ရဏစင်ကြယ်ကြောင်းဖြစ်သော)သမထဘာ၀နာကံကို။
ကရောတိ=ပွားများအားထုတ်၏။

ဈာနံ=ရူပဈာန် အရူပဈာန်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။

ဝိပဿနံ=ဝိပဿနာဉာဏ်ကို။ ဥပ္ပါဒေတိ= ဖြစ်စေ၏။

မဂ္ဂံ=မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။

အဘိညံ=အဘိညာဥ်ကို၊ ဥပ္ပါဒေတိ=ဖြစ်စေ၏။

သမာပတ္တိံ=သမာပတ်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။ 

======================================

🙏🙏🙏 ပိဋကတ်အနှစ်ချုပ် ဂါထာတော် 🙏🙏🙏

နတ်ထိ ဈာနံ အပညဿ၊ 
ပညာ နတ္ထိ အဈာယတော။
ယမှိ ဈာနဉ္စ ပညာစ၊ 
သ ဝေ နိဗ္ဗာနသန္တိကေ။ (ဓမ္မပဒ၊ ဂါထာ၊ ၃၇၂)

အပညဿ=ဝိပဿနာပညာ မဂ်ပညာ မရရှိသော ​​ယောဂီအား။
ဈာနံ=သမာပတ်ဈာန်သည်။
နတ္ထိ=မရှိ။
အဈာယတော=သမာပတ်ဈာန် မရရှိသော ယောဂီအား။
ပညာ=ဝိပဿနာပညာ မဂ်ပညာသည်။
နတ္ထိ=မရှိ။
ယမှိ=အကြင်​ ယောဂီ၌။
ဈာနဉ္စ=သမာပတ်ဈာန်ကို၎င်း။
ပညာစ=ဝိဿနာပညာ မဂ်ပညာကို၎င်း။
အတ္ထိ=ရရှိအောင်ကြိုးစားပွားများအားထုတ်၏။
သ သော=ထို ယောဂီသည်။(သမာပတ်ဈာန် ဝိပဿနာပညာ မဂ်ပညာတို့ကို 
ရရှိအောင် ကြိုးစား ပွားများ အားထုတ်သော ထို ယောဂီသည်)။
ဝေ=စင်စစ် ဧကန် အမှန် မုချ။ 
နိဗ္ဗာနသန္တိကေ=နိဗ္ဗာန်နှင့် နီး၏။ (ဓမ္မပဒ၊၃၇၂)

ဈာန်ကိုပယ်ရင် နိဗ္ဗာန်နှင့် ဝေပြီး
စင်စစ်ဧကန်အမှန်မုချ အဝီစိငရဲနှင့် နီး၏။
======================================
မေတ္တာဖြင့်
ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
(၁၂...၁...၂၀၂၂)

ဓာတ်တူရင်ပေါင်းစုံမိတတ်တယ်

တူရာ တူရာပေါ့
************
ဓာတ်တူရင်း ပေါင်းစုံမိတတ်တယ်
************************
သောကများတဲ့သူနဲ့ နေရင် 
သောကပွားတယ်..

ဒေါသများတဲ့သူနဲ့အတူနေရင်
 ဒေါသပွားတယ်..

မေတ္တာများတဲ့သူနဲ့အတူနေရင်
 မေတ္တာ ပွားတယ်..

မနာလိုဝန်တိုစိတ်များတဲ့သူနဲ့ အတူနေရင်
မနာလိုဝန်တိုစိတ် 
ပွားတယ်..

ရောဂါများတဲ့သူနဲ့အတူနေရင် 
ရောဂါပွားတယ်..

အညင်းအခုံများတဲ့သူနဲ့အတူနေရင်
 အညင်းအခုံပွားတယ်..

တရားဓမ္မများတဲ့သူနဲ့ အတူနေရင် 
တရားဓမ္မတွေ ပွားလာတယ်..

အပူများတဲ့သူနဲ့ စကားပြောရင် 
အပူတိုးတယ်..

အအေးဓာတ် အငြိမ်းဓာတ်များတဲ့သူနဲ့ စကားပြောရင်အအေးဓာတ် အငြိမ်း
ဓာတ်တိုးတယ်..

ကဲ....

သင် ဘာဖြစ်ချင်လဲ? 
ဘယ်လိုနေချင်လဲ?

အေးချင်လား ပူချင်လား..?
ရောဂါကင်းချင်လား..?

ကိုယ်ကြိုက်တာကိုယ်လုပ်
ကိုယ်လုပ်တာကိုယ်ရမှာပဲလေ..

တစ်ယောက်ထဲနေတစ်စိတ်ထဲထားနိုင်
အောင် ကြိုးစားပါ..

တစ်ယောက်ထဲနေတဲ့အခါ အတွေးတွေကို သတိထား..

အများနဲ့နေတဲ့အခါ အပြောတွေကို သတိထား..

သတိနဲ့ နေ .မေတ္တာနဲ့ နေ
တရားဓမ္မနဲ့နေပါ..

အဲ့လို နေရင်..
ပူနေတဲ့လောကကြီးထဲအေးချမ်းသူစာရင်းထဲမှာသင့်နာမည်ကထိပ်ဆုံးကပါလာလိမ့်မယ်..

Credit.

ကံကြမ္မာဝဋ်ကြွေး ပြေးမလွတ်

🌹🌹 ကံကြမ္မာဝဋ်ကြွေး ပြေးမလွတ်ပါ 🌹🌹

လူ့ဘဝမှာ 
မကောင်းမှုတွေ လုပ်ခဲ့သမျှဟာ
ဘဝသံသရာအတွက် 
ဝဋ်ကြွေးတွေချည်းပါပဲ။

ကံကြမ္မာ ဝဋ်ကြွေးဆိုတာ
အနှိုင်းမဲ့မြတ်ဗုဒ္ဓတောင်မှ 
ပြေးမလွတ်ခဲ့ပါဘူး။

ဘယ်သူပဲဖြစ်ဖြစ်၊ 
ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်
မိမိပြုလုပ်ခဲ့တဲ့ 
လွဲမှားတဲ့ အရာမှန်သမျှဟာ
ဘယ်လို ဆင်ခြေမျိုးတွေပဲပေးပေး
မိမိသန္တာန်မှာ မပျောက်မပျက်
ရှိနေမှာဖြစ်ပြီး ဒီဝဋ်ကြွေးတွေက 
လွတ်အောင်ပြေးဖို့ဆိုတာ
ဘယ်သံသရာမှာ မှ မရှိပါဘူး။ 

ဒီတော့ကာ
ကံကြမ္မာဝဋ်ကြွေးတွေ 
သံသရာမှာ မတင်ရှိဖို့၊
မပေးဆပ်ကြရဖို့အတွက် 

မကောင်းတဲ့ စိတ်တွေ၊
မကောင်းတဲ့ အပြုအမူတွေ၊ 
မကောင်းတဲ့ လုပ်ရပ်တွေကို
လက်တွေ့မပြောနဲ့၊ 

စိတ်အကြံလေးနဲ့တောင်
မတွေးကြပါနဲ့၊ မကြံကြပါနဲ့၊ 
မပြောကြပါနဲ့၊ မလုပ်ကြပါနဲ့။

တစ်ဘဝစာ တစ်ခဏတာ 
အရေးကြည့်ပြီးလည်း
မကောင်းမှု မပြု ကြပါနဲ့။ 
မကောင်းတာ မကြံကြပါနဲ့။

မကောင်းတဲ့ အတွေးအခေါ် 
အယူအဆနဲ့ လုပ်ရပ်တွေဟာ
ဘဝဝဋ်ကြွေးတွေချည်းပဲ
ဖြစ်တယ်ဆိုတာ သတိထားရှောင်ကြဉ်
ကြိုးကုတ်အားထုတ်တော်မူနိုင်ကြပါစေ။

      ပါမောက္ခချုပ်ဆရာတော်ကြီး
   ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
             🙏🌷🙏🌷🙏

