~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျင့်စဉ်လွဲချော်ပြီး သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တစ်ချို့ဟာ
ဘုရားရှင်ရဲ့ သာသနာတော်ကို ဖျက်ဆီးရာ ရောက်ပါတယ်။
သူတို့တွေဟာ နိဗ္ဗာန်ရဖို့အသာထား၊
ကပိလ ဆိုတဲ့ ရဟန်းကြီးလို အပါယ်ကနေ
ခုထိ ပြန်မတက်နိုင်သလို ဖြစ်နေအုန်းမယ်နော်?
____________________________________
ကျင့်စဉ်လွဲချော်ပြီး သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တစ်ချို့ဟာ..
ဘုရားဟောအတိုင်းလည်း ပြန်မဟောဘူး။
ပညတ် ပရမတ်လည်း နားမလည်ပဲနဲ့၊
ကိုယ့်အထင် ကိုယ့်ကျင့်စဉ်ကို
ဝိပဿနာလို့ခေါ်ပြီး ဟောနေကြတယ်။
သမာဓိထူထောင်စရာမလိုဘူးလို့လည်း
တစ်ချို့ဟောနေကြတယ်။
ဝိပဿနာမှာလာတဲ့ ခဏိကသမာဓိ ဆိုတာကို
စာပေကျမ်းဂန်နဲ့အညီ ကျကျနန မသိပဲ ဟောနေကြတယ်။
မသိတဲ့သူတွေ ဟောနေတာကို
နားမလည်တဲ့သူတွေက ယုံနေကြတယ်။
သမထဟာ သာသနာတွင်း တရားမဟုတ်ဘူး၊
သာသနာပ တရားတွေပဲလို့ ပြောနေတဲ့
ပုဂ္ဂိုလ်တွေရဲ့ စကားကို ပြန်ပြီး ဆန်းစစ်ဖို့ မလိုဘူးလား?
လိုနေတယ်နော်။
ဘုရားရှင်က ..
✔️”သမာဓိရှိမှ ဘုရားရဲ့တရားတွေကို သိမြင်နိုင်မယ်“ တဲ့။
အဲဒီသမာဓိဆိုတဲ့ လက်နက်ကို
မထူထောင်တဲ့အခါကျတော့ ဘာဖြစ်သလဲ?
ဘုရားဟောတဲ့ ရုပ်နာမ်တရားကို ရှု့လို့မရဘူး။
ဘုရားဟောတဲ့ ဒုက္ခသစ္စာတရားလည်း ရှု့လို့မရဘူး။
မရတဲ့အခါကျတော့ ဘာတွေပြောလဲ?
✖️"ဟာ ဘုရားဟောတဲ့ ရုပ်နာမ်တရားက
သဗ္ဗညုတဉာဏ်တော်ရှင်တို့ရဲ့ အရာသာဖြစ်တယ်၊
သာဝကတွေရဲ့ အရာမဟုတ်ဘူးတဲ့။
သွားရှု့ မနေနဲ့ တော်ကြာရူးကုန်လိမ့်မယ်" တဲ့၊
ကဲ ဒီလောက်တောင် ပြောကြတယ်နော်။
အဲဒီလို ပြောတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကို
ဖျက်ဆီးတဲ့ပုဂ္ဂိုလ်လား ?
မဖျက်ဆီးတဲ့ ပုဂ္ဂိုလ်လား ?
လို့ မေးရင်ဘယ်လိုဖြေမလဲ ??
✔️ဘုရားရှင်က “ရှု့ရမယ်” လို့ ပြောတယ်၊
✖️ သူတို့က မရှု့ရဘူးလို့ ပြောတယ်။
ရှု့ရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကို
ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေပဲ။
ဘုရားရှင်ရဲ့ သာသနာတော်ကို ဖျက်ဆီးရင် ဘာအပြစ်ရှိသလဲ?
