~~~~~~~~~~~~~~~
သူတော်ကောင်းကြီးတွေရဲ့
စကားတွေကတော့ လောကမှာ
အကောင်းဆုံးစကားတွေပါ၊
ဘာ့ကြောင့်လဲဆိုတော့
ကြားရတဲ့သူတွေကို စိတ်ချမ်းသာစေတယ်၊
အသိဉာဏ်ကိုလည်း ရစေတယ်...။
နောက်ပြီးတော့ သူတော်ကောင်းတို့ရဲ့
စကားကြောင့် ပစ္စုပ္ပန်ဘဝမှာလည်း
ချမ်းသာအောင်နေတတ်သွားတယ်၊
သံသရာတစ်လျှောက်လုံးအတွက်လည်း
ချမ်းသာကြောင်းတွေလုပ်တတ်သွားတယ်..။
ဒါကြောင့် သူတော်ကောင်းတို့ရဲ့
စကားကတော့
စကားတကာ့စကားထဲမှာ
အကောင်းဆုံးစကားတွေပါ...။
အထူးသဖြင့် မြတ်စွာဘုရားရဲ့
စကားတွေဟာ အကောင်းဆုံးစကားတွေပါ၊
အကုန်လုံးသိပြီးမှပြောတဲ့
စကားတွေဖြစ်နေတဲ့အပြင်
အကျိုးလိုလားစိတ် "မေတ္တာ"
သနားကြင်နာစိတ် "ကရုဏာ" နှင့်
ပြောတာ ဖြစ်လို့ပါပဲ...။
စကားတကာ့စကားထဲမှာ
မြတ်စွာဘုရားရဲ့စကားက အမြတ်ဆုံးပါ၊
ဘာလို့လဲဆိုတော့
မြတ်စွာဘုရားရဲ့စကားတော်တွေဟာ -
၁။ နိဗ်ဗာနပတ်တိယာ
ချမ်းသာစစ် ချမ်းသာမှန်ဖြစ်တဲ့
အငြိမ်းချမ်းဆုံးနိဗ္ဗာန်ကို
ရစေလိမ့်မယ်။
၂။ ဒုက္ခဿန္တ ကိရိယာယ
ဆင်းရဲဒုက္ခတွေ အားလုံးကို
ချုပ်ဆုံးစေလိမ့်မယ်။
၃။ ခေမံ
ကြောက်လန့်ဖွယ်ရာ ဘေးအတန်တန်
ရန်အသွယ်သွယ်က လွတ်မြောက်
စေလိမ့်မယ်။
မြတ်စွာဘုရားရဲ့ စကားတော်ဟာ
အလွန်ဘေးကင်းတယ်၊
ဘယ်လိုဘေးကိုမှ မဖြစ်စေဘူး၊
ဘေးကင်းခြင်းကိုသာဖြစ်စေလိမ့်မယ်...။
အကြမ်းဖျင်းအားဖြင့်
ဒီအချက်သုံးချက်ကြောင့်
မြတ်စွာဘုရားရဲ့ စကားတော်တွေဟာ
စကားတကာ့စကားတွေထဲမှာ
အမြတ်ဆုံးဖြစ်ရတယ်၊
လောကမှာ ပညာရှိဆိုသူ
ဘယ်လိုလူမျိုးရဲ့ စကားမှ
မြတ်စွာဘုရားရဲ့ စကားတော်ကို
မယှဉ်နိုင်ပါဘူး...။
မြတ်စွာဘုရားရဲ့ စကားတော်တွေဟာ
တစ်ခွန်းနှစ်ခွန်းပဲဖြစ်ဖြစ် ကြားလိုက်ရရင်
နှလုံးစိတ်ဝမ်းကို ငြိမ်းချမ်းသွားစေတယ်၊
တစ်ပြိုင်နက်တည်းမှာပဲ
အသိအမြင်ကိုလည်း
ဖြစ်ထွန်းသွားစေပါတယ်...။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
🙏🙏🙏🙏🙏🙏🙏🙏🙏
(စကားတို့၏အစွမ်း တရားတော်မှ
ကောက်နုတ်ပူဇော်ပါ၏)
Credit to original writer.
No comments:
Post a Comment