#credit🙏

ဖြစ်သမျှ ပျက်သမျှ ရေတပွက်ပါပဲ

"ဖြစ်သမျှပျက်သမျှ ရေတစ်ပွက်ပါပဲ"
~~~~~~~~~~~~~~~~~~~~

ဆင်းရဲရင်လည်း နှစ်တစ်ရာပဲ
ချမ်းသာရင်လည်း နှစ်တစ်ရာပဲ...။

ဘယ်လိုနိဒါန်း စ,စ လမ်းဆုံးအတူတူပါ
ထာဝစဉ်ထာဝရတော့မရှိပါဘူး...။

ကံကြမ္မာရယ်လမ်းပြလို့
ရှေ့ကခေါ်မယ်
ဘယ်လိုဘယ်နည်းနဲ့ ခေါင်းခါမလဲ ?

သွားပေါ့လာပေါ့ လူ့ခရီးကို 
ဆင်းလိုက်တက်လိုက်တဒင်္ဂမှာပဲ
တမလွန်ဟာအားလုံးအတွက်
တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ
မပြောနိုင်ဘူး ...။

အရာရာဟာ အနိစ္စရဲ့ ဖဝါးအောက်မှာပါ ၊
ရောင်နီဟာတစ်ချိန်တော့ ဆည်းဆာပဲ...။ 

လင်းလိုက်မှောင်လိုက်တဒင်္ဂမှာ
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ...။
        
ဆရာတော်အရှင်ရာဇိန္ဒ
ရဝေနွယ်(အင်းမ)

🙏🙏🙏🙏🙏🙏🙏🙏🙏
credit...

ရသေ့ကြီးနဲ့ ပြည့်တန်ဆာ

☀ ရသေ့ကြီး နဲ့ ပြည့်တန်ဆာမလေး။
═══════════════
❖ တစ်ခါ က သာ၀တ္တိမြို့ အစွန် တောစပ်မှာ ရသေ့ကြီးတစ်ပါး
တဲလေးထိုးပြီး သတင်းသုံး တရားကျင့်နေလေတယ်။
များမကြာမှီ
အဲဒီရသေ့ကြီးကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာ
ပြည့်တန်ဆာမလေးတစ်ယောက်
ဟာ တဲလေးထိုးပြီးလာနေလေတယ်။

❖ ရသေ့ကြီး ကျောင်းသင်္ခန်းကနေ မြင်နေရတဲ့နေရာလောက်မှာပါ။
အဲလိုပဲ ပြည့်တန်ဆာမ တဲကကြည့်ရင်လည် ရသေ့ကြီး ကျောင်းသင်္ခန်းကိုမြင့်နေရတာပေါ့ ။

❖ မနက်တိုင်း သူမ က ရသေ့ကြီးကို 
    ဦးချ  ကန်တော့တယ်။

❖ နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီ အမျိုးသားတစ်ယောက်လာတိုင်း ကျောက်ခဲလေး
တစ်လုံးကောက်ထားတယ်။
အဲလို နဲ့ အဲဒီ ကျောက်ခဲလေးတွေက
ကျောက်ပုံလေး ဖြစ်လာတယ် ။

❖ ရသေ့ကြီးကနေ့တိုင်းတွေးတယ်။
အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာ မှ
လာပြီး တဲထိုးရတယ်လို့ ကွာ ။
ငါ့ကို မလေးစားတာပဲ လို့ ဒေါသဖြစ်တယ်။ ပြီးတော့ ကြည့်ပါဦး
ယောင်္ကျားတွေ တစ်ယောက်ပြီး တစ်ယောက် အထဲ၀င်သွားပြီးဘယ်လိုတွေများဖြစ်နေလဲ မသိ ။ တစ်ခါ တစ်ခါ နှစ်ယောက်ပူးကြီးတောင် ၀င်သွားတာ ။ အဲဒီ နှစ်ယောက်နဲ့ များ ဘယ်လိုများ စခန်းသွားကြလဲမသိ ။
ဆိုပြီး တွေးရင်း ဒေါသတွေ သောကတွေ မောဟ တွေ
ဖြစ်နေလေရဲ့ ။

❖ သေလွန်တဲ့အခါ ရသေ့ကြီးက
    အပယ်ကျသွားတယ်။ ပြိတ္တာဖြစ်သွားတယ်။

❖ ပြည့်တန်ဆာမ ကတော့ နတ်ပြည်ရောက်သွားလေ ရဲ့ ။
အဲဒါနဲ့ ရသေ့ပြိတ္တာကြီးက ငရဲမင်း ကို မကြေမနပ်နဲ့ သွားပြောလေတယ်။

❖ "' ဒီမှာ ငရဲမင်း တရားကျင့်တဲ့ ကျူပ် ရသေ့ က တော့ အပယ်ကျပြီး ဟိုပြည့်တန်ဆာမ ကျတော့ ဘာလို့ နတ်ပြည်ရောက်ရတာလဲ ''
လို့ပေါ့ ...

❖ အဲဒီမှာ ငရဲမင်း က ပြောတာက --

❖ '' မင်းက ရသေ့ဖြစ်ပြီး မင်းရဲ့ စိတ်က ပြည့်တန်ဆာမ ဆီပဲ စိတ်ရောက်ပြီး တစ်ချိန်လုံး အကုသိုလ်စိတ်ဖြစ်နေခဲ့တယ်လေ။ တစ်ချိန်လုံး ပြည့်တန်ဆာမ အကြောင်းပဲ တွေးနေတယ်။ အဲဒါကြောင့် အပယ်ကျတာ။
ဟိုတစ်ယောက်ကျတော့
မနက်တိုင်း ညတိုင်း ရသေ့ကြီးဖြစ်တဲ့မင်းကို ကန်တော့ရင်း အော် ရေသေ့ကြီးတို့ ဘ၀ ကံကောင်းလိုက်တာ ၊ လှူမည့်တမ်းမည့်သူနဲ့ ကျောင်းဆောက်ပေးမည့်သူနဲ့ ကိုယ့်ဟာကို
လွတ်လွတ်လပ်လပ်တရားကျင့်ရုံပဲ ။ ငါဘ၀များကျတော့ သူများတကာနဲ့
ပျော်ပါးမှ ထမင်းစားရတဲ့ဘ၀ ငါ့ အတိတ်ကံကလည်း ဆိုးလိုက်တာ လို့
ကုသိုလ်ကံကောင်းတဲ့ ရသေ့ကြီးကို ကန်တော့ပါတယ်။ ရသေ့ကြီးကျန်းကျန်းမာမာ တရားကျင့် တရားထူး ရနိုင်ပါစေ ။
တပည့်တော်မ ကန်တော့ ပါတယ် ဘုရား လို့ စိတ်ထဲက အမြဲ
သတိသံဝေဂ ရပြီး ကန်တော့ရင်း
ကုသိုလ်စိတ်တွေ ဖြစ်နေခဲ့တာလေ ။
အဲဒီ ကုသိုလ်စိတ်ကြောင့် သူမ က နတ်ပြည်ရောက်ရတာပေါ့ ။
ရသေ့မိုက် ရဲ့ ""
လို ပြောလိုက်လေတော့ သတည်း ။
--------------
ကျွန်မတို့ ပတ်၀န်းကျင်မှာလည်း ......
.....
.....
.....
ကိုယ်ဘယ်လို အနေအထားပဲ ရောက်ရောက်
ကိုယ့်စိတ်ကို အကုသိုလ်စိတ်ကင်းပြီး
ကုသိုလ်စိတ်တွေ များများ ထားနိုင်ကြပါစေလို့

ဆုတောင်းမေတ္တာ ပို့သရင်း

  မေတ္တာဖြင့်အားလုံးငြိမ်းအေးချမ်းသာကြပါစေ ....

#Credit

မမေ့နဲ့..

လူ့ခန္ဓာဟာ 
နတ်တွေရဲ့ ခန္ဓာလို မဟုတ်ဘူး
သိပ်တာဝန်ကျေတယ် …

-  အိုချိန်တန် အိုပြလိုက်တယ်
-  နာချိန်တန် နာပြလိုက်တယ်
-  သေချိန်တန် သေပြလိုက်တယ်

ဘဝအနှစ် အမြန်ထုတ်နိုင်ရေး အတွက်
အိုခြင်း , နာခြင်းက မမေ့ရအောင် 
အမြဲ သတိပေးနေတယ် …

အိုတယ် ၊ နာတယ် ၊ သေတယ် 
ဆိုတာ ကုသိုလ် မြန်မြန်လုပ်ဖို့
ခန္ဓာက တွန်းအားပေးတာတဲ့ …

နတ်တွေမှာတော့ -
-  အိုတော့လည်း အိုရုပ်မပြ
-  နာတော့လည်း နာရုပ်မပြ
-  သေတော့လည်း 
   အလောင်းက မကျန်ခဲ့ဘူး ဆိုတော့

ငါးဖြာအာရုံ ကာမဂုဏ်တွေနဲ့ပဲ 
တစ်ချိန်ကုန် 
မေ့မျှောပြီးတော့ နေကြတာ …

စားရ သောက်ရမှာကိုတောင် 
မေ့တယ် ဆိုပဲ …

သူတို့မှာ အို ၊ နာ ၊ သေက 
ထင်ရှားမပြတော့ 
လူတွေလောက် ကုသိုလ်အလုပ်
တရားအလုပ် လုပ်ဖို့အခွင့်အလမ်းမရှိဘူး …

ကုသိုလ် အရှိန်အဝါကြောင့် 
လူဖြစ်လာပြီး 
ကုသိုလ်ကိုမှ ( စိတ်မဝင်စားရင် ) 
ရအောင် မယူနိုင်ရင် …

ဒီခန္ဓာကြီး ကျွေးရတာဟာ 
ရိုင်းရိုင်းပြောရရင် နွားတစ်ကောင်ကို 
ကျွေးရတာကမှ ခိုင်းလို့ရသေးတယ် …

ဒီခန္ဓာကြီးက တစ်နေ့ နှစ်ထပ်မက 
ကျွေးထားရတဲ့ နေ့စား ခန္ဓာကြီးနော် …

လခစားခန္ဓာ မဟုတ်ဘူး …

နေ့စားခန္ဓာကြီးကို
နေ့တွက်ကိုက်အောင်, 
နေ့စားကျေအောင် ခိုင်းပေးမှဖြစ်မှာ …

ကျွေးရကျိုးနပ်အောင် များများခိုင်းပေး
အချိန်တန်ရင် မရဏလက်ထဲ 
ပြန်အပ်လိုက်ရမှာ …

မရဏလက်ထဲ ပြန် မအပ်ရသေးခင် 
ဘဝရဲ့ အနှစ်သာရဖြစ်တဲ့ 
ကောင်းမှုတရားတွေကို 
နေ့စဉ်နဲ့အမျှ နေ့တွက်ကိုက်အောင် 
မြန်မြန်ထုတ်ယူရမယ် …

အို ၊ နာ ၊ သေထက် 
ငါကပဲ လက်ဦးစေရမယ်ဟဲ့လို့ 
စိတ်ခွန်အားကို တင်းပြီးတော့ 
တစ်ရက် , တစ်ရက်ကို
တစ်သက် , တစ်သက်လောက် 
တန်ဖိုးထားပြီး 
ကောင်းမှု စွမ်းအားတွေကို 
နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်
နိုင်ကြပါစေ …

ယောဆရာတော်ဘုရား
🙏🙏🙏

Credit...

ဝင်လေထွက်လေ

" ဝင်လေ၊ထွက်လေ "

ယောဂီတို့ ပြင်ပကလေကလေး
နှာသီးဖျားလေးကိုတိုးဝင်လာတော့
အေးတဲ့သဘာဝလေးကို ခံစားမိပါလိမ့်မယ်၊
အဲဒီအေးတဲ့သဘာဝလေးကိုအကဲခတ်ပြီး
ေဩာ်..ဝင်လေလေးတိုးဝင်လာတာပဲလို့
သဘောပေါက်လိုက်ပါ။

ဝမ်းထဲမှာရှိတဲ့လေကလေး
အပြင်ဘက်ကိုထွက်တဲ့အခါကျတော့
နှာသီးဖျားကို တိုးပြီးထွက်တဲ့
သဘာဝကလေးရှိပါတယ်၊
ဝမ်းထဲမှာကိန်းအောင်းနေတဲ့လေဖြစ်လို့
အပူငွေ့သဘောလေးရှိပါတယ်၊
အဲဒီနွေးတဲ့သဘောလေးကိုကြည့်ပြီးတော့
ေဩာ်..ဒါထွက်လေပဲလို့သဘောပေါက်လိုက်ပါ။

အေးတဲ့သဘောလေးက ဝင်လေ၊
နွေးတဲ့သဘောလေးက ထွက်လေ၊
ဝင်လေဆိုတာလည်း ရုပ်တရား၊
ထွက်လေဆိုတာလည်း ရုပ်တရားပါပဲ။

ဝင်လေကလေးဝင်လာစဉ်မှာ
အဲဒီဝင်လေလေး ဝင်လာတယ်လို့သိလိုက်ရင်
သိသိပေးလိုက်တာက နာမ်တရားလေးပါ၊
အေးတဲ့သဘောက ရုပ်တရား၊
သိသိပေးတာက နာမ်တရားပဲဖြစ်ပါတယ်။

ဝင်လေ ထွက်လေကလေးဟာ
ရုပ်တရားလေးပါပဲ၊သူ့ကိုသိသိပေးနေတဲ့
အသိလေးက နာမ်တရားပါပဲ၊
ပုဂ္ဂိုလ်သတ္တဝါ ငါမဟုတ်ဘူး၊သူမဟုတ်ပါဘူး၊
ယောင်္ကျားမိန်းမဟုတ်ပါဘူးလို့
အဲဒီလိုသဘောပေါက်နေမယ်ဆိုရင်
သက္ကာယဒိဋ္ဌိစင်ပါတယ်။

ဝင်လေလေးဝင်လာတယ်၊ပြီးတော့ရပ်သွားတယ်၊
ရပ်သွားတာက ဘာဖြစ်သွားတာလဲ?
ရပ်သွားတာ ဝင်လေလေးပျက်စီးသွားတာပါ၊
အဲဒီလိုဝင်လေလေး ချုပ်ပျောက်ပျက်စီးပြီးတော့မှ
ထွက်လေကလေးက ထွက်လာပါတယ်၊
ထွက်လေလေးကလည်း
ရုတ်တရက်ပေါ်လာပြီး ပျက်စီးသွားပါတယ်။

ဝင်လေထွက်လေလေးတွေရဲ့
ဖြစ်ပြီးပျက်သွားတတ်တဲ့
ဖြစ်သဘော ပျက်သဘောလေးတွေကို
သိထားလိုက်တဲ့အခါကျတော့
ခိုင်တယ်မြဲတယ်လို့ထင်မြင်ယူဆနေတဲ့
သဿ     တဒိဋ္ဌိကိလေသာ စင်သွားပါတယ်။

ပျက်ပင်ပျက်သွားသော်ငြားလည်းပဲ
ပြတ်တောက်စဲသွားတာမဟုတ်ဘူး၊
နောက်ထပ်အသိလေးတစ်ခုက
ကြောင်းကျိုးဆက်သွယ်ပြီးတော့
အသစ်အစားထိုးပေါ်လာတာပါပဲလို့
သဘောပေါက်လိုက်မိတဲ့အတွက်
ဥစ္ဆေဒဒိဋ္ဌိစင်သွားပါတယ်။

အဲဒီလို ဒိဋ္ဌိကိလေသာစင်နေချိန်မှာ
ဒိဋ္ဌိကိလေသာအနှောက်အယှက်ကင်းကင်းနဲ့
ကြိုးစားပြီးကြည့်လိုက်မယ်ဆိုရင်
ရုပ်တရားကလည်း ဖြစ်ပျက်ဒုက္ခသစ္စာ၊
နာမ်တရားကလည်း ဖြစ်ပျက်ဒုက္ခသစ္စာပါပဲလို့
မှန်မှန်ကန်ကန်နှစ်လုံးသွင်းနိုင်ခြင်းဟာ
အဝိဇ္ဇာကိလေသာ ကင်းစင်သွားလို့ပါပဲ။

အဝိဇ္ဇာကိလေသာတရားကင်းသွားတော့
ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်လေးပေါ်လာပါတယ်၊
အဲဒီအသိဉာဏ်လေးဟာ
ဒီနေရာမှာ မဂ္ဂင်ဆိုတဲ့တရားပါပဲ။

ဒီတော့ ဝင်လေလေးက ဒုက္ခသစ္စာ၊
သိသိပေးနေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ၊
ထွက်လေလေးကလည်း ဒုက္ခသစ္စာ၊
သိသိပေးနေတဲ့ဉာဏ်က 
မဂ္ဂသစ္စာဖြစ်ပါတယ်။

ဝင်လေထွက်လေပါပဲလို့
သိနေတဲ့အသိလေးက နာမ်တရား၊
သူကလည်း ဖြစ်ပျက်ဒုက္ခသစ္စာပါပဲ၊
သူကိုထပ်ပြီးသိတဲ့အခါကျတော့
သိတဲ့ဉာဏ်လေးက မဂ္ဂသစ္စာဖြစ်ပါတယ်။

ဒီနေရာမှာ ပုဂ္ဂိုလ်သတ္တဝါ
ဘာတစ်ခုမှ မပါပါဘူး၊
ယောင်္ကျားမိန်းမ ဘာတစ်ခုမှမပါပါဘူး၊
ဒူးပေါင်ခါးခြေလက် ဘာမှမပါပါဘူး၊
အရှုခံတရားနဲ့အရှုဉာဏ်တရားသာရှိပါတယ်၊
ရုပ်တရားနဲ့နာမ်တရားက အရှုခံတရား၊
သိသိပေးနေတဲ့ဉာဏ်က အရှုဉာဏ်တရားပါ။

ဒီဋ္ဌိကိလေသာတရားလေးတွေ
ကင်းစင်နေခြင်း၊
အဝိဇ္ဇာကိလေသာတရားလေးတွေ
ကင်းစင်နေခြင်းကတော့
သမုဒယသစ္စာသေနေခြင်းပဲဖြစ်ပါတယ်။

အဲဒီလိုသမုဒယသစ္စာတွေ
သေနေတဲ့အချိန်ဟာ
အကြောင်းတရားတွေ သိမ်းနေတာပါပဲ၊
အကြောင်းသမုဒယသစ္စာသိမ်းခြင်းကြောင့်
အနာဂတ်မှာ အကျိုးဒုက္ခသစ္စာတွေ
ချုပ်ပျောက်သွားမှာခြင်းဟာ
အငြိမ်းဓာတ် နိရောဓသစ္စာပါပဲ။

ဒါကြောင့် နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုလိုတဲ့ယောဂီများဟာ
ဝင်လေထွက်လေကို ချဉ်းကပ်ပြီးတော့
ဒုက္ခသစ္စာနဲ့သမုဒယသစ္စာ၊
အရှုခံနဲ့အရှုဉဏ်တရားတွေ
အမြဲတမ်းတိုက်ဆိုင်နေအောင်
ကြိုးစားပေးကြဖို့အရေးကြီးပါတယ်။

အဲဒီလိုကြိုးစားပေးကြမယ်ဆိုရင်
ယောဂီများလိုလားတောင်းတနေတဲ့
နိဗ္ဗာန်ချမ်းသာကို ဧကန်မုချရပါလိမ့်မယ်လို့
သဘောပေါက်ပြီး သာဓုခေါ်လိုက်ကြပါ။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

Credit...

အာဂန္ဎုသုံးဦးစုံရင် ချက်ခြင်းအကျိုးပေးတယ်..

ခင်ဗျားတို့....
ဆွမ်းတွေ  ဘယ်လောက်လှူလှူ
ကျုပ်တို့ဗိုက်  တစ်မနက်စာလေးပါ ။

ခင်ဗျားတို့အတွက်ကတော့...
ဆွမ်းတစ်ဇွန်းလောင်းလှူရင်လည်း လှူတတ်ရင်
ဘဝကောင်းများစွာကို  ရစေပါတယ် ။

တို့ ဘုရားလက်ထက်က...
ရှင်မဟာကဿပ ကိုယ်တော်ကြီးနဲ့ လယ်သူမလေး...

ဒို့ လယ်သူမလေးက သူပါလာတဲ့ ပေါက်ပေါက်ပြောင်းဖူးစေ့
လှော်ထားတဲ့ဟာပေါ့ ။
လယ်ထဲမှာ အလုပ်လုပ်ရင်းနဲ့. နားတဲ့အချိန်စားဖို့ပေါ့ ။

အဲ့တော့ ရှင်မဟာကဿပ ကိုယ်တော်ကြီးနဲ့တွေ့တော့
လယ်သူမလေးက အဲ့ဒီ့ပေါက်ပေါက်ပွင့်လေးတွေ...သူပါလာတာလေး
သူမစားပဲနဲ့. လှူလိုက်သပေါ့ဗျာ ။

အဲ့ဒီ့မှာ...ကြည့်အုန်းဗျ ။
ခင်ဗျားတို့ ကြားဖူးချင် ကြားဖူးကြမှာ ။
အာဂန္တု ( ၃.) ဦးဆုံရင် အချိန်မရွေးချက်ချင်း အကျိုးပေးတယ်လို့
စာမှာဆိုတယ် ။
သိကြသလား ။
အာဂန္တု ( ၃.) ဦး ရုတ်တရက် ကြုံလိုက်တဲ့ဟာကိုပြောတာလေ ။

ရဟန်းကလည်း..ရုတ်တရက်ကြုံရင် သံဃာပဲလေ ။
( ၂.) ခါ ( ၃.) ခါကြုံရင်တော့  ပုဂ္ဂိုလ်စွဲ ရှိ့ပြီလေ ။ အထင်ကြီးခြင်း
အထင်သေးခြင်းတွေ ပါပြီလေ ။
ဟုတ်နော် ။

( ၂.) ခါလောက်ကြုံရင်...
ကိုယ်သဘောကျရင်  အထင်ကြီးချင်ကြီးမယ် ။
ကိုယ်သဘောမကျရင်  အထင်သေးချင် သေးမှာပေါ့ ။

ရုတ်တရက်တွေ့တာက. ပုဂ္ဂိုလ်စွဲ မရှိ့ဘူးနော် ။
ဘယ်သူမှန်း ဘယ်ဝါမှန်းမှ မသိတာ သံဃာပဲ ။
အဲ့ဒါကိုပြောတာ...အဲ့ဒါ " အာဂန္တု ဧည့်သည် " ။

နောက်ပြီး ပစ္စည်းကလည်း  လက်ထဲမှာ ရုတ်တရက်ရှိ့တာ 
ရှာထားရင် သောက ပါချင်ပါမှာပေါ့ ။ 
လောဘ ပါချင်ပါမှာပေါ့ ။
ရုတ်တရက် လက်ထဲရှိ့တာဆိုတော့...
လောဘ ပါသေးလား ။ သောကကေား ပါမလား ။

နောက်ပြီး..စေတနာကလည်း အဲ့ဒီ့အချိန်  ဒက်ခနဲချက်ချင်းပေါ်
လိုက်တာ ။
သူကလည်း ရုတ်တရက်ပဲလေ ။
ရုတ်တရက်မှာ ရှေ့တိုးဖို့ကော လိုသေးလား ။ နောက်ပြန်ဖို့ကော
လိုသေးလား ။ မလိုဘူးနော် ။

ချက်ချင်းဆိုတာ  အဲ့ဒါ
ကိလေသာ ကင်းတာ ။
ရေရှည်ဆိုခဲ့ရင် များနေမလား / နည်းနေမလား ။ ဆိုးများဆိုးမလား
ကောင်းပါ့မလား ။
စိုးရိမ်ပူပင်သောကတွေ  အများကြီး ဝင်မှာဗျ ။

အခု...လယ်သူမလေးမှာ ဒါတွေ မဝင်ဘူးဗျ ။
ပေါက်ပေါက်လှူတဲ့ လယ်သူမလေး အဲ့ဒီ့ည ရုတ်တရက်သေတော့
တာဝတီသာမှာ နတ်သမီး သွားဖြစ်တာဗျ ။
ပေါက်ပေါက်ကလေးက. ဘာမှမဟုတ်ဘူးနော် ။

အဲ့ဒီ့  အာဂန္တု ( ၃.)ဦး ဆုံရင်...ချက်ချင်းအကျိုးပေးတယ်လို့
စာမှာ ဆိုတယ် ။
မှတ်ထားကြဗျ ။

ကိုယ့်အိမ်ရှေ့. သပိတ်နဲ့ ဆွမ်းခံလာတယ်...
ဘယ်က ညာကရဟန်းလည်းမသိဘူး...ထမင်းကျန် ဟင်းကျန်ပဲဖြစ်
နေပါစေ. လက်ထဲအဆင်သင့်ရှိ့တာနဲ့. ချက်ချင်းသာသွားလောင်းလှူ
ချလိုက် ။
အဲ့ဒါက...ဒို့ကို ခုလို တကူးတကလာပြီ လှူကြတာထက် မြတ်တယ်ဗျ
ဟုတ်နော် ။

အခုလာလှူကြတာ..ဒို့ဆီ ဟုတ်ချင်မှဟုတ်မှာ ။
ပုဂ္ဂိုလ်စွဲပါတယ် ဂုဏ်ရှိ့တယ် / ဂုဏ်မဲ့တယ်...အဲ့ဒီ့နောက်ကို
လိုက်နေကြတာ များတယ် ။
မစင်ကြယ်ကြဘူး  ခင်ဗျားတို့ ။
အာဂန္တု ဧည့်သည်ကို  ရုတ်တရက်လောင်းလှူလိုက်ရသလို
မစင်ကြယ်ဘူး ။

အာဂန္တု ( ၃.) ဦးဆုံရင် ချက်ချင်း အကျိုးပေးတယ် ။
အဲ့ဒါ...မှတ်ထားကြဗျ ။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး


Credit....


နည်းမှန်လမ်းကျဗုဒ္ဓဂုဏ်တော်ပွားကြပါစို့..

❝ နည်းမှန်လမ်းကျ ဗုဒ္ဓဂုဏ်တော် ပွားကြပါစို့ … ❞
~~~~~~~~~~~~~~~~~~~~~~~
 ၁။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် 
 သပ္ပါယ်သော ဗုဒ္ဓမြတ်စွာကို
 မိမိ၏ ရှေ့မှောက် မနီးမဝေး၌
 ကြွရောက်နေပုံကို အာရုံယူပါ။

