***** သာဓုခေါ်ရကျိုး ******
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါတွင် သာ၀တ္ထိပြည်၌ ကြွယ်၀ ချမ်းသာသော သူဌေးဇနီးမောင်နှံ ရှိလေသည်။
သူတို့သည် ရတနာသုံးပါးအား အထူးပင်
ယုံကြည် မြတ်နိုးကြလေသည်။
သူတို့သည် အသက်အရွယ်အားဖြင့်
မကြီးလှသေးချေ။
ရှေးပါရမီကောင်းမှုကံ ကောင်းမွန်သူများ ဖြစ်ခြင်းကြောင့်ဤဘ၀၀ယ် မငြိုမငြင် တင့်တင့်တယ်တယ် နေကြရလေသည်။
အချိန်ကား လဆန်း ၁၄-ရက်နေ့ ညတညတွင် ဖြစ်လေသည်။ ထက်ကောင်းကင်မှ ရွှေလမင်းကား အသာကြီးသာလျက် သာ၀တ္ထိမြို့ကြီးကား တိတ်ဆိတ်ငြိမ်သက်သော အသွင်ကို
ဆောင်လျက် နေ၏။
တိုင်းသူပြည်သား လူအများတို့လေ-
မနက်ဖြန် ဥပုသ်သီတင်းနေ့၌
ဇေတ၀န်ကျောင်းတော်ကြီး၀ယ်
ဘုရားရှင် တရားဟောတော်မူပါလိမ့်မည်။
နာကြားလိုသူများ ဇေတ၀န်ကျောင်းတော်ကြီးသို့ ဆက်ဆက် ကြွကြပါကုန်။
နိဗ္ဗာန်ဆော်များ၏ ကြေညာသံကား သူဌေးဇနီး မောင်နှံတို့၏ နားသို့ ရိုက်ခတ်သွားလေသည်။
ထိုအသံကို ကြားသောအခါ ...
ရှင်မရေ-နက်ဖြန် လပြည့်နေ့တဲ့။
ဘုရားရှင် တရားဟောမယ်ဆိုပါလား ... ဟု
သူဌေးလေးက ပြောသောအခါ ...
ဟုတ်တယ်မောင်ရဲ့ -
မောင်တို့ မယ်တို့လဲ နက်ဖြန်
တရားနာ သွားရအောင်နော် ... ဟု
သူဌေးကတော်လေးက ခွန်းတုံ့ပြန်လိုက်၏။
နေရာကား ကြီးကျယ်သော
ဇေတ၀န်ကျောင်းတော်ကြီး၏
ခန်းမဆောင် တနေရာ ဖြစ်လေသည်။
တရားနာလာကြသော ပရိသတ်ကြီးက
အုန်းအုန်းကျွတ်ကျွတ် တခဲနက်
များပြားလှပါဘိသည်။
ထိုအခိုက်
ဘုရားရှင်ကိုယ်တော်မြတ်သည်
ရောင်ခြည်တော်ခြောက်သွယ် လွှတ်လျက်-
ချစ်သား ချစ်သမီးတို့ အကုသိုလ် မဖြစ်အောင်
# နှုတ်ဖြင့် စောင့်စည်းခြင်းသည်လည်း ကောင်းလှပေ၏။
# စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်း ကောင်းလှပေ၏။#အရာခပ်သိမ်း စောင့်စည်းမှုသည် ကောင်းလှပေ၏။
#ထို့ကြောင့် သင်တို့သည် ကိုယ် နှုတ် စိတ် သုံးပါးကို စောင့်စည်းကြပါကုန်။
ထိုဂါထာကို ဟောပြီးသောအခါ
သိန်းသောင်းမက များလှသော ပရိသတ်ကြီး၏- “
သာဓု သာဓု သာဓု”ဟူသော အသံကြီးသည်
ပဲ့တင် မြည်ဟီးသွားလေ၏။
ဤတရားပွဲ၌ အချို့ သောတာပန်၊ အချို့ သကဒါဂါမ်၊
အချို့ အနာဂါမ်၊ အချို့ရဟန္တာအဖြစ်သို့
ရောက်ကြလေကုန်၏။
တရားပွဲမှ ပြန်လာသောအခါ
သူဌေးလေးသည် သာသနာ့တာ၀န်ကို
ထမ်းဆောင်လိုစိတ် ပေါ်လာသောကြောင့်
