လူ (၃) မျိုး
_________
လောကကြီးမှာ လူအမျိုးမျိုး ရှိတယ်။ ဒါကြောင့် လူတွေကို ခြုံငုံသုံးသပ် ကြည့်တဲ့အခါ လူသုံးမျိုး ရှိကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။
အကန်းရယ်၊ တစ်ဖက်မြင်ရယ်၊ နှစ်ဖက်မြင်ရယ်ဆိုပြီး လူသုံးမျိုး သုံးစားပါပဲ။ ဒီသုံးမျိုးထဲမှာ အကန်းကတော့ ကြောက်စရာ အကောင်းဆုံးပဲ။ တစ်ဘက်မြင်လည်း သိပ်မထူးလှဘူး။ ဒါကြောင့် နှစ်ဘက်မြင် ဖြစ်အောင် ကြိုးစားရမယ်။
အကန်း
---------
တချို့လူတွေဆိုရင် လူဖြစ်လာတယ်ဆိုရုံမျှပါပဲ။ ဘာအသိမှ မရှိဘူး။ လူမှုရေးအသိ စီးပွားရေးအသိ တရားအသိတွေ အကုန်လုံး ဆိတ်သုဉ်းနေတယ်။ ဒီလိုလူစားမျိုးကို အကန်းလို့ ခေါ်တယ်။
သွားမယ် လာမယ်၊ စားမယ် သောက်မယ်ဆိုတာနှင့် အချိန်ကုန်နေတယ်။ စီးပွားရေးလည်း မလုပ်၊ ကုသိုလ်ရေးလည်း မလုပ်တဲ့ လူစားမျိုးပေါ့။
လူဘဝ မဆိုထားနဲ့၊ ပဒေသာပင် ပေါက်တဲ့ နတ်ပြည်တောင် အလုပ်လုပ်ရတယ်မဟုတ်လား။
သိကြားမင်းက သူ့သားဖြစ်တဲ့ သုဝီရကို ပြောဖူးတယ်လေ။ "အနုဋ္ဌဟံ အဝါယမံ၊ သုခံ ယတြာဓိဂစ္ဆတိ- သုဝီရရေ မပျင်းနဲ့ကွ၊ အလုပ်မလုပ်ဘဲ ချမ်းသာတဲ့နေရာဆိုရင် မင်းအရင်သွား၊ ပြီးတော့ ငါ့ကိုလည်း ခေါ်ပါ" တဲ့။
ဒါကို ကြည့်ရင် နတ်ပြည်မှာတောင် အလုပ်လုပ်ရတယ်။ ဒါကြောင့် လူ့ဘဝဆိုရင်တော့ ပြောစရာမလိုတော့ဘူး။
ကုသိုလ်ဥစ္စာ ကျန်းခံ့သာ၍၊ ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊ ထို့နေ့အတွက်၊ ကျိုးမထွက်၊ သက်သက်၀မ်းနည်းဖွယ်။
ကုသိုလ်ရရင်ရ မရင် ဥစ္စာရရင်ရအောင် လုပ်ရမယ်။ ဒါမှ မဟုတ်၊ အတတ်ပညာတစ်ခုခု တတ်အောင် သင်ရမယ်။
ဘာမှ မရဘူးဆိုရင် အဲဒီနေ့ဟာ ပြဿဒါးနေ့ပဲ။ ဒါကြောင့် ရက်ရာဇာ ပြဿဒါး သိချင်ရင် ပြက္ခဒိန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်ဘ၀ကိုယ်ကို ပြန်ကြည့်လိုက်ပါ။ အလုပ်လုပ်နေရင် ရက်ရာဇာ၊ အလုပ်မလုပ်ရင် ပြဿဒါးပဲ။
ဘာအလုပ်မှ မလုပ်ဘူးဆိုရင် သူ့အတွက် နေ့တိုင်း ပြဿဒါး ဖြစ်နေတယ်။ ဒါဆိုရင် အကန်းလို့ မှတ်လိုက်ပါ။
တစ်ဖက်မြင်
--------------
တချို့လူတွေကျတော့ လူမှုရေးအသိ စီးပွားရေးအသိတော့ ရှိတယ်။ ဒါပေမဲ့တရားအသိက ဆိတ်သုဉ်းနေတယ်။ တစ်ဖက်မြင်လို့ ပြောရမှာပေါ့။