လို့ မေးစရာရှိတယ်နော်။
✔️ဘုရားရှင်က
“သစ္စာလေးပါးကို သိအောင် ရှု့ရမယ်” လို့ ပြောတယ်၊
ဒါက ဓမ်မ
✖️အဲဒီ ဓမ္မတွေဖြစ်တဲ့
ဒုက်ခသစ်စာတရား သမုဒယသစ်စာတရားကို
ရှု့လို့မရဘူးလို့ ပြောတဲ့ စကားတွေက အဓမ္မ။
ဘုရားရှင်ရဲ့ ဓမ္မကိုတော့ အဓမ္မ၊
သူတို့ရဲ့ အဓမ္မကိုတော့ ဓမ္မလို့
ပြောတာနဲ့ မတူဘူးလား ?
ဓမ္မကို အဓမ္မဟုလည်းကောင်း၊
အဓမ္မကို ဓမ္မဟုလည်းကောင်း
အထင်အရှား ပြနေခြင်းသည်
သာသနာတော်ကို ဖျက်ဆီးတယ်လို့ ပြောစရာရှိတယ်။
▪️အဲဒီလို သာသနာတော်ကို
ပျက်စီးဆုတ်ယုတ်အောင် လုပ်ရင်
ဘာအပြစ်ရှိလဲ? လို့ မေးတော့ ..
🔹🔹 ကဿပ ဘုရားရှင်လက်ထက်က
ကပိလ ဆိုတဲ့ ရဟန်းကြီးတစ်ပါးရှိခဲ့တယ်။
သူများက ဝိနယလို့ပြောရင် - သူက အဝိနယ၊
သူများက ဓမ္မလို့ပြောရင် - သူကအဓမ္မ၊
သူများက အဓမ္မပြောတာကျတော့ - သူကဓမ္မ၊
အဲဒီပုံစံနဲ့ သာသနာမှာ နှစ်ပေါင်း ၂ သောင်း ၀န်းကျင်လောက် တပည့်တပန်းတွေကို သူ့ရဲ့ လွဲမှားတဲ့ ကျင့်စဉ်တွေသင်ကြားရင်း နေထိုင်ခဲ့တာ ..
ပျံလွန်တော်မူတော့ ငရဲကျသွားပါတယ်။
ငရဲဘဝကနေ ..
ဦးဇင်းတို့ ဂေါတမဘုရားရှင်လက်ထက်မှာတော့
အတိတ်ဘဝကို သတိရတဲ့ ငါးကြီးဘ၀ ရောက်လာပါသေးတယ်။
ဂေါတမဘုရားရှင်က ငါးကြီးရှိတဲ့ ကန်စပ်မှာ ခြေဆေးတော့
ငါးကြီးက ခြေတော်ကို ဦးတိုက်ရင်း
သူ့အကြောင်းပြောပြပါတယ်။
အဲဒီ ငါးကြီးဘဝကနေ ဘယ်သွားရမလဲလို့
ဘုရားရှင်က မေးလိုက်တဲ့အခါ
ငရဲပဲ ပြန်သွားရမယ်လို့ အဖြေပေးပြီး၊
စိတ်ဆင်းရဲလွန်းလို့ ကျောက်စောင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး သေသွားပါတယ်။
သေသွားတော့ ငရဲပဲပြန်သွားရတယ်။
ဒီနေ့အထိ ငရဲက ကျွတ်ပြီလား? ဆိုတော့ ..
မကျွတ်သေးဘူး။
အပြစ်ကြီးလား? မကြီးဘူးလား?
ကြီးတယ်နော်။
'ကိုယ်ကြိုက်တာ ကိုယ်ကျင့်တာပဲ'
‘ကိုယ်ကျင့်တာ ကိုယ်သင်မယ်’ လို့
မလုပ်နဲ့နော်။
ကျင့်စဉ်လွဲချော်နေတဲ့ ပုဂ္ဂိုလ်တွေဟာ
မိမိနှင့်တကွ မိမိ၏နောက်လိုက် တပည့်များကို အကျိုးယုတ်စေပါတယ်။
ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေတဲ့
တရားတော်ကို ပုတ်ခတ်စော်ကားနေတဲ့
ပုဂ္ဂိုလ်တွေလို့
ဥဒါန်းကထာက မှတ်ချက်ချထားခဲ့ပါတယ်။
..............................................................