ရှိသမျှ ပစ္စည်းများကို သူဌေးကတော်အား
အပြီးအပိုင် အပ်နှင်းကာ သူဌေးမလေးထံ ခွင့်ပန်၍
ပိဏ္ဍပါတိက ဓုတင်ဆောင် ရဟန်းတော်တပါးအထံတွင်
သာသနာ့ဘောင်သို့ ၀င်ခဲ့လေသည်။
ထိုအခါ ရုပ်ချော ဥစ္စာပေါသည့် သူဌေမလေးအဖို့
အသက်ငယ်ငယ်နှင့် တခုလပ်မလေး ဘ၀သို့
ရောက်ခဲ့ရ ရှာလေ၏။
အဆိုပါသတင်းကို ကြားသိသောအခါ
"ပေဿန ဒီ ကောသလမင်းကြီး”သည်
လင်မဲ့သူ သူဌေးမ ကလေးအား
သိမ်းပိုက် တော်ကောက်လိုက်လေ၏။
နန်းတော်အတွင်း၌ ပန်းတော်ဆက်က
ကြာပန်းများ ဆက်သသောအခါ ကောသလမင်းကြီးသည်
မိဖုရားတဦးလျှင် ပန်းတပွင့်စီ ပေးကမ်းလေ၏။
သူဌေးကတော် အသစ်စက်စက် မိဖုရားလေးကိုမူ
ချစ်စနိုးသည့်အတွက် နေ့စဉ် ၂-ပွင့် ၂-ပွင့်
ပေးသနားလေ၏။
အခြားသော မိဖုရားများက သူ့အား မနာလိုကြချေ။
တနေ့သ၌ ကြာပန်းဝေသောအခါ မိဖုရားလေးသည်
ကြာနှစ်ပွင့်ကို တစိမ့်စိမ့်ကြည့်၍ ရှေးဦးစွာ ပြုံးလေ၏။
ပြုံုးပြီးသည့်နောက် မည်သို့ စိတ်ကူးပေါက်သည်မသိ၊
ကြာပန်းနှစ်ပွင့်ကို အားပါးတရ နမ်းရှုပ်ကာ
ငိုကြွေးလေ၏။
ထိုအခြင်းအရာကို မြင်သောအခါ
ကောသလမင်းကြီးသည် မျက်မာန်တော်ရှလျက်-
�ဟယ် မိဖုရားငယ်။ သင်သည် ပြုံးတခါ ငိုတလှည့်နဲ့
အဘယ်ကြောင့် ပြုဘိသနည်း။
သင်၏ ငိုခြင်း ၊ရယ်ခြင်း ဟူသော အပြုအမူသည်
နန်းနှင့် မထိုက်တန်တကား။
ငါ့အား မကွယ်မထောက် အမှန်အတိုင်း
သံတော်ဦး တင်လော့။
မတင်က သင်သည် ကြီးလေးသော
အပြစ်ဒဏ် ခံရချိမ့်မည် ... ဟု မိန့်လေရာ
မိဖုရားလေးသည် စီးကျသော မျက်ရည်တို့ကို
မြတဘက်ဖြင့် အသာ သုတ်ကာ-
�မှန်လှပါဘုရား၊🙏
အခြားသော မိဖုရားတွေမှာ
ပန်းတပွင့်စီ တပွင့်စီသာ ရပြီး ငါ့အဖို့မှာတော့
အရှင်မင်းကြီးက ချစ်မြတ်နိုးတော်မူသည့်အတွက်
ပန်းနှစ်ပွင့်ပင် ရပါကလား ဆိုပြီး ၀မ်းသာမိသည့်အတွက်
ပြုံးရယ်မိပါသည် ဘုရား။
ဒီကြာပန်းကလေးကို မြင်ရသောအခါ
ခံတွင်းက ဒီကြာပန်းရနံ့ပမာ မွှေးပျံ့သောအနံ့ရှိသည့်
သာသနာ့ဘောင်သို့ ပြောင်းသွားသူ အချစ်ဦးကို အမှတ်ရ၍
၀မ်းနည်းသော အထိမ်းအမှတ်အဖြစ်
လွမ်းဆွတ်မိသောကြောင့် ငိုကြွေးမိပါသည်ဘုရား-ဟု
သနားစဖွယ် ငိုကြွေးကာ သံတော်ဦး တင်ရှာလေသည်။
မင်းကြီးသည် မယုံသည့်အတွက်-
အဘယ် မိဖုရားငယ်၊ လူ့ပါးစပ်က ကြာနံ့ပမာ
မွှေးပျံ့သည်ဆိုသည်ကို ငါ မယုံကြည်နိုင်။
သင်သည် ငါ့အပြင် တဦးတယောက်နှင့်
ဖောက်ပြားလို၍သာ ပြောတန်ရာသည် မဟုတ်လော-ဟု
စွပ်စွဲမေးမြန်းပြန်၏။