 ၂။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော် စသော 
 ကိုယ်အင်္ဂါတိုင်း၌
 ရှေးရှေးသော ပါရမီ ကောင်းမှုထူးများက
 ထုံမွှမ်းသောကြောင့် 
 ထူးထူးခြားခြား ကြည်လင်နေပုံကို 
 အာရုံယူပါ။

 ၃။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို 
 ပယ်ဖြတ်ပြီး၍ 
 စိတ်အစဉ် သန့်ရှင်းကြည်လင်နေပုံကို 
 အာရုံယူပါ။

 ၄။ ထိုကြည်လင်သန့်ရှင်းသော စိတ်တော်၌
 အစွမ်းသုံးပါးနှင့် ပြည့်စုံသော
 သဗ္ဗေညုတဥာဏ်တော်ကြီး
 ကိန်းဝပ်တော် မူနေပုံကိုလည်း
 အာရုံယူပါ။

 ၅။ ထိုဘုရားရှင်က မိမိကို 
 အပ္ပါယ်ဆင်းရဲမှ ကယ်တင်ဖို့ရာ
 ကြီးစွာသော မဟာကရုဏာဖြင့်
 ကြည့်နေတော်မူပုံကိုလည်း အာရုံယူပါ။

 ၆။ ထိုကဲ့သို့အာရုံယူ၍ လက်အုပ်ချီကာ
 "ဗုဒ္ဓေါ ဗုဒ္ဓေါ" ဟု 
 အထပ်ထပ် ရွတ်ဆို၍
 ကြက်သီးမွေးညှင်း ထလောက်အောင်
 ပီတိဖြစ်လာသောအခါ
 ထို ပီတိကို "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" ဟူ၍ ရှုပါ။

 ၇။ ပီတိမဖြစ်လျှင်လည်း ဗုဒ္ဓကို အာရုံပြုသော 
 မိမိစိတ်အစဉ်၏ မမြဲမှုကို 
 သတိဖြင့်စိုက်၍ "အနိစ္စ အနိစ္စ" ဟူ၍ ရှုပါ။

 ၈။ ဤသို့ နေ့စဉ်မှန်မှန် ကြိုးစားသောအခါ
 ရာဂ၊ ဒေါသ၊ မာန၊ ဣသာ၊ မစ္ဆရိယ
 မာယာ၊ သာဌေယျ စသော 
 အကုသိုလ်တရားတွေ နည်းပါး၍ 
 သဒ်ဒါ၊ သတိ၊ ပညာ၊ သမာဓိ၊ ဝီရိယ 
 ဟူသော… ကုသိုလ်တရားများ
 တိုးပွား လာပါလိမ့်မည်။

 ၉။ ထမင်းကို မှန်မှန်စားသလို
 ကမ္မဌာန်းကိုလည်း ကြိုးစားရမည်။ 

 မစားချင်ပဲ အချိန်ကျ၍ စားရစေကာမူ 
 စားရင်း စားရင်း မြိန်လာသကဲ့သို့ 
 စိတ်မထက်သန်ပဲ …
 အချိန်ကြ၍ အားထုပ်ရစေကာမူ 
 ပီတိဖြစ်လာအောင် အာရုံထင်လာတတ်သည်။

 ၁၀။ ရုပ်ထုစေတီတော် မြတ်စွာဘုရားကို
 အာရုံယူရာ၌
 ဥာဏ်အားနည်းသေးသော သူတို့မှာ 
 ရုပ်တု၊ ရုပ်ပွားတော် လောက်သာ
 စ ထင်လာတတ်သည်။

 စေတီတော်ကို ဖူးမြှော်ရာ၌လည်း
 စေတီတော်အတိုင်းသာ
 အာရုံ ထင်လာတတ်သည်။ 

 ထိုသို့ အာရုံများ ထင်လာရာမှာလည်း
 အကျိုးကား မနည်းပါ။

 သို့သော် ထိုအာရုံများမှတဆင့်
 သက်တော်ထင်ရှား မြတ်စွာဘုရားကို 
 အာရုံရအောင် ကြိုးစားမှသာ
 ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဘာဝနာကို
 အားထုတ်ရာရောက်ပါမည်။

(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)၏ဗုဒ္ဓါနုဿတိဘာဝနာ စာအုပ်မှ -(ဓမ္မလက်ဆောင်)

credit....