တရားတော်ကို ဟောကြားဆုံးမတော်မူသော
ဖားအောက်တောရ ဆရာတော်ကြီးအား
ရိုသေမြတ်နိုး ရှိခိုးကန်တော့လိုက်ပါ၏။
Credit... #အယျာကုသလဂဝေသီ 🙏🏻🙏🏻🙏🏻
======================================
မဂ္ဂင်(၈)ပါးကျင့်စဉ်တရား ရှုကွက် အဆင့်ဆင့်
******************************
အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၌ ဝိသုဒ္ဓမဂ်အား အခြေခံ၍ ကျင့်ကြံပွားများအားထုတ်လျက်ရှိသော ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း မဂ္ဂင်(၈)ပါးကျင့်စဉ်တရား ရှုကွက် အဆင့်ဆင့်ပါ။
စေတီ၏အောက်ခြေမှစတင်၍ကြည့်မယ်ဆို..
(၁) သီလဝိသုဒ်ဓိ
________
ရဟန်းတော်များအနေနှင့် ပါတိမောက္ခသံဝရသီလဟုခေါ်ဆိုသော (၂၂၇)သွယ်သော သိက္ခာပုဒ်တို့အားစောင့်ထိမ်းရပါမည်။
ပါရာဇိက လေးပါးမှလွဲ၍ ရဟန်းတော်တို့ အနေနှင့် ဝတ်ဆောက်တည်၍ ကုစားရမည့် သံဃာဒိသေသ် အာပတ်၊ အာပတ်သင့်ထားသော ဝတ္ထုပစ္စည်းတို့အား စွန့်ပြီးမှဒေသနာပြောကြားရမည့် စွန့်ခြင်းဝိနည်းကံရှိသော နိဿဂ္ဂိယပါစိတ်၊ အခြားဒေသနာပြောကြား၍ ကုစားရမည့် သုဒ္ဓပါစိတ်ကဲ့သို့သော အာပတ်တို့အား ဦးစွာစင်ကြယ်စေရပါမည်။
ထေရဝါဒသီလရှင်တို့အတွက် ဆယ်ပါးသီလ(ဇာတရူပ ရာဇတ အရ ဝတ္ထုရွှေ ငွေ ငွေစက္ကူ လုံးဝ မကိုင်တွယ်မသုံးသပ်ရပါ။)၊
လူပုဂ္ဂိုလ်တို့အတွက် ငါးပါး၊ရှစ်ပါး၊ကိုးပါး၊ဆယ်ပါးသီလ ။ ဣနြ္ဒိယသံဝရသီလ၊အာဇီဝပါရိသုဒ္ဓိသီလ၊ပစ္စယသန္နိဿိတသီလ တို့အား တတ်နိုင်သရွေ့လုံခြုံအောင်စောင့်စည်းရပါမည်။
(၂) စိတ်တဝိသုဒ်ဓိ
________
နိဝရဏအညစ်အကြေးတို့ ကင်းစင်ခြင်းငှာ စိတ်ကိုစင်ကြာ်ကြောင်း ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ ဟူသော သမာပတ်(၈)ပါးအား ပွားများခြင်း။
ဖားအောက်တောရတွင် အာနာပါနကမ္မဋ္ဌာန်းကို စတင်သင်ကြားပေးပါတယ်။အာနာပါနအားအောင်မြင်သော ယောဂီအနေနှင့် အပ္ပနာသမာဓိဟုခေါ်ဆိုသော ပထမစျာန်၊ဒုတိယစျာန်၊တတိယစျာန်၊စတုတ္ထစျာန်(စတုက္ကနည်းဖြင့်) ရှုပွားရပါမည်။အကယ်၍ အာနာပါကမ္မဋ္ဌာန်း၌ အားနည်း၍ မအောင်မြင်ခဲ့သော် ဥပစာရသမာဓိဟုခေါ်သော ဓာတ်ကမ္မဋ္ဌာန်းကို သင်ကြားရှုပွားနိုင်ပါတယ်။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၁)]
