စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 6, 2022

ရှောင်ရင်ကုသိုလ်၊ မရှောင်ရင် ဒုစရိုက်

“ရှောင်ရင် ကုသိုလ်၊မရှောင်ရင် ဒုစရိုက်”

တချို့ကလည်းပြောကြတယ်။
ငါးပါးသီလထဲက 
တစ်ပါးလောက်လုံရင် ပြီးသလိုလို၊
နှစ်ပါးလောက်လုံရင် ပြီးသလိုလိုနဲ့။
မဟုတ်ဘူး။ ငါးပါးလုံး လုံမှ ပြီးတယ်။

ငါးပါးသီလဟာ -
“ရှောင်ရင်ကုသိုလ်၊ မရှောင်ရင် ဒုစရိုက်”ပဲ။
ဒါက ဘုရားက သတ်မှတ်ပေးတာ မဟုတ်ဘူး။
သဘာဝတရားကြီးက သတ်မှတ်ထားတာနော်။
စဉ်းစားကြည့်။

ကိုယ့်ကိုတစ်စုံတစ်ယောက်က လာသတ်လို့ရှိရင်
ကြောက်တယ်မဟုတ်လား။
ကိုယ်မကြိုက်ဘူးလေ။
ကိုယ်မကြိုက်တဲ့အလုပ် သူများသွားမလုပ်နဲ့။
ဒီလိုဆိုလိုတာပဲ။
“အတ်တူပနာယိက-
အမြဲတမ်း ကိုယ်နဲ့နှိုင်းယှဉ်ကြည့်”။
ကိုယ်မကြိုက်တဲ့အလုပ်ကို မလုပ်နဲ့။
ကိုယ်ကိုသတ်မယ်ဆိုရင် ကိုယ်ကြောက်တယ်။
ဒါကြောင့်မို့ 
ဘယ်သတ္တဝါကိုမှ မသတ်ဘူး၊
ရှောင်တယ်။

ကိုယ့်ပစ္စည်းအခိုးခံရမယ်ဆိုရင် စိတ်ဆင်းရဲမယ်။
အဲဒါကြောင့် သူများပစ္စည်းလည်း မခိုးနဲ့။

ကိုယ့် သားမယား စော်ကားမယ်ဆိုရင် 
ကိုယ်လည်း မခံနိုင်ဘူး။
ဟော-
သူများသားမယားလည်း မစော်ကားပါနဲ့။
ဒါငါးပါးသီလပဲလေ။
အကုန်လုံး ကိုယ် မကြိုက်တဲ့ဟာတွေချည်းပဲ။

ကိုယ့်ကို လိမ်ပြောမယ်ဆိုရင် မခံနိုင်ဘူး။
သူများကို မလိမ်နဲ့လေ။

အဲတော့ အရက်ကျတော့ ဘယ်လိုပြောမတုန်း။
ကိုယ်တိုင်က ကြိုက်နေတာ။
ဒါလေးသောက်ရမှဆိုတော့ 
စိတ်တွေကြွလာပြီးတော့
မပြောသင့်တဲ့စကားတွေ ပြောပြီးတော့၊
မလုပ်သင့်တာတွေ လုပ်တယ်။
အင်မတန်မှ တည်ကြည်အေးဆေးစွာ 
နေတတ်တဲ့လူတစ်ယောက်ဟာ အရပ်ထဲမှာ 
အေးအေးဆေးဆေးမဟုတ်ဘဲ၊
ဆူဆူပူပူ ဖြစ်လာတယ်။
ကောင်းသလား၊မကောင်းဘူးလား၊
ဒါတစ်ခုတည်းနဲ့ပဲ ကြည့်ဦး။

