" ဝင်လေ၊ထွက်လေ "
ယောဂီတို့ ပြင်ပကလေကလေး
နှာသီးဖျားလေးကိုတိုးဝင်လာတော့
အေးတဲ့သဘာဝလေးကို ခံစားမိပါလိမ့်မယ်၊
အဲဒီအေးတဲ့သဘာဝလေးကိုအကဲခတ်ပြီး
ေဩာ်..ဝင်လေလေးတိုးဝင်လာတာပဲလို့
သဘောပေါက်လိုက်ပါ။
ဝမ်းထဲမှာရှိတဲ့လေကလေး
အပြင်ဘက်ကိုထွက်တဲ့အခါကျတော့
နှာသီးဖျားကို တိုးပြီးထွက်တဲ့
သဘာဝကလေးရှိပါတယ်၊
ဝမ်းထဲမှာကိန်းအောင်းနေတဲ့လေဖြစ်လို့
အပူငွေ့သဘောလေးရှိပါတယ်၊
အဲဒီနွေးတဲ့သဘောလေးကိုကြည့်ပြီးတော့
ေဩာ်..ဒါထွက်လေပဲလို့သဘောပေါက်လိုက်ပါ။
အေးတဲ့သဘောလေးက ဝင်လေ၊
နွေးတဲ့သဘောလေးက ထွက်လေ၊
ဝင်လေဆိုတာလည်း ရုပ်တရား၊
ထွက်လေဆိုတာလည်း ရုပ်တရားပါပဲ။
ဝင်လေကလေးဝင်လာစဉ်မှာ
အဲဒီဝင်လေလေး ဝင်လာတယ်လို့သိလိုက်ရင်
သိသိပေးလိုက်တာက နာမ်တရားလေးပါ၊
အေးတဲ့သဘောက ရုပ်တရား၊
သိသိပေးတာက နာမ်တရားပဲဖြစ်ပါတယ်။
ဝင်လေ ထွက်လေကလေးဟာ
ရုပ်တရားလေးပါပဲ၊သူ့ကိုသိသိပေးနေတဲ့
အသိလေးက နာမ်တရားပါပဲ၊
ပုဂ္ဂိုလ်သတ္တဝါ ငါမဟုတ်ဘူး၊သူမဟုတ်ပါဘူး၊
ယောင်္ကျားမိန်းမဟုတ်ပါဘူးလို့
အဲဒီလိုသဘောပေါက်နေမယ်ဆိုရင်
သက္ကာယဒိဋ္ဌိစင်ပါတယ်။
ဝင်လေလေးဝင်လာတယ်၊ပြီးတော့ရပ်သွားတယ်၊
ရပ်သွားတာက ဘာဖြစ်သွားတာလဲ?
ရပ်သွားတာ ဝင်လေလေးပျက်စီးသွားတာပါ၊
အဲဒီလိုဝင်လေလေး ချုပ်ပျောက်ပျက်စီးပြီးတော့မှ
ထွက်လေကလေးက ထွက်လာပါတယ်၊
ထွက်လေလေးကလည်း
ရုတ်တရက်ပေါ်လာပြီး ပျက်စီးသွားပါတယ်။
ဝင်လေထွက်လေလေးတွေရဲ့
ဖြစ်ပြီးပျက်သွားတတ်တဲ့
ဖြစ်သဘော ပျက်သဘောလေးတွေကို
သိထားလိုက်တဲ့အခါကျတော့
ခိုင်တယ်မြဲတယ်လို့ထင်မြင်ယူဆနေတဲ့
သဿ တဒိဋ္ဌိကိလေသာ စင်သွားပါတယ်။
ပျက်ပင်ပျက်သွားသော်ငြားလည်းပဲ
ပြတ်တောက်စဲသွားတာမဟုတ်ဘူး၊
နောက်ထပ်အသိလေးတစ်ခုက
ကြောင်းကျိုးဆက်သွယ်ပြီးတော့
အသစ်အစားထိုးပေါ်လာတာပါပဲလို့
သဘောပေါက်လိုက်မိတဲ့အတွက်
ဥစ္ဆေဒဒိဋ္ဌိစင်သွားပါတယ်။
အဲဒီလို ဒိဋ္ဌိကိလေသာစင်နေချိန်မှာ
ဒိဋ္ဌိကိလေသာအနှောက်အယှက်ကင်းကင်းနဲ့
ကြိုးစားပြီးကြည့်လိုက်မယ်ဆိုရင်