အာနာပါန စတုတ္ထစျာန် သမာဓိရှုပြီးသော ယောဂီအနေနှင့် စတုတ္ထစျာန်၏ လင်းရောင်ခြည်စွမ်းရည် အကူအညီဖြင့် ဆံပင်၊မွှေးညင်း စသော (၃၂)ကောဋ္ဌာသ အဇ္စျတ္တနှင့် ဗဟိဒ္ဓကို ရှုပွားရပေမည်။
၃၂ကောဋ္ဌာသကိုအောင်မြင်ပါက၊ ထိုမှ မိမိ၏ အရိုးစုကိုဖြစ်စေ ကောဋ္ဌာသတစ်ခုခုကိုဖြစ်စေ ပဋိကူလ ရွံ့ရှာစက်ဆုပ်ဖွယ်ဟု ရှုပွားပါက ပထမစျာန် သို့ရရှိအောင် ပွားများရပါမယ်။ဗဟိဒ္ဓကို ပဋိကူလ ရွံ့ရှာစက်ဆုပ်ဖွယ်ဟု ပွားက ဥပစာရသမာဓိသာရပါမည်။
ထိုနောက် ဗဟိဒ္ဓအရိုးကို အာရုံယူကာ အဖြူရောင်ကသိုဏ်း(ပ,ဒု,တ,စ စျာန်) ကိုလည်းကောင်း၊ဆံပင် စသည်ကို အာရုံယူ၍ အညိုကသိုဏ်း ဤသို့ဖြင့် ကသိုဏ်း(၁ဝ)ပါး၊အာကာသကသိုဏ်းမှကြွင်း၍ ကျန်ကသိုဏ်ကိုးပါးအား အခြေခံကာ အာကာသာနဉ္စာယတနစျာန်၊ဝိညာဏဉ္စာယတနစျာန်၊အာကိဉ္စညာယတနစျာန်၊နေဝသညာနာသညာယတနစျာန် ဟူသော အရူပစျာန် သမာပတ်(၈)ပါးကို ပွားများရပေမည်။
စတုရာရက္ခ(ခေါ်)အစောင့်လေးပါး ကမ္မဋ္ဌာန်း မှ မေတ္တာကမ္မဋ္ဌာန်း၊ ကရုဏာကမ္မဋ္ဌာန်း၊ မုဒိတာကမ္မဋ္ဌာန်းတို့အား (ပ,ဒု,တ စျာန်)ထိ၊ ဥပေက္ခာစျာန်(စ စျာန်) တို့ကိုလည်းကောင်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း (ဥပစာရစျာန်)၊ အသုဘ ကမ္မဋ္ဌာန်း (ပထမစျာန်)၊မရဏာနုဿတိ ကမ္မဋ္ဌာန်း (ဥပစာရစျာန်) တို့ကိုပွားများရပေမည်။ဤတွင် သမထပိုင်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၂)]
ဉာတပရိညာခန်း
************
အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ရှေးရှုမျက်မှောက်ပစ္စက္ခဉာဏ်ဖြင့် ပရမတ်ဆိုက်အောင် ထွင်းဖောက်သိမြင်တတ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် မည်၏။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ (ရုပ်,နာမ် ပရမတ်၌ ဉာဏ်အမြင်စင်ကြယ်ခြင်း)
_________
(၁) နာမရူပပရိစ္ဆေဒဉာဏ်
ရူပပရိဂ္ဂဟဉာဏ်(ခေါ်)ရုပ်တရားကို သိမ်းဆည်းခြင်းတွင် စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်
သဘာ၀လက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းအား အကျဉ်းရှုပွားနည်းနှင့် ရှုပွားရပေမည်။
ထိုမှ (၆)ဒွါရရှိ ကြည်သောရုပ်ကလာပ်၊မကြည်သောရုပ်ကလာပ်များကို အမှီပြု၍ တည်နေသော ပထဝီ၊အာပေါ၊တေဇော၊ဝါယော စသော ပရမတ်တရားတို့မှ ရုပ်အစစ်၊ရုပ်အတုများအား သိမ်းဆည်းရှုပွားရပေမည်။ဓာတ်ကမ္မဋ္ဌာန်းအား အကျယ်ရှုပွားနည်းဖြစ်သော (၄၂)ကောဋ္ဌာသကိုရှုပွားရမည်။ဤတွင် ရုပ်ကမ္မဋ္ဌာန်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၃)]