မိဖုရားလေးသည် သုံးကြိမ်တိတိ
စကားမပြောင်း၊ လေမပြောင်းဘဲ
ရှေးနည်းအတိုင်းပင် ဖြေဆိုလေ၏။
ဘုရင်ကြီးသည် သုံးကြိမ်ဖြေသော်လည်း
ယုံကြည်မှု မရှိသောကြောင့်
အကျပ်ကိုင်သည့်သဘောဖြင့်
သက်သေတောင်းလေ၏။
ထိုအခါ အားနွဲ့သူ မိဖုရားလေးက-
“မှန်လှပါ အရှင်မင်းမြတ်၊ မယုံပါလျှင်
နက်ဖြန် ဤနန်းတော်၌ ဆွမ်းပင့်ကျွေး၍
စုံစမ်းကြည့်တော်မူပါ။
အကယ်၍ မဟုတ်မမှန်ပါလျှင်
ကျွန်တော်မျိုးမအား ပေးလိုသောအပြစ်ကို
ပေးတော်မူပါ” ... ဟု
အရဲစွန့်၍ သံတော်ဦး တင်ရှာလေ၏။
နောက်တနေ့၌ မင်းကြီးသည် ဘုရားရှင်နှင့်တကွ
သံဃာတော်တို့အား နန်းတော်သို့ပင့်၍
ဆွမ်းကျွေးလိုသော် မိဖုရားငယ် ညွှန်ပြသော
ကိုယ်တော်လေးအား တရားဟောရန်
လျှောက်ထားလေ၏။
ဘုရားရှင်နှင့်တကွ အခြားသံဃာတော်များသည်
ကျောင်းတော်သို့ ကြွပြန်သွားတော်မူလေသည်။
တာ၀န်ကျသူ ကိုယ်တော်လေးသည်
ငြိမ်သက်တည်ကြည်သော ဣန္ဒြေဖြင့် တရားဟောရန်
မပွင့်တပွင့် ခံတွင်းကို ဖွင့်ဟလိုက်သောအခါ
နံ့သာဖြင့် ပြည့်သော ဆင်စွယ်ကြုတ်ကလေးကို
လှုပ်လိုက်ဘိသကဲ့သို့ နန်းတော်တခုလုံး
“ကြာညိုပန်း” ရနံ့များသည် ကြိုင်သွေးလေ၏။
ထိုအခါ ဘုရင်ကြီးသည် အလွန်အံ့သြပြီး-
ဤမိဖုရားသည် မှန်သောစကားကို ဆိုပေ၏-ဟု
၀မ်းသာအားရ ချီးကျူးဟစ်အော်ကာ
မိဖုရားငယ်အား ရှေးကထက် မြှောက်စားလေ၏။
ကိုယ်တော်ကလေးအားလည်း
ပစ္စည်းလေးပါး ဒကာအဖြစ် ခံလိုက်လေသည်။
နောက်တနေ့သို့ ရောက်သောအခါ
ဘုရင်ကြီးသည် ဘုရားရှင်ထံသွား၍-
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊
ဤကိုယ်တော်လေးသည်
ဘယ် ကုသိုလ်ကောင်းမှုကံကြောင့် ယခုကဲ့သို့
ခံတွင်းမှ ကြာညို နံ့ပမာ မွှေးကြိုင်သောရနံ့
ထွက်ပါသနည်းဘုရား” ... ဟု မေးလျှောက်လေ၏။
ထိုအခါ ဘုရားရှင်သည်-
“ဒကာတော်မင်းမြတ် ဤကိုယ်တော်လေးသည်
ရှေးရှေး အတိတ်ဘ၀များက တရားနာသောအခါ
ရိုရိုသေသေ နာယူပြီး
သာဓု သာဓု သာဓု- ဟု စေတနာသဒ္ဓါတရားဖြင့်
ခေါ်ဆိုခဲ့သည့်အတွက် ယခုလို အကျိုးထူး ခံစားရပေသည်-ဟု
သာဓု၏ အကျိုးတရားကို ဟောတော်မူလေ၏။
[ မာဂဓိီ - သာစည် ]
အပြင်မှာ ဖြစ်စေ Facebook တွင်
ကောင်းမှုပြုသော ပုံရိပ်များ တွေ့လျှင် ဖြစ်စေ
တရားနာရာ ဖြစ်စေ တရားစာ တင်ထားတာဖြစ်စေ
#စေတနာထက်သန်စွာဖြင့်
#သာဓုသာဓုသာဓုခေါ်ဆိုနိုင်ကြပါစေ
No comments:
Post a Comment