နောက်တစ်ခါ စဉ်းစားကြည့်အုန်း။
အရက်ဆိုတာ ဝင်လာတာနဲ့ တစ်ပြိုင်တည်း
လူတစ်ယောက်ဟာ အမှန်အကန် 
စဉ်းစားနိုင်စွမ်းမရှိတော့ဘူး။
ဦးနှောက်ရဲ့ အခြေအနေတွေ ပြောင်းသွားတယ်။
ပြောင်းသွားတဲ့ အတွက်ကြောင့် 
ဘယ်သူ့ကို ထိခိုက်သလဲဆို
ကိုယ်သိရမယ့် အတတ်ပညာတွေ၊ နည်းပညာတွေ၊
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ၊
ဒါတွေဟာ ပျောက်သွားတယ်။
သူ့အတွက် တန်ဖိုးမဲ့သွားတယ်။
စိတ်အေးကြည်လင်မှုဆိုတာလည်း 
ပျက်စီးသွားတယ်။
ဒါ ဘယ်သူမှမလုပ်ဘူး။

ကိုယ်သောက်တတ်လို့ သောက်ပြီးတော့ 
အိပ်အုန်းတော့ဘယ်သူ့ ထိခိုက်သလဲမေးရင် 
ကိုယ့်ကိုယ်ကို ထိခိုက်တယ်။
ကိုယ့်ကိုယ်ကို ထိခိုက်တယ် ဆိုတာ
ပညာ ရ-ရမှာ မဟုတ်ဘူး။
ကုသိုလ် ရ-ရမှာ မဟုတ်ဘူး။
ဒါ ထိခိုက်တာပဲလေ။
အဲသလို ထိခိုက်တဲ့အခါမှာ-
✤ကိုယ်သာ ထိခိုက်တာ မဟုတ်ဘူး။
✤ကိုယ့်ကို မှီနေတဲ့ မိသားစုလည်း ထိခိုက်တယ်။
✤အလုပ်လုပ်မှာလည်း မလုပ်ဘူး။
ဟော-ကိုယ်လည်း ထိခိုက်တယ်။
ကိုယ့်မိသားစုလည်း ထိခိုက်တယ်။
နောက်ပြဿနာတွေ အများကြီးတတ်လာတယ်။

သွေးဆိုးတဲ့သူတွေကျတော့ 
အရက်မူးပြီးရန်ဖြစ်ကြတာပဲ။
ဒါတွေဟာ ဘာကြောင့်လဲ။
ဒါကြောင့်ဖြစ်တယ်။
အဲတော့ အဲဒီလို ပြဿနာတွေတက်စေတတ်တဲ့ 
အရက်ဟာ သောက်သင့်သလား၊
မသောက်သင့်ဘူးလား။
ဒီလို စဉ်းစားကြည့်လိုက်လို့ရှိရင်
ဒီအရည် ဝင်လိုက်သည့် အတွက်ကြောင့် 
မကောင်းတဲ့အလုပ်တွေ 
အကုန်လုပ်ရဲသွားတယ်ဆိုရင်၊
မကောင်းတဲ့ဟာပဲ ဆိုတာကို 
သဘောပေါက်နားလည်လို့ရှိရင်
ငါးပါးသီလဟာ ဘာမှမခက်တော့ဘူး။
အင်မတန်မှ မြတ်မြတ်နိုးနိုး 
ထိန်းသိမ်းစောင့်ရှောက်ရမယ့် သီလ။

ကိုယ်က အမြဲတမ်း 
လူတော်လူကောင်း 
လူ့အဆင့်နဲ့ ပြည့်ပြည့်ဝဝ 
သူတော်ကောင်း စိတ်နဲ့ အမြဲတမ်းရှိဖို့၊
လိမ်လိမ်မာမာ နေတတ်ဖို့ကို ရွေးချယ်ရတယ်။

အရိယာသူတော်စင် ဖြစ်ရပြီဆိုရင် 
ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာဂုဏ် 
ယုံကြည်မြတ်နိုးပြီးတော့ ငါးပါးသီလကို
အသက်ထက်မြတ်နိုးတဲ့ ပုဂ္ဂိုလ်မျိုး၊
အသက်ထက် မြတ်နိုးတယ်ဆိုတာ-
✤ငါးပါးသီလကို ချိုးမလား၊
အသေခံမလားဆိုရင် အသေခံမယ်။
ငါးပါးသီလ မဖျက်ဘူး။
အသက်ထက် မြတ်နိုးတယ်ဆိုတာ 
အဲဒါကိုပြောတာ။
လူဆိုတာ လဲလှယ်တတ်ကြတယ်လေ။