နာမ်တရားတို့အားသိမ်းဆည်းခြင်းတွင် သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ စျာန်နာမ်တရားတို့အားစတင်၍ သိမ်းဆည်းရှုပွားရမည်။
ထိုနောက်(၆)ဒွါရကိုမှီ၍ ဖြစ်ကြသော ကုသိုလ်၊အကုသိုလ်စသော ဝီထိစိတ်(၆)မျိုးတို့၏ စိတ္တလက္ခဏာအသီးသီး၌ စိတ် -
စေတသိက်များကို သိမ်းဆည်းရပေမည်။ရုပ် နာမ်တို့အားပူးတွဲ၍လည်း သိမ်းဆည်းရမည်။ ဤတွင် နာမ်ကမ္မဋ္ဌာန်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၄)]
၄။ ကင်္ခါဝိကရဏဝိသုဒ္ဓိ
__________________
(၂) ပစ္စယပရိဂ္ဂဟဉာဏ်
ကံ ၊ ကံ၏အကျိုးတရား၌ ယုံမှားမှုကို ကျော်လွှားလွန်မြောက်သည့် ဉာဏ်အမြင်စင်ကြယ်ခြင်းတွင် အတိတ်ဘဝဖြစ်လေပြီးသော အကြောင်းတရားအကျိုးတရားတို့နှင့် အကယ်၍ အနာဂတ်ဘဝ ရှိလိမ့်ဦးမည်ဆိုပါက အနာဂတ်ဘဝ၏ အကြောင်းတရားအကျိုးတရားတို့အား ခန္ဓာငါးပါးဖြင့် လက်တွေ့သိမ်းဆည်းရမည့် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကိုလည်းကောင်း၊ ကိလေသဝဋ် , ကမ္မဝဋ် , ဝိပါကဝဋ် လည်ပတ်ပုံဖြစ်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်းကိုလည်းကောင်း သိမ်းဆည်းရှုပွားရပေမည်။
ဤတွင် ပဋိစ္စသမုပ္ပါဒ်ပိုင်းပြီး။
"ကမ္ဘာ့ပညာရှင်"
"ဖားအောက်တောရဆရာတော်"
======================================
အရည -ရုက်ခမူလ - သုညာဂါရ
🌲 🌲 🌲 🌲 🌲 🌲
🌱 အဘိဓမ္မာနည်းအားဖြင့် ရွာတံခါးခုံ၏ ပြင်ဘက်၌ တည်ရှိသော
အရပ်အားလုံးသည်( အရည)တော မည်၏။
🌿သုတ္တန်နည်းအားဖြင့် ရွာရဲ့ အစွန်အဖျားကျသော အိမ်၏ ခြံဝမှ
အောက်ထစ်ဆုံးအားဖြင့် ကုလလေးတာ အပြန်(၅၀၀)ကွာဝေးသော
အရပ်သည် အရညက သေနာသန (တောကျောင်း)မည်၏။
🌴ဤသို့ ဟောကြားထားတော်မူအပ်ကုန်သော အမှတ်လက္ခဏာရှိကုန်သော
တောအရပ်တို့တွင် အမှတ်မရှိ အလုံးစုံသော ဆိတ်ငြိမ်မှု တိတ်ဆိတ်မှု
ချမ်းသာသုခကို ပေးစွမ်းနိုင်သော အရပ်သည် အရည(တော)မည်၏။
🏝️ထိုအရည အမည်ရသော တောအရပ်သို့ ကပ်ရောက်၍ ဖြစ်စေ
အရဟတ္တဖိုလ် အထွတ်တပ်ထားသော ဤ အာနာပါနကမ္မဌာန်းကို
ပွားများအားထုတ်ရန် ရှေးဦးစွာ ဘုရားရှင်သည် ညွှန်ကြားတော်
မူပေသည်။
📝📝📝📝