ကျန်ရှိနေသေးတဲ့သက်တမ်းကို ဘယ်လိုနေမလဲ

 ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ᠌᠌᠌
🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁

   လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်မလဲ။ 

   ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှု,  အခြံအရံ...  ဒါတွေအားလုံးနဲ့ မဆိုင်ပါဘူး..။

    ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။ ᠌᠌᠌ ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ရုံပါပဲ။

    မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲသွားလိုက်ပါ။
ပြီးတော့... ငါးပါးသီလ ယူလိုက်ပါ။
ဒါဆို သီလသိက္ခာတည်သွားပါပြီ။
နောက်.. ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။
နောက်ဆက်ပြီး.. ဝိပဿနာကို
ငါးမိနစ် ပွားလိုက်ပါ။
ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။ ᠌᠌᠌

   သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ပြီးတော့..”  ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပဲ.. ᠌᠌᠌ လို့ အသံထွက်ပြီး သုံးကြိမ်လောက်ရွတ်လိုက်ပါ။
နေ့ခင်းဘက် တစ်ကြိမ်၊ ညဘက်တစ်ကြိမ် အသံထွက်ပြီး ရွတ်... ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။

    ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်လာတာနဲ့ ကိုယ့်ရဲ့စိတ် ပါဝါစွမ်းအားတွေလည်း အလိုလို ရောက်လာတာပါ။ တရားသံနဲ့ပြောရင် ကိုယ့်ကိုယ်ကို  ကြည်ညိုလာတာပါ။ ᠌᠌᠌ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ 
**** သူတစ်ပါး ကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က အဓိကပါ။ ᠌᠌᠌

   အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မထွက်ပါနဲ့။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ကိုသုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့စိတ်ဓာတ် တက်ကြွမှုကို ကူညိပါလိမ့်မယ်။

   တစ်ခါတစ်လေ အဆင်မပြေမှုတွေနဲ့ ကြုံတဲ့အခါပဲဖြစ်ဖြစ်...
   လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်တွေဝင်လာရင်  ကိုယ့်ရင်ထဲကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့ ကိုယ်ဟာ တန်ဘိုးရှိတဲ့သူ တစ်ယောက်ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာမလိုတော့ပါဘူး..။ ᠌᠌᠌

   တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး..၊ ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်..၊
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   ကိုယ့်မှာ အခြံအရံ အသိုင်းအဝိုင်း မရှိဘူး..
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   ကိုယ့်မှာ မအောင်မြင်ဘူး...
   ကိုယ့်မှာ ကားမရှိဘူး...
   ကိုယ့်မှာ မကျန်းမာဘူး...
   ကိုယ့်မှာ ငွေကြေးမချမ်းသာဘူး..
ဘာဖြစ်လဲ... ကိုယ့်မှာ သိက္ခာသုံးပါး ရှိနေတာပဲ။
လူတစ်ယောက်ရဲ့တန်ဖိုးကို အခြံအရံ အသိုင်းအဝိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ.. ။ သိက္ခာသုံးပါးနဲ့ပဲ ဆုံးဖြတ်တာပါ..။

   အလုပ်သွားတဲ့အခါ၊
   အလုပ်နားတဲ့အခါ.. 
နောက်ဆုံး အိမ်သာတက်ရင်လည်း ဂုဏ်တော်လေးကို ပွားနေမယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ  သမာဓိသိက္ခာ ᠌᠌᠌တွေ ဖြစ်နေတာပါ။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း  ပညာသိက္ခာ  ᠌᠌᠌တွေ တည်နေတာပါ။

   *** ” ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ..”᠌᠌᠌ ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲကို သေချာထည့်ထားရမှာပါ။ ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့အချိန်တွေကို သတိလေးကပ်ပြီး သိက္ခာသုံးပါးနဲ့ နေသွားယုံပါပဲ..။

   ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇာတ်တော်တစ်ခုကို အကျဉ်းချုပ် ပြောပြပါဦးမယ်..။

   တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြာဿဒ်ထက် တိုက်ခန်းမှာ နေနေစဉ်.. လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ မင်းသမီးလေးအနားချည်းကပ်၍..
   ” မင်းသမီး.. တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ..”
မင်းသမီးလဲ အထိတ်တလန့် ဖြစ်သွားပြီး
   ” သင် ဘယ်လိုလုပ် တက်လာတာလဲ”
လို့ပြန်မေးလိုက်တယ်။
ထိုအခါ လုလင်က..
   ”ငါဟာ နတ်သားတစ်ပါးဖြစ်တယ်။ ငါ့အတွက် ဒီကိုလာဖို့ မခက်ပါဘူး။ သင်ကငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့ ရွှေအပြည့်ပေးပါ့မယ်..” 
လို့ ပြန်ပြောပါတယ်။

   ဒီတော့ မင်းသမိးလေးက..
   ” သင့်ဟာသင် နတ်သားမကလို့ ဘာပဲဖြစ်နေဖြစ်နေ.. ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့..” လို့ နှင်လွှတ်လိုက်တယ်။

   ဒုတိယညလဲ လုလင်ပျိုနတ်သားဟာ ငွေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်တယ်..

   တတိယညကျတော့ လုလင်ပျိုနတ်သားဟာ ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုပြန်လာပြန်တယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပြီ။
ပထမရက်မှာ.. ရွှေခွက်နဲ့ ရွှေအပြည့်
ဒုတိယရက်မှာ.. ငွေခွက်နဲ့ ရွှေအပြည့်..
တတိယရက်မှာ.. ကြေးခွက်နဲ့ ရွှေအပြည့်..
ဆိုတော့ အထူးအဆန်းဖြစ်နေတယ်။ ဒါကြောင့် မင်းသမီးဟာ လုလင်ပျိုနတ်သားကို မေးကြည့်တယ်..
   
   ” အသင် ယောက်ျား.. ယောက်ျားဟာ မိန်းကလေးကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ အခု သင်က ဘာဖြစ်လို့ တစ်နေ့ထက် တစ်နေ့ လျှော့လျှော့ပေးရတာလဲ.. ” လို့ မေးပါတယ်။

   ဒီတော့ လုလင်ပျိုနတ်သားက..
   ” မင်းသမီးရယ်.. သင့်ရဲ့အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ တိုးတိုးပျို ပျို လာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးရမှာပေါ့.. ။အခု သင့်ရဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ လျော့လျော့ အိုအိုလာတာပဲ... ဒါကြောင့် ငါက ပစ္စည်းကို လျော့လျော့ပေးတာပါ...
တစ်နေ့ တစ်ညကုန်လွန်တာကို ထားပါအုံး.. အခု ငါ ကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည်အဆင်းတွေက တဖြုတ်ဖြုတ်နဲ့ အို... အိုလာနေပြီလေ.. တစ်နေ့ထက် တစ်နေ့ ပျိုပျိုလာတာမှမဟုတ်တာ..” လို့ ရှင်းပြလိုက်ပါတယ်။

  တကယ်တော့ လုလင်ပျိုနတ်သားဟာ အတိတ်ဘဝက မင်းသမီးလေးရဲ့ ခင်ပွန်းဟောင်းဖြစ်ပြီး.. လူ့ပြည်မှာကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး တရားဟောပြတာဖြစ်ပါတယ်။ 

  တစ်ရက်ပြီးတစ်ရက် တိုးတိုးပြိး အိုလာတဲ့ ဒီတရားသဘောကို အခြေခံပြိး.ဆရာတော် ဘုရားတွေက..
 တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီူလာပြီ ᠌᠌᠌လို့ သတိပေးထားပါတယ်။

   နံနက်အိပ်ယာနိုးလာတာနဲ့ မထသေးဘဲ
 တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်ရက်နီးလာပြီ ᠌᠌᠌.. 
လို့ သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။
ငယ်ရွယ်သေးတဲ့အချိန်ကတည်းက ပါရမီတွေဖြည့်ဖို့.. ကုသိုလ်တွေစုဆောင်းထားဖို့ အခွင့်အရေးရက်တွေမှာ သေချာအားထုတ် ကြိုးစားထားကြရမှာဖြစ်တယ်။

   ဘယ်အသက်အရွယ်ပဲ ရောက်နေ ရောက်နေ.. 
**  ကျန်ရှိနေသေးတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ.. ** ᠌᠌᠌ ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေသေးတဲ့ သက်တမ်းအတွက် #ဘဝပုံစံ ကို သေချာချရမှာပါ။ နောက်ပြီး ကိုယ်ချထားတဲ့ #ဘဝပုံစံလေးအတိုင်းပဲနေသွားကြဖို့ပါပဲ။

   ဘာပဲဖြစ်နေဖြစ်နေ ဘာမှ အားငယ်စရာမလိုပါဘူး ။ ကိုယ့်ရင်ထဲမှာ
 သိက္ခာသုံးပါး တည်နေရင်.. ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။ ᠌᠌᠌

စာကြွင်း.. ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်သူက လက်တွေ့ကျင့်သုံးသွားမယ်ဆိုရင် စာရေးသူအတွက် ရေးရကျိုးနပ်သွားပါပြီ။
#((နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ))
✏✏✏ရဝေနွယ် (အင်းမ)
              အလင်းတန်းဂျာနယ်
              ၃၁. ၈. ၂၀၀၉   

   https://www.facebook.com/DhammaSarpay/
**** မြတ်ပါရမီ
           မြတ်ဗုဒ္ဓ၏သာသနာ page
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ လှူဒါန်းပူဇော်ပါသည်။

စာချစ်သူ ဓမ္မမိတ်ဆွေအပေါင်း ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် ပြည့်စုံသော ငြိမ်းချမ်းသည့် ဘဝပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပါ၏။
🍁🌺🍁🌺🌹🌻🌺🍁🌹🌺🍁🌹🌺🍁

Wednesday, January 12, 2022

ဘဝကောင်းနှင့် ဆုတောင်းပြည့်

ဘဝကောင်းနှင့်  ဆုတောင်းပြည့်
  🙏🙏🙏🙏🙏🙏🙏

လူတွေအသက်ရှင်နေတာ  
ဥပါဒါန်(အစွဲ)နဲ့ အသက်ရှင်နေတာ။

အစွဲသန်သလောက်  
အပါယ်ဘဝတွေ ရောက်နေကြတယ်။

ဥပါဒါန်မြူးလေ ဘဝကူးမှားလေ 
ဖြစ်နေကြတယ်။

အပါယ်လေးဘုံသားတွေဆိုတာ  
ဉာဏ်လမ်းကို မဆိုထားနဲ့  ကံလမ်းတောင် 
မဖြောင့်တန်းနိုင်တော့ဘူး။

ဒီတော့ ဘဝကူးကောင်းအောင်  (ဝါ) 
သုဂတိဘုံတွေ ရောက်အောင်  
ကြိုးစားကြရဦးမယ်။

သုဂတိဘုံတွေရောက်မှ  ပန်ဆင်ထားတဲ့
ဆုထူး ဆုမြတ်တွေ ပြည့်အောင်  
ဖြည့်ကျင့်နိုင်မယ်။

ဒီတော့  ဘဝကောင်းလိုချင်ရင်  
ကောင်းတာ အကုန်လုပ်  
မကောင်းတာ ဘာမှမလုပ်နဲ့။

အစွဲအငြိတွေက လွတ်အောင်လုပ်  
တစ်ခဏကောင်းနဲ့ လမ်းကြောင်းပေါ်မှာ  
ရပ်မနေပါနဲ့။

ကြွေးဟောင်းကို ကြေအောင်ဆပ်ပြီး 
ကြွေးသစ်ထပ် မယူချင်ပါတော့နဲ့။

ကုန်သည်ပွဲစားတွေဟာ ရာသီကိုကြည့်ပြီး 
ရောင်းဝယ်ဖောက်ကားကြသလို  

လယ်သမားဟာ  ရာသီနဲ့ဖက်  
ထွန်းယက်စိုက်ပျိုးကြသလို. . .  