အသက်နဲ့ ပစ္စည်းဥစ္စာနှစ်မျိုးမှာ 
ပစ္စည်းဥစ္စာဆုံးရှုံးခံမယ်။
အသက်တော့ အသေမခံဘူး။
ဟော-ဒီလို ပြောကြတယ်လေ။

အဲတော့ အရိယာသူတော်စင်တွေကတော့
ငါးပါးသီလတော့ အပျက်မခံဘူး။
အသက်သေချင် သေပါစေ။
ငါးပါးသီလနဲ့ သေသွားရင်မြတ်တယ်။
ဒီလို ယူဆတယ်။
အေး-ဒါကြောင့်မို့လို့ 
“တကယ်တန်ဖိုးရှိတဲ့အရာကို
တန်ဖိုးရှိတယ်လို့ သိပြီး၊
ကျင့်သုံး နေထိုင်ခြင်းဟာ
မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း နေထိုင်ခြင်း”
ဖြစ်ပါတယ်။
 

"ကံအကျိုးပေး"

လောကလူသတ္တဝါတွေဟာ နေ့စဉ်နဲ့အမျှစိတ်ထဲမှာဖြစ်ပေါ်
နေတဲ့ မနောကံတွေ နှုတ်ကနေထုတ်ဖော်ပြောတဲ့ 
ဝစီကံတွေ ကိုယ်ထိလက်ရောက်လုပ်နေတဲ့ကာယကံတွေ 
အကောင်းနဲ့အဆိုးဆိုတာဖြစ်ပေါ်ပြီးတော့ နေတယ်။
ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ သုံးသပ်ကြည့် တို့တတွေနေ့စဉ်လုပ်နေတာ 
စိတ်ကူးကြံစည်နေတာဟာ မနောကံအဖြစ်ရောက်နေသလား။
တို့တတွေနှုတ်ကနေထုတ်ဖော်ပြောဆိုနေတဲ့ 
ပြောဆိုမှုတွေဟာ ဝစီကံအဖြစ်ရောက်နေသလား။
တို့တတွေ ကိုယ်ထိလက်ရောက်လုပ်နေတဲ့ ကိုယ်အမှုတွေက 
ကာယကံအဖြစ်ကိုရောက်နေသလား။

ကံဆိုတာ " စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ" နိဗ္ဗေဓိကသုတ္တံမှာ မြတ်စွာဘုရား 
ဟောထားတဲ့အကြောင်းအရာကို အကြောင်းပြုပီး မြန်မာလူမျိုးတွေ တော်တော်များများသိတယ် ကံဆိုတာ
စေတနာကိုခေါ်တယ်ဆိုတာ။ကမ္မ-ဆိုတာ ပြုလုပ်တဲ့အလုပ်ကို ကမ္မလို့ပြောတာ။အမှုကိစ္စ။ အဲ့ဒီအမှုကိစ္စရဲ့ 
နောက်ကွယ်ကတွန်းအားက ဘယ်သူလဲဆိုတော့ ယေဘုယျ အားဖြင့်ပြောတာ " စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ" 
ဆိုတာ ယေဘုယျစကားလို့မှတ် ။စေတနာကိုတာ ကံလို့ခေါ်တယ်လို့ ဒီလိုတော့ တထစ်ချ မမှတ်နဲ့။ 
စေတနာမှန်သမျှ ကံဆိုတာ မှန်တယ်။စေတနာဆိုရင် ကံလို့ပဲမှတ်ထား။ ဘာလို့တနု်းဆိုတော့
ပဋ္ဌာန်း(၂၄)ပစ္စည်းထဲမှာ စေတနာ ဟူသမျှကို ကမ္မပစ္စယောလို့ ဒီလိုဟောထားတာ။သဟဇာတ ကမ္မ။ 
နာနာက္ခဏိက ကမ္မ။ဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်တွေနဲ့ပြိုင်တူဖြစ်လာတဲ့စေတနာစေတသိက်လေးဟာ 
အားလုံးအတွက်တွန်းအားဖြစ်နေလို့ သဟဇာတ ကမ္မ- လို့ ဒီလိုပြောတာ။