🌳နေမွန်းတည့် အချိန်အခါ၌ သစ်ပင်၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာလုံး၌ သစ်ပင်ရိပ်သည် ပြန့်နှံ့လျက် တည်နေ၏။
လေမတိုက်သောအခါ၌ သစ်ရွက်တို့သည် ကြွေကျကုန်၏။
ဤမျှသော အတိုင်းအတာဖြင့် ရုက္ခမူလ(သစ်ပင်ရင်း)ဟု ခေါ်ဆိုပေသည်။
☘️ဤသို့သော ရုက္ခမူလဟု ခေါ်ဆိုအပ်သော သစ်ပင်အနီးသို့
ချဉ်းကပ်၍ဖြစ်စေ အာနပါနကမ္မဌာန်းကို ပွားများအားထုတ်ရန်
ဒုတိယ ညွှန်ကြားတော်မူ၏။
📝📝📝📝
🏔️တောင်,ချောက်ကမ်းပါး,တောင်ခေါင်း,သုဿန်,တောအုပ်,
လွင်တီးခေါင်,ကောက်ရိုးပုံ ဟူသော အရည-ရုက္ခမူလမှကြွင်းသော
(၇)မျိုးသော ဆိတ်ငြိမ်ရာအရပ်သည် သုညာဂါရမည်၏။
🏡ထို သုညာဂါရအမည်ရသော တိတ်ဆိတ်ငြိမ်သက်မှု ချမ်းသာသုခကို
ပေးစွမ်းနိုင်သော အရပ်သို့ ချဉ်းကပ်၍ဖြစ်စေ အာနာပါနဿတိဘာဝနာ
ကို ပွားများအားထုတ်ရန် ဘုရားရှင်သည် တတိယမြောက်
ညွှန်ကြားတော်မူသည်။
📝📝📝📝
🌾နွေဥတုကာလ၌ အရည အမည်ရသော တောအရပ်သည်,
ဆောင်းဥတုကာလ၌ ရုက္ခမူလအမည်ရသော သစ်ပင်ရင်း
အရပ်သည်,
မိုးဥတုကာလ၌ သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်သော
အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများအားထုတ်ရန်အတွက်
သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။
🏞️တစ်ဖန် သလိပ်ဓာတ် ထူပြောသော ပင်ကိုယ်ပကတိအားဖြင့်
သလိပ်ဓာတ်အားကောင်းသော ယောဂါဝစရပာဂ္ဂိုလ်အား အရည
မည်သော တောအရပ်သည် ,
သည်းခြေဓာတ် ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား
ရုက္ခမူလအမည်ရသော သစ်ပင်ရင်း အရပ်သည်,
လေဓာတ် ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား သုညာဂါရ
အမည်ရသော တိတ်ဆိတ်ငြိမ်သက်ရာအရပ်သည် အာနာပါနဿတိ
ဘာဝနာကို ပွားများအားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ်
ကောင်းမြတ်၏။
🌲တစ်ဖန် -
- မောဟစရိုက် ထူပြောသော ပုဂ္ဂိုလ်အား အရည အမည်ရသော
တောအရပ်သည်,
-ဒေါသစရိုက် ထူပြောသော ပုဂ္ဂိုလ်အား ရုက္ခမူလအမည်ရသော
သစ်ပင်ရင်းအရပ်သည် ,
-ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်အား သုညာဂါရ အမည်ရသော
တိတ်ဆိတ်ငြိမ်သက်ရာအရပ်သည် အာနာပါနဿိဘာဝနာကို
ပွားများအားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ်
ကောင်းမြတ်၏။
🙏🙏🙏