လူ့ဘဝနဲ့ သာသနာကြုံ ဆုံခွင့်ရတုန်းမှာ  
အမြတ်ထွက်အောင်  ကြိုးစားကြစမ်းပါ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
  🙏🙏🙏🙏🙏🙏🙏🙏🙏🙏
[၁၃၆၁  ခုနှစ်  မောနေယျတော]

Credit to original writer.

Friday, January 7, 2022

ကိုယ့်စိတ်ကိုပြုပြင်နေရင် တရားအားထုတ်တာ

❝  ကိုယ့်စိတ်ကိုယ်ပြုပြင်နေရင် ထိုင်ထိုင် မထိုင်ထိုင်တရားအားထုတ်တာပါပဲ ❞

 
ဝိပဿနာနဲ့ပတ်သက်လို့ •••
နောက်ဆုံးပြောမယ်ဆိုရင်တော့ 
"စရသုတ္တန်"တဲ့။
ဦးဇင်းတို့အကြိုက်ဆုံးသုတ္တန်လေးပါပဲ။
ဣတိဝုတ်ပါဠိတော်မှာ - 
တခြားတရားတွေလည်းကြိုက်ပါတယ်။ 
ဒီစရသုတ္တလေးကိုတော့ အကြိုက်ဆုံးပါပဲ။
 
 မြတ်စွာဘုရား -
တိုက်ရိုက်ပြောထားတာကတော့
"သွားနေဆဲမှာ ကာမဝိတက်၊ ဗျာပါဒဝိတက်၊
ဝိဟိ ံသာဝိတက် ဖြစ်ပေါ်လာလို့
အဲဒီဝိတက်ဆိုးသုံးမျိုးကို 
သွားနေဆဲအခိုက်အတန့်မှာပဲ
ပယ်သတ်လိုက်နိုင်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်
ဝီရိယရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။
တရားအားထုတ်နေတဲ့
ဝီရိယရှိတဲ့သူလိုခေါ်ပါတယ်။" 

ဒါကိုပဲ •••
အဖြောင့်ရှင်းရှင်းပြောရမယ်ဆိုရင်တော့
သွားရင်းနဲ့ကိလေသာဖြစ်ပေါ်လာတယ်ဆိုရင်
အဲဒီဖြစ်ပေါ်လာတဲ့ကိလေသာကို
သွားနေဆဲအခိုက်အတန့်မှာပဲ တစ်ခါတည်း
ပတ်သတ်နိုင်မှ တရားအားထုတ်တယ်လို့ 
ခေါ်ပါတယ်။

တရားအားထုတ်တယ်ဆိုတာ
သွားရင်းဖြစ်နေတဲ့ကိလေသာကို သွားဆဲ
အခိုက်အတန့်မှာ ချက်ချင်း 
ပယ်သတ်လိုက်နိုင်တာကို ခေါ်ပါတယ်။ 
သွားရင်းကိလေသာပယ်တော့
သွားရင်းတရားအားထုတ်တာပေါ့။ 

တရားအားထုတ်တာကို အများက 
ထိုင်မှ တရားအားထုတ်တယ်လို့
ထင်နေကြတာနော်။

တင်ပျဉ်ခွေ၊ ခါးဆန့်၊မျက်စိမှိတ်ထားမှ
တရားထိုင်တယ်၊ တရားအားထုတ်တယ်လို့
ထင်နေကြတယ်၊ သုံးတာကိုက
တရားအားထုတ်တယ်လို့ မသုံးကြဘူးနော်။
တရားထိုင်တယ်လို့သုံးကြတယ်။

ထိုင်ရင်းတရားအာထုတ်တော့ 
တရားထိုင်တာပေါ့
သွားရင်း တရားအားထုတ်တော့ 
တရားသွားတာပေါ့ ။
ရပ်ရင်းနဲ့တရားအားထုတ်တော့ 
တရားရပ်တယ်။
လျောင်းရင်းနဲ့တရားအားထုတ်တော့
တရားလျောင်းတယ်၊ 
သောက်ရင်းနဲ့ တရားအားထုတ်တော့
တရားသောက်တယ်လို့ခေါ်တယ်နော်။ 

တရားထိုင်တာချည်းပဲ •••
အားကိုးမနေနဲ့နော်၊ တရားရပ်ဖို့၊ 
တရားလျောင်းဖို့၊ တရားစားဖို့၊ 
တရားသောက်ဖို့၊တရားလျှော်ဖို့၊ တရားဖွပ်ဖို့၊ 
အဲဒါတွေလည်း အရေးကြီးပါတယ်။ 

ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ 
တင်ပျဉ်ခွေ ၊ ခါးဆန့်၊မျက်စိမှတ်။
ရှူးရှဲရှူးရှဲမှတ်မှ
တရားအားထုတ်တာ မဟုတ်ဘူး။

သွားရင်းနဲ့ ကိလေသာဖြစ်ပေါ်နေရင် 
အဲဒီကိလေသာကို သွားနေဆဲမှာပင်၊
ထိုင်တဲ့အချိန်အထိ အချိန်မဆိုင်းဘဲနဲ့
သွားရင်းနဲ့ပဲ ပယ်သတ်ပါ။ 
ဒါမှ တရားအားထုတ်တယ်လို့ခေါ်ပါတယ်။ 

ရပ်ရင်းနဲ့ ကိလေသာဖြစ်ပေါ်လာရင်
ရပ်ရင်းတစ်ခါတည်းပယ်ပါ -
ထိုင်ရင်းနဲ့ကိလေသာဖြစ်ပေါ်လာရင် 
ထိုင်ရင်းတစ်ခါတည်းပယ်ပါ။
လျောင်းရင်းနဲ့ ကိလေသာဖြစ်ပေါ်လာရင်
လျောင်းဆဲ အခိုက်အတန့်မှာပဲ
အဲဒီကိလေသာတွေကို 
ချက်ချင်းပယ်သတ်လိုက်ပါ။
အဲဒီပုဂ္ဂိုလ်မျိုးကိုမှ -
တရားအားထုတ်တဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ 

အဲဒီလိုပုဂ္ဂိုလ်မျိုးကိုမှ •••
အပ်ပမာဒတရားနဲ့ 
ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ 

အပ်ပမာဒ တရားလက်ကိုင်ထားတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ သွားရင်း၊ရပ်ရင်း၊ 
ထိုင်ရင်း၊ လျောင်းရင်း၊ ကိလေသာ 
ဖြစ်ပေါ်လာရင် ……

သွားဆဲ၊ရပ်ဆဲ၊ထိုင်ဆဲ၊လျောင်းဆဲ 
အခိုက်အတန့်မှာ အကြွေးမထားဘဲနဲ့
အဲဒီကိလေသာကို ချက်ချင်း
ပယ်သတ်လိုက်နိုင်တဲ့ပုဂ္ဂိုလ်ကို 
အပ္ပမာဒတရား လက်ကိုင်ထားတဲ့ 
ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ 

【 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) 】

Credit:


Thursday, January 6, 2022

ရှောင်ရင်ကုသိုလ်၊ မရှောင်ရင် ဒုစရိုက်

“ရှောင်ရင် ကုသိုလ်၊မရှောင်ရင် ဒုစရိုက်”

တချို့ကလည်းပြောကြတယ်။
ငါးပါးသီလထဲက 
တစ်ပါးလောက်လုံရင် ပြီးသလိုလို၊
နှစ်ပါးလောက်လုံရင် ပြီးသလိုလိုနဲ့။
မဟုတ်ဘူး။ ငါးပါးလုံး လုံမှ ပြီးတယ်။

ငါးပါးသီလဟာ -
“ရှောင်ရင်ကုသိုလ်၊ မရှောင်ရင် ဒုစရိုက်”ပဲ။
ဒါက ဘုရားက သတ်မှတ်ပေးတာ မဟုတ်ဘူး။
သဘာဝတရားကြီးက သတ်မှတ်ထားတာနော်။
စဉ်းစားကြည့်။

ကိုယ့်ကိုတစ်စုံတစ်ယောက်က လာသတ်လို့ရှိရင်
ကြောက်တယ်မဟုတ်လား။
ကိုယ်မကြိုက်ဘူးလေ။
ကိုယ်မကြိုက်တဲ့အလုပ် သူများသွားမလုပ်နဲ့။
ဒီလိုဆိုလိုတာပဲ။
“အတ်တူပနာယိက-
အမြဲတမ်း ကိုယ်နဲ့နှိုင်းယှဉ်ကြည့်”။
ကိုယ်မကြိုက်တဲ့အလုပ်ကို မလုပ်နဲ့။
ကိုယ်ကိုသတ်မယ်ဆိုရင် ကိုယ်ကြောက်တယ်။
ဒါကြောင့်မို့ 
ဘယ်သတ္တဝါကိုမှ မသတ်ဘူး၊
ရှောင်တယ်။

ကိုယ့်ပစ္စည်းအခိုးခံရမယ်ဆိုရင် စိတ်ဆင်းရဲမယ်။
အဲဒါကြောင့် သူများပစ္စည်းလည်း မခိုးနဲ့။

ကိုယ့် သားမယား စော်ကားမယ်ဆိုရင် 
ကိုယ်လည်း မခံနိုင်ဘူး။
ဟော-
သူများသားမယားလည်း မစော်ကားပါနဲ့။
ဒါငါးပါးသီလပဲလေ။
အကုန်လုံး ကိုယ် မကြိုက်တဲ့ဟာတွေချည်းပဲ။

ကိုယ့်ကို လိမ်ပြောမယ်ဆိုရင် မခံနိုင်ဘူး။
သူများကို မလိမ်နဲ့လေ။

အဲတော့ အရက်ကျတော့ ဘယ်လိုပြောမတုန်း။
ကိုယ်တိုင်က ကြိုက်နေတာ။
ဒါလေးသောက်ရမှဆိုတော့ 
စိတ်တွေကြွလာပြီးတော့
မပြောသင့်တဲ့စကားတွေ ပြောပြီးတော့၊
မလုပ်သင့်တာတွေ လုပ်တယ်။
အင်မတန်မှ တည်ကြည်အေးဆေးစွာ 
နေတတ်တဲ့လူတစ်ယောက်ဟာ အရပ်ထဲမှာ 
အေးအေးဆေးဆေးမဟုတ်ဘဲ၊
ဆူဆူပူပူ ဖြစ်လာတယ်။
ကောင်းသလား၊မကောင်းဘူးလား၊
ဒါတစ်ခုတည်းနဲ့ပဲ ကြည့်ဦး။

နောက်တစ်ခါ စဉ်းစားကြည့်အုန်း။
အရက်ဆိုတာ ဝင်လာတာနဲ့ တစ်ပြိုင်တည်း
လူတစ်ယောက်ဟာ အမှန်အကန် 
စဉ်းစားနိုင်စွမ်းမရှိတော့ဘူး။
ဦးနှောက်ရဲ့ အခြေအနေတွေ ပြောင်းသွားတယ်။
ပြောင်းသွားတဲ့ အတွက်ကြောင့် 
ဘယ်သူ့ကို ထိခိုက်သလဲဆို
ကိုယ်သိရမယ့် အတတ်ပညာတွေ၊ နည်းပညာတွေ၊
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ၊
ဒါတွေဟာ ပျောက်သွားတယ်။
သူ့အတွက် တန်ဖိုးမဲ့သွားတယ်။
စိတ်အေးကြည်လင်မှုဆိုတာလည်း 
ပျက်စီးသွားတယ်။
ဒါ ဘယ်သူမှမလုပ်ဘူး။

ကိုယ်သောက်တတ်လို့ သောက်ပြီးတော့ 
အိပ်အုန်းတော့ဘယ်သူ့ ထိခိုက်သလဲမေးရင် 
ကိုယ့်ကိုယ်ကို ထိခိုက်တယ်။
ကိုယ့်ကိုယ်ကို ထိခိုက်တယ် ဆိုတာ
ပညာ ရ-ရမှာ မဟုတ်ဘူး။
ကုသိုလ် ရ-ရမှာ မဟုတ်ဘူး။
ဒါ ထိခိုက်တာပဲလေ။
အဲသလို ထိခိုက်တဲ့အခါမှာ-
✤ကိုယ်သာ ထိခိုက်တာ မဟုတ်ဘူး။
✤ကိုယ့်ကို မှီနေတဲ့ မိသားစုလည်း ထိခိုက်တယ်။
✤အလုပ်လုပ်မှာလည်း မလုပ်ဘူး။
ဟော-ကိုယ်လည်း ထိခိုက်တယ်။
ကိုယ့်မိသားစုလည်း ထိခိုက်တယ်။
နောက်ပြဿနာတွေ အများကြီးတတ်လာတယ်။