နောက်တစ်ခုက နာနာက္ခဏိက ကမ္မ-ဆိုတာက အခုမြန်မာလူမျိုးတွေပြောနေတဲ့ ကံ-အတိုင်းပဲ။
ကံကောင်းတယ် ကံမအကောင်းဘူးလို့ပြောနေတာကျတော့နာနာက္ခဏိက ကမ္မ-လို့ခေါ်တယ်။ဒီစေတနာကျတော့ ကုသိုလ်
 အကုသိုလ်နဲ့သက်ဆိုင်တယ်လို့ ဒီလိုမှတ်ရမယ်။တခြားစေတနာတွေနဲ့မသက်ဆိုင်ဘူး။စေတနာဆိုတာ စိတ်မှန်သမျှမှာဖြစ်တယ်။
သို့သော် ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့တွဲပြီးလာတဲ့ ကုသိုလ်စိတ် အကုသိုလ်စိတ်တွေရဲ့ တွန်းအားဖြစ်တဲ့ 
စေတနာကျတော့ အခုပြောတဲ့ ကမ္မ-လို့ ဒီကမ္မကို နာနာက္ခဏိက ကမ္မ။ကံဖြစ်တဲ့အချိန်နဲ့ အကျိုးပေးတဲ့အချိန်ဟာ ကွာခြားတယ်လို့ ဒီလိုပြောတာ။
ကွာတယ်ဆိုတာ ဘယ်လောက်ကွာတာတုန်းဆိုရင် ကမ္ဘာချီပြီးတော့ ကွာချင်လည်းကွာမယ်။မိနစ်ပိုင်းကွာတာလည်းကွာနိုင်တယ်။မိနစ်ပိုင်း
 စက္ကန့်ပိုင်းကွာတာလည်း ကွာတယ်လို့ပြောရမှာပဲ။တစ်ပြိုင်တည်းမဖြစ်ဘူး။ကံတရားနဲ့ အကျိုးတရားဟာ တစ်ပြိုင်တည်းလာတာ
မဟုတ်ဘူး။တစ်ခါတရံ လူတို့ရဲ့သန္တာန်မှာဖြစ်နေတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ်၊ 
အကုသိုလ်ကံပဲဖြစ်ဖြစ် ကမ္ဘာပေါင်းမြောက်များစွာခြားပြီးတော့မှ အကျိုးတစ်ခုကိုထုတ်လုပ်တာပဲရှိတယ်။

ဒါ့ကြောင့်မို့ ကံဆိုတာပျောက်ကွယ်သွားတာမဟုတ်ဘူး။သတ္တဝါတွေ သန္တာန်မှာ စိတ်အစဉ်ရှိနေသမျှ ကံ-ဆိုတဲ့ သဘာဝတရားသည် Energy အနေနဲ့ တည်ရှိနေတယ်။
ဒီလိုဆိုတော့ တစ်ချို့ကစောဒက တက်ကြတယ်။စေတနာ-ဆိုတဲ့ ကံတရားဟာ အနိစ္စပဲမို့လားဆိုတော့ ဟုတ်ပါတယ် အနိစ္စ။ဖြစ်ပြီးရင်တော့ ပျက်သွားတာ။
ပျက်သွားပေမယ့်လို့ ဘာကျန်ရစ်သလဲဆိုရင် စွမ်းအားသတ္တိတစ်ခု ကျန်ခဲ့တယ်။သတ္တိဆိုတာ အကောင်အထည်မဟုတ်ဘူးလေ။လူတွေမှာ စွမ်းရည်သတ္တိဆိုတာလေးတွေ ရှိတယ်။
စွမ်းရည်သတ္တိဆိုတာ မြင်ရတာမဟုတ်ဘူး။ဆိုပါဆို့ ငယ်ငယ်တုန်းက မူလတန်းပညာသင်ခဲ့တယ်။စာရေးတတ်တယ် ဖတ်တတ်တယ် စွမ်းရည်သတ္တိတွေရတယ်။
အဲ့ဒီသင်ခဲ့တာတွေ မေ့သွားပေမယ့်လို့ အလတ်တန်းတို့ အထက်တန်းတို့ တက္ကသိုလ်ပညာရပ်တို့ စည်းပူးတဲ့အခါမှာ အထောက်အကူဖြစ်နေတာပဲ။
ပျောက်သွားတာမဟုတ်ဘူးဆိုတာ အင်မတန်မှထင်ရှားတယ်။အနိစ္စသဘောတရားအရ ဖြစ်ပြီးရင်တော့ ပျက်တာပဲ မှန်တယ်။
ဖြစ်ပြီး ပျက်ပေမယ့်လို့ ကို်ယ့်သန္တာန်မှာ စွမ်းရည်သတ္တိလေးတွေကျန်နေတယ်။