ရုပ်တရားကလည်း ဖြစ်ပျက်ဒုက္ခသစ္စာ၊
နာမ်တရားကလည်း ဖြစ်ပျက်ဒုက္ခသစ္စာပါပဲလို့
မှန်မှန်ကန်ကန်နှစ်လုံးသွင်းနိုင်ခြင်းဟာ
အဝိဇ္ဇာကိလေသာ ကင်းစင်သွားလို့ပါပဲ။
အဝိဇ္ဇာကိလေသာတရားကင်းသွားတော့
ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်လေးပေါ်လာပါတယ်၊
အဲဒီအသိဉာဏ်လေးဟာ
ဒီနေရာမှာ မဂ္ဂင်ဆိုတဲ့တရားပါပဲ။
ဒီတော့ ဝင်လေလေးက ဒုက္ခသစ္စာ၊
သိသိပေးနေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ၊
ထွက်လေလေးကလည်း ဒုက္ခသစ္စာ၊
သိသိပေးနေတဲ့ဉာဏ်က
မဂ္ဂသစ္စာဖြစ်ပါတယ်။
ဝင်လေထွက်လေပါပဲလို့
သိနေတဲ့အသိလေးက နာမ်တရား၊
သူကလည်း ဖြစ်ပျက်ဒုက္ခသစ္စာပါပဲ၊
သူကိုထပ်ပြီးသိတဲ့အခါကျတော့
သိတဲ့ဉာဏ်လေးက မဂ္ဂသစ္စာဖြစ်ပါတယ်။
ဒီနေရာမှာ ပုဂ္ဂိုလ်သတ္တဝါ
ဘာတစ်ခုမှ မပါပါဘူး၊
ယောင်္ကျားမိန်းမ ဘာတစ်ခုမှမပါပါဘူး၊
ဒူးပေါင်ခါးခြေလက် ဘာမှမပါပါဘူး၊
အရှုခံတရားနဲ့အရှုဉာဏ်တရားသာရှိပါတယ်၊
ရုပ်တရားနဲ့နာမ်တရားက အရှုခံတရား၊
သိသိပေးနေတဲ့ဉာဏ်က အရှုဉာဏ်တရားပါ။
ဒီဋ္ဌိကိလေသာတရားလေးတွေ
ကင်းစင်နေခြင်း၊
အဝိဇ္ဇာကိလေသာတရားလေးတွေ
ကင်းစင်နေခြင်းကတော့
သမုဒယသစ္စာသေနေခြင်းပဲဖြစ်ပါတယ်။
အဲဒီလိုသမုဒယသစ္စာတွေ
သေနေတဲ့အချိန်ဟာ
အကြောင်းတရားတွေ သိမ်းနေတာပါပဲ၊
အကြောင်းသမုဒယသစ္စာသိမ်းခြင်းကြောင့်
အနာဂတ်မှာ အကျိုးဒုက္ခသစ္စာတွေ
ချုပ်ပျောက်သွားမှာခြင်းဟာ
အငြိမ်းဓာတ် နိရောဓသစ္စာပါပဲ။
ဒါကြောင့် နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုလိုတဲ့ယောဂီများဟာ
ဝင်လေထွက်လေကို ချဉ်းကပ်ပြီးတော့
ဒုက္ခသစ္စာနဲ့သမုဒယသစ္စာ၊
အရှုခံနဲ့အရှုဉဏ်တရားတွေ
အမြဲတမ်းတိုက်ဆိုင်နေအောင်
ကြိုးစားပေးကြဖို့အရေးကြီးပါတယ်။
အဲဒီလိုကြိုးစားပေးကြမယ်ဆိုရင်
ယောဂီများလိုလားတောင်းတနေတဲ့
နိဗ္ဗာန်ချမ်းသာကို ဧကန်မုချရပါလိမ့်မယ်လို့
သဘောပေါက်ပြီး သာဓုခေါ်လိုက်ကြပါ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
No comments:
Post a Comment