သွေးဆိုးတဲ့သူတွေကျတော့ 
အရက်မူးပြီးရန်ဖြစ်ကြတာပဲ။
ဒါတွေဟာ ဘာကြောင့်လဲ။
ဒါကြောင့်ဖြစ်တယ်။
အဲတော့ အဲဒီလို ပြဿနာတွေတက်စေတတ်တဲ့ 
အရက်ဟာ သောက်သင့်သလား၊
မသောက်သင့်ဘူးလား။
ဒီလို စဉ်းစားကြည့်လိုက်လို့ရှိရင်
ဒီအရည် ဝင်လိုက်သည့် အတွက်ကြောင့် 
မကောင်းတဲ့အလုပ်တွေ 
အကုန်လုပ်ရဲသွားတယ်ဆိုရင်၊
မကောင်းတဲ့ဟာပဲ ဆိုတာကို 
သဘောပေါက်နားလည်လို့ရှိရင်
ငါးပါးသီလဟာ ဘာမှမခက်တော့ဘူး။
အင်မတန်မှ မြတ်မြတ်နိုးနိုး 
ထိန်းသိမ်းစောင့်ရှောက်ရမယ့် သီလ။

ကိုယ်က အမြဲတမ်း 
လူတော်လူကောင်း 
လူ့အဆင့်နဲ့ ပြည့်ပြည့်ဝဝ 
သူတော်ကောင်း စိတ်နဲ့ အမြဲတမ်းရှိဖို့၊
လိမ်လိမ်မာမာ နေတတ်ဖို့ကို ရွေးချယ်ရတယ်။

အရိယာသူတော်စင် ဖြစ်ရပြီဆိုရင် 
ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာဂုဏ် 
ယုံကြည်မြတ်နိုးပြီးတော့ ငါးပါးသီလကို
အသက်ထက်မြတ်နိုးတဲ့ ပုဂ္ဂိုလ်မျိုး၊
အသက်ထက် မြတ်နိုးတယ်ဆိုတာ-
✤ငါးပါးသီလကို ချိုးမလား၊
အသေခံမလားဆိုရင် အသေခံမယ်။
ငါးပါးသီလ မဖျက်ဘူး။
အသက်ထက် မြတ်နိုးတယ်ဆိုတာ 
အဲဒါကိုပြောတာ။
လူဆိုတာ လဲလှယ်တတ်ကြတယ်လေ။

အသက်နဲ့ ပစ္စည်းဥစ္စာနှစ်မျိုးမှာ 
ပစ္စည်းဥစ္စာဆုံးရှုံးခံမယ်။
အသက်တော့ အသေမခံဘူး။
ဟော-ဒီလို ပြောကြတယ်လေ။

အဲတော့ အရိယာသူတော်စင်တွေကတော့
ငါးပါးသီလတော့ အပျက်မခံဘူး။
အသက်သေချင် သေပါစေ။
ငါးပါးသီလနဲ့ သေသွားရင်မြတ်တယ်။
ဒီလို ယူဆတယ်။
အေး-ဒါကြောင့်မို့လို့ 
“တကယ်တန်ဖိုးရှိတဲ့အရာကို
တန်ဖိုးရှိတယ်လို့ သိပြီး၊
ကျင့်သုံး နေထိုင်ခြင်းဟာ
မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း နေထိုင်ခြင်း”
ဖြစ်ပါတယ်။
 

"ကံအကျိုးပေး"

လောကလူသတ္တဝါတွေဟာ နေ့စဉ်နဲ့အမျှစိတ်ထဲမှာဖြစ်ပေါ်
နေတဲ့ မနောကံတွေ နှုတ်ကနေထုတ်ဖော်ပြောတဲ့ 
ဝစီကံတွေ ကိုယ်ထိလက်ရောက်လုပ်နေတဲ့ကာယကံတွေ 
အကောင်းနဲ့အဆိုးဆိုတာဖြစ်ပေါ်ပြီးတော့ နေတယ်။
ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ သုံးသပ်ကြည့် တို့တတွေနေ့စဉ်လုပ်နေတာ 
စိတ်ကူးကြံစည်နေတာဟာ မနောကံအဖြစ်ရောက်နေသလား။
တို့တတွေနှုတ်ကနေထုတ်ဖော်ပြောဆိုနေတဲ့ 
ပြောဆိုမှုတွေဟာ ဝစီကံအဖြစ်ရောက်နေသလား။
တို့တတွေ ကိုယ်ထိလက်ရောက်လုပ်နေတဲ့ ကိုယ်အမှုတွေက 
ကာယကံအဖြစ်ကိုရောက်နေသလား။

ကံဆိုတာ " စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ" နိဗ္ဗေဓိကသုတ္တံမှာ မြတ်စွာဘုရား 
ဟောထားတဲ့အကြောင်းအရာကို အကြောင်းပြုပီး မြန်မာလူမျိုးတွေ တော်တော်များများသိတယ် ကံဆိုတာ
စေတနာကိုခေါ်တယ်ဆိုတာ။ကမ္မ-ဆိုတာ ပြုလုပ်တဲ့အလုပ်ကို ကမ္မလို့ပြောတာ။အမှုကိစ္စ။ အဲ့ဒီအမှုကိစ္စရဲ့ 
နောက်ကွယ်ကတွန်းအားက ဘယ်သူလဲဆိုတော့ ယေဘုယျ အားဖြင့်ပြောတာ " စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ" 
ဆိုတာ ယေဘုယျစကားလို့မှတ် ။စေတနာကိုတာ ကံလို့ခေါ်တယ်လို့ ဒီလိုတော့ တထစ်ချ မမှတ်နဲ့။ 
စေတနာမှန်သမျှ ကံဆိုတာ မှန်တယ်။စေတနာဆိုရင် ကံလို့ပဲမှတ်ထား။ ဘာလို့တနု်းဆိုတော့
ပဋ္ဌာန်း(၂၄)ပစ္စည်းထဲမှာ စေတနာ ဟူသမျှကို ကမ္မပစ္စယောလို့ ဒီလိုဟောထားတာ။သဟဇာတ ကမ္မ။ 
နာနာက္ခဏိက ကမ္မ။ဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်တွေနဲ့ပြိုင်တူဖြစ်လာတဲ့စေတနာစေတသိက်လေးဟာ 
အားလုံးအတွက်တွန်းအားဖြစ်နေလို့ သဟဇာတ ကမ္မ- လို့ ဒီလိုပြောတာ။

နောက်တစ်ခုက နာနာက္ခဏိက ကမ္မ-ဆိုတာက အခုမြန်မာလူမျိုးတွေပြောနေတဲ့ ကံ-အတိုင်းပဲ။
ကံကောင်းတယ် ကံမအကောင်းဘူးလို့ပြောနေတာကျတော့နာနာက္ခဏိက ကမ္မ-လို့ခေါ်တယ်။ဒီစေတနာကျတော့ ကုသိုလ်
 အကုသိုလ်နဲ့သက်ဆိုင်တယ်လို့ ဒီလိုမှတ်ရမယ်။တခြားစေတနာတွေနဲ့မသက်ဆိုင်ဘူး။စေတနာဆိုတာ စိတ်မှန်သမျှမှာဖြစ်တယ်။
သို့သော် ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့တွဲပြီးလာတဲ့ ကုသိုလ်စိတ် အကုသိုလ်စိတ်တွေရဲ့ တွန်းအားဖြစ်တဲ့ 
စေတနာကျတော့ အခုပြောတဲ့ ကမ္မ-လို့ ဒီကမ္မကို နာနာက္ခဏိက ကမ္မ။ကံဖြစ်တဲ့အချိန်နဲ့ အကျိုးပေးတဲ့အချိန်ဟာ ကွာခြားတယ်လို့ ဒီလိုပြောတာ။
ကွာတယ်ဆိုတာ ဘယ်လောက်ကွာတာတုန်းဆိုရင် ကမ္ဘာချီပြီးတော့ ကွာချင်လည်းကွာမယ်။မိနစ်ပိုင်းကွာတာလည်းကွာနိုင်တယ်။မိနစ်ပိုင်း
 စက္ကန့်ပိုင်းကွာတာလည်း ကွာတယ်လို့ပြောရမှာပဲ။တစ်ပြိုင်တည်းမဖြစ်ဘူး။ကံတရားနဲ့ အကျိုးတရားဟာ တစ်ပြိုင်တည်းလာတာ
မဟုတ်ဘူး။တစ်ခါတရံ လူတို့ရဲ့သန္တာန်မှာဖြစ်နေတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ်၊ 
အကုသိုလ်ကံပဲဖြစ်ဖြစ် ကမ္ဘာပေါင်းမြောက်များစွာခြားပြီးတော့မှ အကျိုးတစ်ခုကိုထုတ်လုပ်တာပဲရှိတယ်။

ဒါ့ကြောင့်မို့ ကံဆိုတာပျောက်ကွယ်သွားတာမဟုတ်ဘူး။သတ္တဝါတွေ သန္တာန်မှာ စိတ်အစဉ်ရှိနေသမျှ ကံ-ဆိုတဲ့ သဘာဝတရားသည် Energy အနေနဲ့ တည်ရှိနေတယ်။
ဒီလိုဆိုတော့ တစ်ချို့ကစောဒက တက်ကြတယ်။စေတနာ-ဆိုတဲ့ ကံတရားဟာ အနိစ္စပဲမို့လားဆိုတော့ ဟုတ်ပါတယ် အနိစ္စ။ဖြစ်ပြီးရင်တော့ ပျက်သွားတာ။
ပျက်သွားပေမယ့်လို့ ဘာကျန်ရစ်သလဲဆိုရင် စွမ်းအားသတ္တိတစ်ခု ကျန်ခဲ့တယ်။သတ္တိဆိုတာ အကောင်အထည်မဟုတ်ဘူးလေ။လူတွေမှာ စွမ်းရည်သတ္တိဆိုတာလေးတွေ ရှိတယ်။
စွမ်းရည်သတ္တိဆိုတာ မြင်ရတာမဟုတ်ဘူး။ဆိုပါဆို့ ငယ်ငယ်တုန်းက မူလတန်းပညာသင်ခဲ့တယ်။စာရေးတတ်တယ် ဖတ်တတ်တယ် စွမ်းရည်သတ္တိတွေရတယ်။
အဲ့ဒီသင်ခဲ့တာတွေ မေ့သွားပေမယ့်လို့ အလတ်တန်းတို့ အထက်တန်းတို့ တက္ကသိုလ်ပညာရပ်တို့ စည်းပူးတဲ့အခါမှာ အထောက်အကူဖြစ်နေတာပဲ။
ပျောက်သွားတာမဟုတ်ဘူးဆိုတာ အင်မတန်မှထင်ရှားတယ်။အနိစ္စသဘောတရားအရ ဖြစ်ပြီးရင်တော့ ပျက်တာပဲ မှန်တယ်။
ဖြစ်ပြီး ပျက်ပေမယ့်လို့ ကို်ယ့်သန္တာန်မှာ စွမ်းရည်သတ္တိလေးတွေကျန်နေတယ်။

ဒါကြောင့်မို့ အရည်အချင်းလို့ ခေါ်ကြတာပေါ့။အရည်အချင်းဆိုတာ မြင်ရတာမဟုတ်ဘူး။လုပ်ဆောင်နိုင်တဲ့စွမ်းရည်သတ္တိကိုပြောတာ။
အဲ့ဒီအရည်အချင်းတွေနဲ့ ကံတရားတွေဟာ ဘယ်လောက်ပဲကွာကွာဒီအရည်အချင်းဟာ ပျက်ယွင်းသွားတာမျို်း မရှိဘူးလို့ ဒီလိုနားလည်ရတယ်။
ဒါကြောင့်မို့လို့ ဒီဘဝကလုပ်ထားတဲ့ကံတွေဟာ နောင်ဘဝမှာ အကျိုးဖြစ်ထွန်းတယ်။နောင်ဘဝမကဘူး ဘဝပေါင်းမြောက်များစွာ
 ခြားကွယ်ပြီးတဲ့နောက်မှာလည်း အကျိုးပေးလာတာရှိတယ်။

