❝ နည်းမှန်လမ်းကျ ဗုဒ္ဓဂုဏ်တော် ပွားကြပါစို့ … ❞
~~~~~~~~~~~~~~~~~~~~~~~
၁။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့်
သပ္ပါယ်သော ဗုဒ္ဓမြတ်စွာကို
မိမိ၏ ရှေ့မှောက် မနီးမဝေး၌
ကြွရောက်နေပုံကို အာရုံယူပါ။
၂။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော် စသော
ကိုယ်အင်္ဂါတိုင်း၌
ရှေးရှေးသော ပါရမီ ကောင်းမှုထူးများက
ထုံမွှမ်းသောကြောင့်
ထူးထူးခြားခြား ကြည်လင်နေပုံကို
အာရုံယူပါ။
၃။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို
ပယ်ဖြတ်ပြီး၍
စိတ်အစဉ် သန့်ရှင်းကြည်လင်နေပုံကို
အာရုံယူပါ။
၄။ ထိုကြည်လင်သန့်ရှင်းသော စိတ်တော်၌
အစွမ်းသုံးပါးနှင့် ပြည့်စုံသော
သဗ္ဗေညုတဥာဏ်တော်ကြီး
ကိန်းဝပ်တော် မူနေပုံကိုလည်း
အာရုံယူပါ။
၅။ ထိုဘုရားရှင်က မိမိကို
အပ္ပါယ်ဆင်းရဲမှ ကယ်တင်ဖို့ရာ
ကြီးစွာသော မဟာကရုဏာဖြင့်
ကြည့်နေတော်မူပုံကိုလည်း အာရုံယူပါ။
၆။ ထိုကဲ့သို့အာရုံယူ၍ လက်အုပ်ချီကာ
"ဗုဒ္ဓေါ ဗုဒ္ဓေါ" ဟု
အထပ်ထပ် ရွတ်ဆို၍
ကြက်သီးမွေးညှင်း ထလောက်အောင်
ပီတိဖြစ်လာသောအခါ
ထို ပီတိကို "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" ဟူ၍ ရှုပါ။
၇။ ပီတိမဖြစ်လျှင်လည်း ဗုဒ္ဓကို အာရုံပြုသော
မိမိစိတ်အစဉ်၏ မမြဲမှုကို
သတိဖြင့်စိုက်၍ "အနိစ္စ အနိစ္စ" ဟူ၍ ရှုပါ။
၈။ ဤသို့ နေ့စဉ်မှန်မှန် ကြိုးစားသောအခါ
ရာဂ၊ ဒေါသ၊ မာန၊ ဣသာ၊ မစ္ဆရိယ
မာယာ၊ သာဌေယျ စသော
အကုသိုလ်တရားတွေ နည်းပါး၍
သဒ်ဒါ၊ သတိ၊ ပညာ၊ သမာဓိ၊ ဝီရိယ
ဟူသော… ကုသိုလ်တရားများ
တိုးပွား လာပါလိမ့်မည်။
၉။ ထမင်းကို မှန်မှန်စားသလို
ကမ္မဌာန်းကိုလည်း ကြိုးစားရမည်။
မစားချင်ပဲ အချိန်ကျ၍ စားရစေကာမူ
စားရင်း စားရင်း မြိန်လာသကဲ့သို့
စိတ်မထက်သန်ပဲ …
အချိန်ကြ၍ အားထုပ်ရစေကာမူ
ပီတိဖြစ်လာအောင် အာရုံထင်လာတတ်သည်။
၁၀။ ရုပ်ထုစေတီတော် မြတ်စွာဘုရားကို
အာရုံယူရာ၌
ဥာဏ်အားနည်းသေးသော သူတို့မှာ
ရုပ်တု၊ ရုပ်ပွားတော် လောက်သာ
စ ထင်လာတတ်သည်။
စေတီတော်ကို ဖူးမြှော်ရာ၌လည်း
စေတီတော်အတိုင်းသာ
အာရုံ ထင်လာတတ်သည်။
ထိုသို့ အာရုံများ ထင်လာရာမှာလည်း
အကျိုးကား မနည်းပါ။
သို့သော် ထိုအာရုံများမှတဆင့်
သက်တော်ထင်ရှား မြတ်စွာဘုရားကို
အာရုံရအောင် ကြိုးစားမှသာ
ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဘာဝနာကို
အားထုတ်ရာရောက်ပါမည်။
credit....
No comments:
Post a Comment