အဘိ၊၂၊၂၆၀။ ဝိ၊၁၊၃၇၇။ မဟာဋီ၊၁၊၃၁၅၊၃၁၆။
နိဗ္ဗာနဂါမိနိပဋိပဒါ ပတွဲ၊၂၅၄။
🌹ဖားအောက်ဆရာတော်🌹
🙏သူတော်ကောင်းတရားများ များပြားစွာကျင့်သုံးနိုင်ပါစေ။🙏
(စိမ့်စမ်းမြိုင်တောရ) မှ ရိုက်နှိပ်ပူဇော်သည်။🙏
======================================
# စဉ်တိုင်းကျင့်မှ နိဗ္ဗာန်ရ
================
ပတ္ထနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ
ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ
ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ (ပဋ္ဌာန်း ပါဠိတော်)
ပတ္ထနံ=နိဗ္ဗာန်လိုချင်ခြင်းကို။
ဥပနိဿာယ=အကြောင်းပြု၍။
ဒါနံ=ဒါနကုသိုလ်ကို။ ဒေတိ=ပေးလှူ၏။
သီလံ=သီလကို။ သမာဒိယတိ=ကောင်းစွာစောင့်ထိမ်း၏။
ဥပေါသထကမ္မံ=စိတ်စင်ကြယ်ကြောင်းဖြစ်သော(နီ၀ရဏစင်ကြယ်ကြောင်းဖြစ်သော)သမထဘာ၀နာကံကို။
ကရောတိ=ပွားများအားထုတ်၏။
ဈာနံ=ရူပဈာန် အရူပဈာန်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။
ဝိပဿနံ=ဝိပဿနာဉာဏ်ကို။ ဥပ္ပါဒေတိ= ဖြစ်စေ၏။
မဂ္ဂံ=မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။
အဘိညံ=အဘိညာဥ်ကို၊ ဥပ္ပါဒေတိ=ဖြစ်စေ၏။
သမာပတ္တိံ=သမာပတ်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။
======================================
🙏🙏🙏 ပိဋကတ်အနှစ်ချုပ် ဂါထာတော် 🙏🙏🙏
နတ်ထိ ဈာနံ အပညဿ၊
ပညာ နတ္ထိ အဈာယတော။
ယမှိ ဈာနဉ္စ ပညာစ၊
သ ဝေ နိဗ္ဗာနသန္တိကေ။ (ဓမ္မပဒ၊ ဂါထာ၊ ၃၇၂)
အပညဿ=ဝိပဿနာပညာ မဂ်ပညာ မရရှိသော ယောဂီအား။
ဈာနံ=သမာပတ်ဈာန်သည်။
နတ္ထိ=မရှိ။
အဈာယတော=သမာပတ်ဈာန် မရရှိသော ယောဂီအား။
ပညာ=ဝိပဿနာပညာ မဂ်ပညာသည်။
နတ္ထိ=မရှိ။
ယမှိ=အကြင် ယောဂီ၌။
ဈာနဉ္စ=သမာပတ်ဈာန်ကို၎င်း။
ပညာစ=ဝိဿနာပညာ မဂ်ပညာကို၎င်း။
အတ္ထိ=ရရှိအောင်ကြိုးစားပွားများအားထုတ်၏။
သ သော=ထို ယောဂီသည်။(သမာပတ်ဈာန် ဝိပဿနာပညာ မဂ်ပညာတို့ကို
ရရှိအောင် ကြိုးစား ပွားများ အားထုတ်သော ထို ယောဂီသည်)။
ဝေ=စင်စစ် ဧကန် အမှန် မုချ။
နိဗ္ဗာနသန္တိကေ=နိဗ္ဗာန်နှင့် နီး၏။ (ဓမ္မပဒ၊၃၇၂)
ဈာန်ကိုပယ်ရင် နိဗ္ဗာန်နှင့် ဝေပြီး
စင်စစ်ဧကန်အမှန်မုချ အဝီစိငရဲနှင့် နီး၏။
မေတ္တာဖြင့်
ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
(၁၂...၁...၂၀၂၂)
No comments:
Post a Comment