စည်းစိမ် ဥစ္စာ ရာထူးအာဏာနဲ့ ပြည့်စုံတယ်။ ဒါပေမဲ့ ဘာကောင်းမှုမှ စိတ်မဝင်စားဘူးလေ။ အများအတွက်ဆိုရင် ချွေးတစ်စက်မှ အကျမခံနိုင်ဘူးပေါ့။
လူမှုရေး စီးပွားရေး ပညာရေး အကုန်လုံး နားလည်တယ်။ လောကီအမြင်ကတော့ တစ်ဖက်ကမ်းခတ်ပဲ။ ဒါပေမဲ့ ကိုယ့်ဖို့ပဲ သိတယ်၊ သူ့ဖို့ မသိဘူး။ အသီးခူးဖို့ပဲ သိတယ်၊ အပင်စိုက်ဖို့ စိတ်မဝင်စားဘူး။
ကိုယ်ကတော့ တိုက်ကြီးပေါ်မှာ ဇိမ်ခံနေတယ်၊ ဒါပေမဲ့ မိဘတွေကို ထောက်ပံ့ရကောင်းမှန်း မသိဘူး၊ ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ရကောင်းမှန်း မသိဘူး။ ရပ်ရေးရွာရေး လူမှုရေး ပရဟိတဆိုတာတွေကိုလည်း စိတ်မဝင်စားဘူး။
လူ့ချမ်းသာဆိုပေမဲ့ အသိတရားက သုညအဆင့်မှာပဲ ရှိတယ်။ ဒီလိုလူစားမျိုးကို တစ်ဖက်မြင်လို့ ခေါ်တယ်။
နှစ်ဖက်မြင်
---------------
တချို့လူတွေကျတာ့ ပစ္စည်းဥစ္စာလည်း ပြည့်စုံတယ်။ အလျှံပယ် မဟုတ်တောင် မကြောင့်မကြ နေနိုင်တယ်။ အများအတွက်ဆိုရင်လည်း စွန့်လွှတ် အနစ်နာခံတယ်။
သူ၏ ရည်ရွယ်ချက်ကလည်း ကောင်းမှကောင်း။ ရွှေချစရာပါပဲ။
“ငါ့မိသားစုသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် ငါ့မိသားစုအတွက် ဖြစ်စေရမယ်"။
“ငါ့ရပ်ရွာသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် ရပ်ရွာအတွက် ဖြစ်စေရမယ်"။
"လောကကြီးသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် လောကအတွက် ဖြစ်စေရမယ်"တဲ့။
"ဘယ်သူ တရားပျက်ပျက် ငါမပျက်စေရဘူး" တဲ့ ခံယူချက်နဲ့ ရှင်သန်နေတယ်။ ဒီလိုလူစားမျိုးကို "နှစ်ဖက်မြင်" လို့ ခေါ်ပါတယ်။
စီးပွားရေးကြီးပွားရေး လုပ်သလို ရပ်ရေးရွာရေး လူမှုရေး ပရဟိတတွေကိုလည်း လုပ်တယ်။
လိုရင်းပြောရရင် နှစ်ဖက်မြင်ဆိုတာ ကိုယ့်အတွက်ကော အများအတွက်ကော ဟန်ချက်ညီညီ ကြိုးစား အားထုတ်နေသူပဲပေါ့။ တကယ်တော့ သူလိုလူမျိုးဟာ လောကကြီးကို အလှဆင်ဖို့ မွေးဖွားလာသူပဲ ဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘဝ ရတုံးရခိုက်မှာ ကိုယ့်ဘဝကို "နှစ်ဖက်မြင်" ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ ဘဝအထက်တန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
______________________
No comments:
Post a Comment