ဘဝပေါင်းမြောက်များစွာတင်မကဘူး ကမ္ဘာပေါင်းကြာသော်လည်းပဲ ဒီ ကံတရားတွေဟာ လူတွေရဲ့ သန္တာန်မှာ ပျောက်ကွယ်သွားတယ်မရှိဘူး။
ဒါကြောင့်မို့ ကံကို(၃)မျိုး(၃)စားခွဲပြီးပြောကြတာ။အလုပ်တစ်ခုအောင်မြင်မှုအတွက် တွန်းအားလို့ဆိုတာဟာ စေတနာ-ပဲ။ အဲ့ဒီစေတနာတွန်းအားဟာ 
စွမ်းရည်သတ္တိ သိပ်မပြည့်သေးတဲ့ တွန်းအားဆိုရင် ဖြစ်လွယ်ပျက်လွယ်သဘောအားဖြင့် ဒီဘဝမှာပဲ အကျိုးပေးတယ်။ဒိဋ္ဌဓမ္မဝေဒနိယကံ-လို့ခေါ်တယ်။
အဲ့ဒီတွန်းအားက စခါစ ဆိုတော့ နုနယ်သေးတယ်။နုနယ်သေးတဲ့တွန်းအားသည် နောင်ဘဝထိအောင်မပါနိုင်ဘူး ဒီဘဝမှာအကျိုးပေးတယ်။
အကျို်းပေးတယ်ဆိုတာ ပေးကိုပေးရမှာလားဆိုတော့ မဟုတ်ဘူး။အကူအညီ အကြောင်းတွေရမှ ပေးတာ။ဆိုပါစို့ မျိုးစေ့လေးတစ်ခုဟာ 
အပင်ပေါက်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်။ဒါပေမယ့် ပေါက်ကို ပေါက်တာလားဆိုတော့ မပေါက်ဘူး။မြေနဲ့ ရေနဲ့တွေ့မှ ပေါက်မှာလေ။
သူ့ချည်းဆို အပင်မပေါက်နိုင်ဘူး။အဲ့ဒီလိုပဲ ကံတရားဟာ အကျိုးပေးနိုင်တဲ့ စွမ်းရည်ရှိပေမယ့်လို့ အထောက်အကူပြုတဲ့အရာတွေ ရှိမှအကျိုးပေးတယ်လို့ 
သူကဒီလိုပြောတာ။

နောက်တစ်ခါ စွမ်းရည်သတ္တိ လုံးဝပြည့်သွားတဲ့ကံတရားကျတော့ ဥပပဇ္ဇဝေဒနိယကံ-လို့ခေါ်တယ်။ဒီဘဝပြီးရင် နောက်ဘဝကိုအကျိုးထုတ်လုပ်မယ့်ကံတရား။
အဲ့ဒီကံတရားကျတော့ စွမ်းအားတွေက လုံးဝပြည့်သွားသည့်အတွက်ကြောင့် နောက်ဘဝမှာ အကျိုးပေးမယ်။ဒါဖြင့်နောက်ဘဝအကျိုးပေးတာရော သေချာပေါက်
အကျိုးပေးတာလားဆိုတော့ ဒီလို ကံမျိုးတွေ သိန်းသန်းကုဋေရှိတဲ့အထဲက အကျိုးပေးခွင့်ရတဲ့ ကံတစ်ခုပဲ အကျိုးပေးတယ်။ကျန်တဲ့ကံတွေက အကျိုးပေးလို့တော့မရဘူး။
အကုန်လုံးအကျိုးပေးတာ မဟုတ်ဘူး။အဲ့ဒီတော့ အဲ့းဒီထဲမှာအကျိုးပေးခွင့်ရသွားလို့ ရှိရင် သူကအကျိုးပေးမယ်။အကျိုးပေးခွင့်မရလို့ ရှိရင်တော့ အဟောသိကံလို့ခေါ်တယ်။
အဟောသိကံ-ဆိုတာ အခုခေတ်လို့ပြောမယ်ဆိုရင် Expired ဖြစ်တယ်လို့ပြောတာ။ဆေးတွေဟာ Date လွန်သွားရင် Expired ဖြစ်တယ်လို့ပြောတာ။
ကံကလည်းပဲ date လွန်သွားတဲ့ကံရှိတယ်။အကျိုးပေးရမယ့်အချိန်ရောက်ရဲ့သားနဲ့ အကြောင်းအပေါင်းအကူအညီမရသည့်အတွက်ကြောင့် 
အကျိုးမပေးတော့ဘူးဆိုရင် ဒါ Expired ဖြစ်တာပဲ။ဒါကို အဟောသိကံလို့ ခေါ်တာ။

ဟောနောက်ကံတစ်ခုကျတော့ စွမ်းအားသတ္တိတွေက ဒီဘဝအကျိုးပေးရအောင်လည်းမထက်မြက်ဘူး။ဒုတိယဘဝမှာအကျိုးပေးလောက်လည်း မထက်မြက်ဘူး။
သို့သော် စွမ်းရည်သတ္တိတွေ ရထားပြီးပြီ ဆိုတဲ့ကံကျတော့ တတိယဘဝကနေစပြီး နိဗ္ဗာန်ထိအောင် ဘဝသံသရာရှိနေသမျှကာလပတ်လုံး အကျိုးပေးနိုင်တဲ့
အနေအထားတစ်ခုကိုရောက်တယ်။ အဲ့ဒါမျိုးကို အပရပရိယာယဝေဒိနိယကံ-နောက်အလှည့်သင်တဲ့အချိန်မှာ အကျိုးပေးမှာလို့ အဲ့ဒီကံက လွတ်တဲ့ သတ္တဝါဆိုတာ မရှိဘူးတဲ့။
အကြောင်းပေါင်းမညီညွှတ်လို့ သံသရာဝဋ်ကမလွတ်သေးရင် သူကနောက်ကပါနေမှာပဲ။ဒီလိုဆိုလိုတာပေါ့နော်။ဒါက ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ် 
ဘုန်းကြီးတို့တတွေ နေ့စဉ်နဲ့အမျှ စိတ်ထဲမှာ ကြံတွေးနေတဲ့ မနောကံတွေ နှုတ်ကနေထုတ်ပြောနေတဲ့ ဝစီကံတွေ၊ ကိုယ်ထိလက်ရောက်လုပ်နေတဲ့
ကာယကံတွေ ဆိုတဲ့ နောက်ကွယ်ကတွန်းအားပေးတဲ့ စေတနာတရား။အဲ့ဒီစေတနာ တရားကို ကံလို့ပြောတာဟာ စေတနာမှန်သမျှသည် ကံဖြစ်တယ်
သို့သော် ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ တွဲဘက်လာတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကိုတာ ဒီနေရာမှာ ကံကံ၏ အကျိုးလို့ 

ဒီလိုဆိုလိုတယ်လို့ ဒီလိုမှတ်။ဒါဖြင့်ရင် စေတနာတစ်ခုတည်းကံလားဆိုတော့ မဟုတ်ဘူး။မနောကံကျတော့ စေတနာကို ကံခေါ်တာမဟုတ်ဘူး။အဘိဇ္စျာ-လို့ဆိုတဲ့ လောဘ၊ ဗျာပါဒ-ဆိုတဲ့ ဒေါသ၊
မိစ္ဆာဒိဋ္ဌိ-လို့ဆိုတဲ့ ဒိဋ္ဌိ၊ အဲ့ဒီသဘာဝတရားတွေကိုလည်း စေတနာမဟုတ်ပေမယ့်လို့ ကံလို့ ခေါ်သေးတယ်။ဒါကိုပြောလိုတာ။ဒါတင်မကဘူး တခြားကံဆိုတာ ဘာတွေရှိသေးတုန်းဆိုရင်
 မဂ္ဂင်(၈)ပါးကိုလည်း ကံလို့ပြောတာပဲ။ဗောဇ္ဇျင်(၇)ပါးကိုလည်းပဲ ကံလို့ပြောတာပဲ။အဲ့ဒီကံတွေကျတော့ ကံတရားတွေကို ဖျက်စီးပစ်နိုင်တဲ့
စွမ်းအားရှိတဲ့ကံတွေ။ဒီလိုပြောတာနော်။အနို့မို့ဆိုရင် ကံတရားတွေဟာ လိုက်အကျိုးပေးနေလို့ လူတွေဟာ ကံကနေ လွတ်မြောက်ဖွယ်ရာ အကြောင်းမရှိဘူး။ဒါကြောင့်မို့လို့ 
မဂ္ဂင်(၈)ပါးတို့ ဗောဇ္ဇျင်(၇)ပါးတို့ဆိုတဲ့ ဒီကံတရားတွေကျတော့ ကုသိုလ်ကံကိုပဲဖြစ်စေ အကုသိုလ်ကံကိုပဲဖြစ်စေ ၊ အကိုသိုလ်ကံတွေကို ဖယ်ရှားပြီးတော့
ကုသိုလ်ကံတွေပါ အကျိုးပေးခွင့်မရအောင် လုပ်နိုင်စွမ်းသတ္တိရှိတယ်လို့ ။ဒါကြောင့်မို့လို့ သံသရာက လူတွေဟာ ကဲကံ၏ အကျိုးကို အကုန်လုံးမခံရပဲနဲ့ 
သံသရာဝဋ်က လွတ်သွားတာတွေလည်း ရှိတယ်။နို့မို့ဆိုရင် သံသရာဝဋ်က လွတ်ဖို့ရန်အကြောင်းမရှိဘူး။ ဘာကြောင့်တုန်းဆိုရင် လူတွေနေ့စဉ်အမျှ 
ကြံတွေးနေတာတွေက အကောင်းတွေးတာနည်းတယ်။ပြောသမျှတွေဟာလည်း အကောင်းပြောတာနည်းတယ်။

လုပ်ခဲ့တာတွေကလည်း အကောင်းလုပ်တာ ရာခိုင်းနှုန်းနဲ့တွက်ကြည့် အင်မတန်မှနည်းတယ်။ကို်ယ့်ကိုယ်ကိုတော့ ကိုယ့်ဘာသာလေ့လာဆန်းစစ်ကြည့်ပေါ့။
တနေ့တာမှာ ငါတွေးတာဟာ အပြစ်မကင်းတဲ့ အကုသိုလ်တွေရှိလား? ပြောနေတဲ့စကားတွေက အကုသိုလ် ကံတွေပါနေသလား? လုပ်နေတဲ့ အလုပ်တွေရော
အကုသိုလ်ကံတွေဖြစ်နေသလားဆိုတာ ကို်ယ့်ဘာသာကိုယ် ဆန်းစစ်ကြည့်ပြီးတော့ ကို်ယ့်ကိုယ်ကို ပြုပြင်ရမယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။
အဲ့ဒီလို ဘယ်ကံက ဘယ်အကျိုးကိုပေးတယ်ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ _/\_ ယထာကမ္မူပဂဉာဏ် _/\_ (ဝါ) မြတ်စွာဘုရားရဲ့ဉာဏ်တော်စွမ်းအား(၁၀)မျိုးထဲမှာ
ပါဝင်တဲ့ သဗ္ဗတ္ထဂါမိနီ- ဘဝမျိုးစုံနောက်ဆုံး နိဗ္ဗာန်ထိအောင် ရောက်စေနိုင်တဲ့ သတ္တဝါတွေလုပ်ဆောင်နေကြတဲ့ အကျင့်တွေ ကံတရားတွေအကြောင်းကို ကွဲကွဲပြားပြား
ခွဲခွဲခြားခြား မြတ်စွာဘုရားက သိနိုင်စွမ်းရှိတယ်လို့ ဒီလိုဆိုတာ။