ဒါကြောင့်မို့ အရည်အချင်းလို့ ခေါ်ကြတာပေါ့။အရည်အချင်းဆိုတာ မြင်ရတာမဟုတ်ဘူး။လုပ်ဆောင်နိုင်တဲ့စွမ်းရည်သတ္တိကိုပြောတာ။
အဲ့ဒီအရည်အချင်းတွေနဲ့ ကံတရားတွေဟာ ဘယ်လောက်ပဲကွာကွာဒီအရည်အချင်းဟာ ပျက်ယွင်းသွားတာမျို်း မရှိဘူးလို့ ဒီလိုနားလည်ရတယ်။
ဒါကြောင့်မို့လို့ ဒီဘဝကလုပ်ထားတဲ့ကံတွေဟာ နောင်ဘဝမှာ အကျိုးဖြစ်ထွန်းတယ်။နောင်ဘဝမကဘူး ဘဝပေါင်းမြောက်များစွာ
 ခြားကွယ်ပြီးတဲ့နောက်မှာလည်း အကျိုးပေးလာတာရှိတယ်။

ဘဝပေါင်းမြောက်များစွာတင်မကဘူး ကမ္ဘာပေါင်းကြာသော်လည်းပဲ ဒီ ကံတရားတွေဟာ လူတွေရဲ့ သန္တာန်မှာ ပျောက်ကွယ်သွားတယ်မရှိဘူး။
ဒါကြောင့်မို့ ကံကို(၃)မျိုး(၃)စားခွဲပြီးပြောကြတာ။အလုပ်တစ်ခုအောင်မြင်မှုအတွက် တွန်းအားလို့ဆိုတာဟာ စေတနာ-ပဲ။ အဲ့ဒီစေတနာတွန်းအားဟာ 
စွမ်းရည်သတ္တိ သိပ်မပြည့်သေးတဲ့ တွန်းအားဆိုရင် ဖြစ်လွယ်ပျက်လွယ်သဘောအားဖြင့် ဒီဘဝမှာပဲ အကျိုးပေးတယ်။ဒိဋ္ဌဓမ္မဝေဒနိယကံ-လို့ခေါ်တယ်။
အဲ့ဒီတွန်းအားက စခါစ ဆိုတော့ နုနယ်သေးတယ်။နုနယ်သေးတဲ့တွန်းအားသည် နောင်ဘဝထိအောင်မပါနိုင်ဘူး ဒီဘဝမှာအကျိုးပေးတယ်။
အကျို်းပေးတယ်ဆိုတာ ပေးကိုပေးရမှာလားဆိုတော့ မဟုတ်ဘူး။အကူအညီ အကြောင်းတွေရမှ ပေးတာ။ဆိုပါစို့ မျိုးစေ့လေးတစ်ခုဟာ 
အပင်ပေါက်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်။ဒါပေမယ့် ပေါက်ကို ပေါက်တာလားဆိုတော့ မပေါက်ဘူး။မြေနဲ့ ရေနဲ့တွေ့မှ ပေါက်မှာလေ။
သူ့ချည်းဆို အပင်မပေါက်နိုင်ဘူး။အဲ့ဒီလိုပဲ ကံတရားဟာ အကျိုးပေးနိုင်တဲ့ စွမ်းရည်ရှိပေမယ့်လို့ အထောက်အကူပြုတဲ့အရာတွေ ရှိမှအကျိုးပေးတယ်လို့ 
သူကဒီလိုပြောတာ။