ဒါကြောင့်မို့လို့ ကံတရားကို မြတ်စွာဘုရားက အခြေခံအားဖြင့် သတ္တဝါတွေ သတိထားပြီးတော့ ရှောင်ကြဉ်ဖို့နဲ့ ပြုလုပ်ဖို့ဆိုပြီးတော့
 ဒီနှစ်ခုကိုအဓိကထားပြီးတော့ မြတ်စွာဘုရားက ဟောတယ်။မြတ်စွာဘုရားတရားတော်တွေကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် 
အကုသိုလ်မှန်သမျှ ရှောင်ကြဉ်မှုနဲ့ ကုသိုလ်မှန်သမျှ ပြည့်စုံအောင်ကြိုးပန်းအားထုတ်မှု ဒီနှစ်ခုဟာ အဓိကအကျဆုံးပဲ။ဘယ်အလုပ်ပဲလုပ်လုပ် 
ဘာနဲ့တိုင်းတာပြီး ပြောရမလဲဆိုရင်ကိုယ်လုပ်တဲ့အလုပ်သည် အကုသိုလ်တွေနည်းပါးစေပြီး ကုသိုလ်တရားတွေ တိုးပွားစေသလား။သို့မဟုတ် 
အကုသိုလ်တွေ လျော့နည်းသွားပြီး ကုသိုလ်တွေတိုးပွားလာသလား ဒီနှစ်ခု ဒီနှစ်ခုကို ဆန်းစစ်ကြည့်တဲ့။ဆန်းစစ်ကြည့်လိုက်လို့ အကုသိုလ်တွေလျော့နည်းစေပြီး 
ကုသိုလ်တွေတိုးပွားရင် လုပ်လို့ပြောတာ မြတ်စွာဘုရားက။ဒီနှစ်ခုကို အမြဲတမ်း ချိန်ခွင်ညှာသဖွယ်ကြည့်ပြီးတော့ ကုသိုလ်ဘက်က အမြဲတမ်းအသာစီးရနေအောင် 
သတိထားဖို့လိုအပ်တယ်ပေါ့။အကုသိုလ်ဘက်က

အသာစီးရမယ့်အလုပ်ဆိုရင် ရှောင်နိုင်ဖို့ ကြိုးစားရမယ် ဒီလိုဆိုလိုတာ။ဒီသဘာဝတရားနှစ်ခုဟာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ ပဟာယကနဲ့ ပဟာတဗ္ဗလို့ခေါ်တယ်။ 
ကုသိုလ်က ဖယ်ရှားတတ်တဲ့တရား။အကုသိုလ်က အဖယ်ခံရတဲ့တရားလို့ဒီလိုဆိုလိုတာ။ဘာနဲ့ဥပမာတူတုန်းဆိုရင် ရောဂါနဲ့ဆေး။ဆေးဆိုတာ 
ရောဂါ-ကိုဖယ်ရှားပစ်တာလေ။ရောဂါက ဆေး-ကိုဖယ်ရှားဖြစ်တယ်လို့ မရှိဘူး။ရောဂါက ဆေးကို ဖယ်ရှားတာလို့ပြောတာ မဟုတ်ဘူး။ဆေးက ရောဂါကိုဖယ်ရှားတာ။
အဲ့ဒီအတိုင်းပဲ ရောဂါနဲ့အလားသန္တာန်တူတဲ့ အကုသိုလ်ကို
ဆေးနဲ့အလားသန္တာန်တူတဲ့ ကုသိုလ်က ဖယ်ရှားပစ်တာ။ဒါကြောင့်မို့လို့ ပဟာယကနဲ့ပဟာတဗ္ဗ-လို့ စောပေကျမ်းဂန်မှာမှာ ဒီလိုသုံးတာ။ ဒီလိုသုံးတာနော်။
တခါတရံမှာ ရောဂါဘယ်လောက်ကြီးကြီး အစွမ်းထက်တဲ့ဆေးလေးတစ်ခွက်သောက်လိုက်တာနဲ့ ရောဂါတွေပျောက်သွားတာရှိတယ်။
ထို့အတူပဲ အကုသိုလ်ကံတွေဘယ်လောက်ကြီး လုပ်ထားထား အစွမ်းထက်တဲ့ကုသိုလ်လေးတစ်ခုကနေပြီးတော့ ကယ်သွားတာလဲရှိတာပဲ။

 ဥပမာတစ်ခုကြည့် လူတွေမြောက်များစွာသတ်လာတဲ့ ကမ္ဘာကျော်လူသတ်သမားကြီး အင်္ဂုလိမာလ-သူဟာ သာမန်အားဖြင့် ငရဲက လွတ်စရာအကြောင်းမရှိဘူး။
သူလုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးဖို့ အချိန်မကျသေးလို့တာ သူ့ရဲ့သန္တာန်မှာ အင်ပြည့် အားပြည့်နဲ့ စွမ်းရည်သတ္တိတွေ ရှိနေကြတယ်။
အဆင်သင့်ဖြစ်နေပြီ အင်အားအပြည့်အဝနဲ့ ရှိနေကြပြီ။ဒီဘဝရဲ့အသေကို စောင့်နေတာ။ဒီဘဝက သေတာနဲ့ အပါယ်ငရဲကို ကျစေမှာပဲ။
သို့သော် ကံကောင်းချင်တော့ သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စက မြတ်စွာဘုရားရဲ့အဆုံးအမကို ရလိုက်လို့ သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ 
လူဆိုးကနေလူကောင်းအဖြစ် ကိုယ်ကျင့်သီလတွေကို ခံယူဆောက်တည်ပြီးတဲ့အခါ ပါဏာတိပါတ-ကို လုံးဝရှောင်ကြဉ်လိုက်ပြီးတော့ 
အစွမ်းထက်တဲ့ ခုနက မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်လိုက်တာ အစွမ်းထက်တဲ့ အရဟတ္တမဂ်လို့ခေါ်တဲ့ကုသိုလ် ။
မဂ်-ဆိုတာ မဂ္ဂင်(၈)ပါးကိုဖွင့်စည်းထားတာ။မဂ္ဂင်(၈)ပါးအစုအဝေးကို မဂ်လို့ခေါ်တာ။အဲ့ဒီမဂ်စွမ်းအားက နံပါတ်(၄)ဖြစ်တဲ့ အရဟတ္တမဂ်-
အရဟတ္တမဂ်-ဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ၊သမ္မာဝါစာ၊သမ္မာကမန္တ၊သမ္မာအာဇီဝ၊သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိ၊တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် 
သီလရယ် သမာဓိရယ် ပညာရယ်၊အစွမ်းထက်တဲ့သီလ အစွမ်းထက်တဲ့သမာဓိ အထက်မြက်ဆုံးပညာ ကိုရလိုက်တာနဲ့ သူလုပ်ထားတဲ့ အကုသိုလ်တွေက
အကုန်လုံး အရှုံးပေးသွားရတယ်။

ဘယ်လိုကြောင့်အရှုံးပေးရတာတုန်းဆိုရင် သူတို့ရဲ့အဖော်သဟဲဖြစ်တဲ့ ကိလေသာတွေကို အရဟတ္တမဂ်က ဖယ်ရှားပစ်လိုက်သည့်အတွက်ကြောင့်
ကံတွေဟာအကျိုးပေးချင်သော်လည်း ပေးလို့မရတော့ဘူး။ဒီလိုဆိုလိုတာနော်။အဲ့ဒါကို မြတ်စွာဘုရားက ဘယ်လိုဟောလိုက်တုန်းဆိုတော့
''ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ " - သူလုပ်ထားတဲ့ မကောင်းမှုတွေအားလုံးကို ကုသိုလ်နဲ့ စို့ပိတ်တားစီးပစ်လိုက်တယ်လို့ 
ပယ်ဖျက်ပစ်လိုက်ပြီ။အစွမ်းထက်တဲ့ကုသိုလ်တရားနဲ့ ပယ်ဖျက်လိုက်တယ်လို့ပြောတာ။ဘယ်ကုသိုလ်နဲ့လဲဆိုရင် ခုနက မဂ္ဂင်(၈)ပါးနဲ့စုစည်းထားတဲ့ 
အရဟတ္တမဂ်-ကုသိုလ်။အဲ့ဒီကုသိုလ်ရဲ့ စွမ်းအားနဲ့ အကုသိုလ်မှန်သမျှဟာ အစီရင်ခံလိုက်ရတော့ ဒီအကုသိုလ်ကံတွေက ဘဝသံသရာမှာလိုက်ပေးဖို့ 
အခွင့်အရေးတော့မရဘူး။သို့သော် လုံးဝအကျိုးမပေးတာလားတော့ မဟုတ်ဘူး။သူလုပ်ခဲ့အကုသိုလ်ကံတွေကြောင့် ဟိုကခဲနဲ့ပေါက်လိုက် သူ့ခေါင်းပေါ်လာကျတယ်။
သူ့ပေါက်တာမဟုတ်လည်း သူ့ခေါင်းပေါ်လာကျတယ်။ငှက်ဖြစ်ဖြစ်တစ်စုံ တစ်ရာကို ခဲနဲ့ထုလိုက်တဲ့အခါအရှင်အင်္ဂုလိမာလ-ခေါင်းပေါ်လာကျတယ်။

ကံဆိုတာလေ 
ကိုယ့်လုပ်တာ မဟုတ်ပေမယ့်လို့ လာထိတယ်။

အေး သူကိုမုန်းတီးတဲ့ ပုဂ္ဂိုလ်တွေကလည်း ခဲနဲ့ထုကြ။
ဆွမ်းခံသွားတယ်ဆိုရင် သပိတ်ခွဲ သင်္ကန်းတွေပြဲလို့ 
ဆွမ်းမရတဲ့ ရက်တွေအများကြီးပဲ။
အဲ့လိုဒုက္ခတွေတော့ သူခံရတယ်ပေါ့။

သို့သော် နောင်ဘဝကိုဆက်စပ်ပေးနိုင်တဲ့ 
တဏှာဆိုတဲ့ ကိလေသာ၊ 
တဏှာဦးဆောင်တဲ့ ကိလေသာတွေ 
သူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျတော့ 
အပင်ပေါက်စရာ မြေနဲ့ ရေနဲ့ 
မရှိတော့သည့်အတွက်ကြောင့်
လုပ်လာတဲ့ အကုသိုလ်မျိုးစေ့တွေဟာ 
ဒီတိုင်းပဲ ခမ်းခြောက်သွားရတယ်။
ဒီအဓိပ္ပာယ်ကိုပြောတာနော်။

အဲ့ဒီတော့ ဒီလိုတွေ တားစီးနိုင်တယ်ဆိုတော့ 
အားကိုးစရာ အင်မတန်မှကောင်းတယ်။
ကံ ကံရဲ့ သဘောတွေကို 
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသာ 
အကုန်သိနိုင်တယ်။
ကံ ကံရဲ့အကျိုးတွေကို ဘုရားကသာ သိနိုင်လို့ 
ကျန်တဲ့ပုဂ္ဂိုလ်တွေ သွားပြီး ကိုယ်ဉာဏ်မမှီတာတွေကို 
သွားပြီးတော့ မစဉ်းစားလေနဲ့ ။

မစဉ်းစားနဲ့ဆိုတာ စဉ်းစားလို့ရသလောက်ကို 
မစဉ်းစားနဲ့လို့ပြောတာ မဟုတ်ဘူး။
အကုန်လုံးကို လိုက်ပြီးတော့ 
ကိုယ်ဉာဏ်မမှီတာတွေကိုလိုက်ပြီး စဉ်းစာလိုက်ရင် 
ရှုးသွားနိုင်တယ်လို့ ဒီလိုပြောတာ။

အဲ့ဒါကို အစိန္တေယျ(၄)ပါး။
သာမန်အသိဉာဏ်နဲ့ သိနိုင်စွမ်းမရှိလို့ မကြံစည်နဲ့တဲ့။

ကမ္မဝိပါကော အစိန္တေယျော။
ကံရဲ့အကျိုးတရားဟာ အင်မတန်မှ ဆန်းပြားလို့ 
မြတ်စွာဘုရားသာ သိနိုင်တာဖြစ်သောကြောင့် 
အဲ့ဒါကို မိမိဉာဏ်မမှီပဲနဲ့ 
သွားပြီးတော့ စဉ်းစားမယ်ဆိုလို့ရှိရင် 
ရူးသွပ်သွားနိုင်တယ် မြတ်စွာဘုရားက ဒီလိုဆိုတာ။

ဒါကတော့ လူတိုင်း လူတိုင်းဟာ
ဉာဏ်ရည်ဉာဏ်သွေးဟာ အတိုင်းအတာတစ်ခုပဲ ရှိတယ်လေ။မျက်စိက မြင်တာတောင် ကိုယ်အတိုင်းအတာ ရှိသလောက်လေး ကိုယ်မြင်ကြတာလေ။

အဲ့ဒါလိုပဲ အသိဉာဏ်ဆိုတာ 
လူတိုင်းမှာ အတိုင်းအတာ အကန့်အသတ်ရှိတယ်။ကိုယ့်အသိဉာဏ်နဲ့မမှီတဲ့အရာကို လှမ်းမယ်ဆိုလို့ရှိရင် ပင်ပန်းရုံပဲရှိမယ်။
ဒီလိုအဓိပ္ပာယ်မျိုးကို ပြောတာ။
အဲ့ဒါကို ဆိုလိုတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏🙏🙏

credit..