နောက်တစ်ခါ စွမ်းရည်သတ္တိ လုံးဝပြည့်သွားတဲ့ကံတရားကျတော့ ဥပပဇ္ဇဝေဒနိယကံ-လို့ခေါ်တယ်။ဒီဘဝပြီးရင် နောက်ဘဝကိုအကျိုးထုတ်လုပ်မယ့်ကံတရား။
အဲ့ဒီကံတရားကျတော့ စွမ်းအားတွေက လုံးဝပြည့်သွားသည့်အတွက်ကြောင့် နောက်ဘဝမှာ အကျိုးပေးမယ်။ဒါဖြင့်နောက်ဘဝအကျိုးပေးတာရော သေချာပေါက်
အကျိုးပေးတာလားဆိုတော့ ဒီလို ကံမျိုးတွေ သိန်းသန်းကုဋေရှိတဲ့အထဲက အကျိုးပေးခွင့်ရတဲ့ ကံတစ်ခုပဲ အကျိုးပေးတယ်။ကျန်တဲ့ကံတွေက အကျိုးပေးလို့တော့မရဘူး။
အကုန်လုံးအကျိုးပေးတာ မဟုတ်ဘူး။အဲ့ဒီတော့ အဲ့းဒီထဲမှာအကျိုးပေးခွင့်ရသွားလို့ ရှိရင် သူကအကျိုးပေးမယ်။အကျိုးပေးခွင့်မရလို့ ရှိရင်တော့ အဟောသိကံလို့ခေါ်တယ်။
အဟောသိကံ-ဆိုတာ အခုခေတ်လို့ပြောမယ်ဆိုရင် Expired ဖြစ်တယ်လို့ပြောတာ။ဆေးတွေဟာ Date လွန်သွားရင် Expired ဖြစ်တယ်လို့ပြောတာ။
ကံကလည်းပဲ date လွန်သွားတဲ့ကံရှိတယ်။အကျိုးပေးရမယ့်အချိန်ရောက်ရဲ့သားနဲ့ အကြောင်းအပေါင်းအကူအညီမရသည့်အတွက်ကြောင့် 
အကျိုးမပေးတော့ဘူးဆိုရင် ဒါ Expired ဖြစ်တာပဲ။ဒါကို အဟောသိကံလို့ ခေါ်တာ။

ဟောနောက်ကံတစ်ခုကျတော့ စွမ်းအားသတ္တိတွေက ဒီဘဝအကျိုးပေးရအောင်လည်းမထက်မြက်ဘူး။ဒုတိယဘဝမှာအကျိုးပေးလောက်လည်း မထက်မြက်ဘူး။
သို့သော် စွမ်းရည်သတ္တိတွေ ရထားပြီးပြီ ဆိုတဲ့ကံကျတော့ တတိယဘဝကနေစပြီး နိဗ္ဗာန်ထိအောင် ဘဝသံသရာရှိနေသမျှကာလပတ်လုံး အကျိုးပေးနိုင်တဲ့
အနေအထားတစ်ခုကိုရောက်တယ်။ အဲ့ဒါမျိုးကို အပရပရိယာယဝေဒိနိယကံ-နောက်အလှည့်သင်တဲ့အချိန်မှာ အကျိုးပေးမှာလို့ အဲ့ဒီကံက လွတ်တဲ့ သတ္တဝါဆိုတာ မရှိဘူးတဲ့။
အကြောင်းပေါင်းမညီညွှတ်လို့ သံသရာဝဋ်ကမလွတ်သေးရင် သူကနောက်ကပါနေမှာပဲ။ဒီလိုဆိုလိုတာပေါ့နော်။ဒါက ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ် 
ဘုန်းကြီးတို့တတွေ နေ့စဉ်နဲ့အမျှ စိတ်ထဲမှာ ကြံတွေးနေတဲ့ မနောကံတွေ နှုတ်ကနေထုတ်ပြောနေတဲ့ ဝစီကံတွေ၊ ကိုယ်ထိလက်ရောက်လုပ်နေတဲ့
ကာယကံတွေ ဆိုတဲ့ နောက်ကွယ်ကတွန်းအားပေးတဲ့ စေတနာတရား။အဲ့ဒီစေတနာ တရားကို ကံလို့ပြောတာဟာ စေတနာမှန်သမျှသည် ကံဖြစ်တယ်
သို့သော် ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ တွဲဘက်လာတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကိုတာ ဒီနေရာမှာ ကံကံ၏ အကျိုးလို့ 

ဒီလိုဆိုလိုတယ်လို့ ဒီလိုမှတ်။ဒါဖြင့်ရင် စေတနာတစ်ခုတည်းကံလားဆိုတော့ မဟုတ်ဘူး။မနောကံကျတော့ စေတနာကို ကံခေါ်တာမဟုတ်ဘူး။အဘိဇ္စျာ-လို့ဆိုတဲ့ လောဘ၊ ဗျာပါဒ-ဆိုတဲ့ ဒေါသ၊
မိစ္ဆာဒိဋ္ဌိ-လို့ဆိုတဲ့ ဒိဋ္ဌိ၊ အဲ့ဒီသဘာဝတရားတွေကိုလည်း စေတနာမဟုတ်ပေမယ့်လို့ ကံလို့ ခေါ်သေးတယ်။ဒါကိုပြောလိုတာ။ဒါတင်မကဘူး တခြားကံဆိုတာ ဘာတွေရှိသေးတုန်းဆိုရင်
 မဂ္ဂင်(၈)ပါးကိုလည်း ကံလို့ပြောတာပဲ။ဗောဇ္ဇျင်(၇)ပါးကိုလည်းပဲ ကံလို့ပြောတာပဲ။အဲ့ဒီကံတွေကျတော့ ကံတရားတွေကို ဖျက်စီးပစ်နိုင်တဲ့
စွမ်းအားရှိတဲ့ကံတွေ။ဒီလိုပြောတာနော်။အနို့မို့ဆိုရင် ကံတရားတွေဟာ လိုက်အကျိုးပေးနေလို့ လူတွေဟာ ကံကနေ လွတ်မြောက်ဖွယ်ရာ အကြောင်းမရှိဘူး။ဒါကြောင့်မို့လို့ 
မဂ္ဂင်(၈)ပါးတို့ ဗောဇ္ဇျင်(၇)ပါးတို့ဆိုတဲ့ ဒီကံတရားတွေကျတော့ ကုသိုလ်ကံကိုပဲဖြစ်စေ အကုသိုလ်ကံကိုပဲဖြစ်စေ ၊ အကိုသိုလ်ကံတွေကို ဖယ်ရှားပြီးတော့
ကုသိုလ်ကံတွေပါ အကျိုးပေးခွင့်မရအောင် လုပ်နိုင်စွမ်းသတ္တိရှိတယ်လို့ ။ဒါကြောင့်မို့လို့ သံသရာက လူတွေဟာ ကဲကံ၏ အကျိုးကို အကုန်လုံးမခံရပဲနဲ့ 
သံသရာဝဋ်က လွတ်သွားတာတွေလည်း ရှိတယ်။နို့မို့ဆိုရင် သံသရာဝဋ်က လွတ်ဖို့ရန်အကြောင်းမရှိဘူး။ ဘာကြောင့်တုန်းဆိုရင် လူတွေနေ့စဉ်အမျှ 
ကြံတွေးနေတာတွေက အကောင်းတွေးတာနည်းတယ်။ပြောသမျှတွေဟာလည်း အကောင်းပြောတာနည်းတယ်။

လုပ်ခဲ့တာတွေကလည်း အကောင်းလုပ်တာ ရာခိုင်းနှုန်းနဲ့တွက်ကြည့် အင်မတန်မှနည်းတယ်။ကို်ယ့်ကိုယ်ကိုတော့ ကိုယ့်ဘာသာလေ့လာဆန်းစစ်ကြည့်ပေါ့။
တနေ့တာမှာ ငါတွေးတာဟာ အပြစ်မကင်းတဲ့ အကုသိုလ်တွေရှိလား? ပြောနေတဲ့စကားတွေက အကုသိုလ် ကံတွေပါနေသလား? လုပ်နေတဲ့ အလုပ်တွေရော
အကုသိုလ်ကံတွေဖြစ်နေသလားဆိုတာ ကို်ယ့်ဘာသာကိုယ် ဆန်းစစ်ကြည့်ပြီးတော့ ကို်ယ့်ကိုယ်ကို ပြုပြင်ရမယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။
အဲ့ဒီလို ဘယ်ကံက ဘယ်အကျိုးကိုပေးတယ်ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ _/\_ ယထာကမ္မူပဂဉာဏ် _/\_ (ဝါ) မြတ်စွာဘုရားရဲ့ဉာဏ်တော်စွမ်းအား(၁၀)မျိုးထဲမှာ
ပါဝင်တဲ့ သဗ္ဗတ္ထဂါမိနီ- ဘဝမျိုးစုံနောက်ဆုံး နိဗ္ဗာန်ထိအောင် ရောက်စေနိုင်တဲ့ သတ္တဝါတွေလုပ်ဆောင်နေကြတဲ့ အကျင့်တွေ ကံတရားတွေအကြောင်းကို ကွဲကွဲပြားပြား
ခွဲခွဲခြားခြား မြတ်စွာဘုရားက သိနိုင်စွမ်းရှိတယ်လို့ ဒီလိုဆိုတာ။

ဒါကြောင့်မို့လို့ ကံတရားကို မြတ်စွာဘုရားက အခြေခံအားဖြင့် သတ္တဝါတွေ သတိထားပြီးတော့ ရှောင်ကြဉ်ဖို့နဲ့ ပြုလုပ်ဖို့ဆိုပြီးတော့
 ဒီနှစ်ခုကိုအဓိကထားပြီးတော့ မြတ်စွာဘုရားက ဟောတယ်။မြတ်စွာဘုရားတရားတော်တွေကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် 
အကုသိုလ်မှန်သမျှ ရှောင်ကြဉ်မှုနဲ့ ကုသိုလ်မှန်သမျှ ပြည့်စုံအောင်ကြိုးပန်းအားထုတ်မှု ဒီနှစ်ခုဟာ အဓိကအကျဆုံးပဲ။ဘယ်အလုပ်ပဲလုပ်လုပ် 
ဘာနဲ့တိုင်းတာပြီး ပြောရမလဲဆိုရင်ကိုယ်လုပ်တဲ့အလုပ်သည် အကုသိုလ်တွေနည်းပါးစေပြီး ကုသိုလ်တရားတွေ တိုးပွားစေသလား။သို့မဟုတ် 
အကုသိုလ်တွေ လျော့နည်းသွားပြီး ကုသိုလ်တွေတိုးပွားလာသလား ဒီနှစ်ခု ဒီနှစ်ခုကို ဆန်းစစ်ကြည့်တဲ့။ဆန်းစစ်ကြည့်လိုက်လို့ အကုသိုလ်တွေလျော့နည်းစေပြီး 
ကုသိုလ်တွေတိုးပွားရင် လုပ်လို့ပြောတာ မြတ်စွာဘုရားက။ဒီနှစ်ခုကို အမြဲတမ်း ချိန်ခွင်ညှာသဖွယ်ကြည့်ပြီးတော့ ကုသိုလ်ဘက်က အမြဲတမ်းအသာစီးရနေအောင် 
သတိထားဖို့လိုအပ်တယ်ပေါ့။အကုသိုလ်ဘက်က

အသာစီးရမယ့်အလုပ်ဆိုရင် ရှောင်နိုင်ဖို့ ကြိုးစားရမယ် ဒီလိုဆိုလိုတာ။ဒီသဘာဝတရားနှစ်ခုဟာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ ပဟာယကနဲ့ ပဟာတဗ္ဗလို့ခေါ်တယ်။ 
ကုသိုလ်က ဖယ်ရှားတတ်တဲ့တရား။အကုသိုလ်က အဖယ်ခံရတဲ့တရားလို့ဒီလိုဆိုလိုတာ။ဘာနဲ့ဥပမာတူတုန်းဆိုရင် ရောဂါနဲ့ဆေး။ဆေးဆိုတာ 
ရောဂါ-ကိုဖယ်ရှားပစ်တာလေ။ရောဂါက ဆေး-ကိုဖယ်ရှားဖြစ်တယ်လို့ မရှိဘူး။ရောဂါက ဆေးကို ဖယ်ရှားတာလို့ပြောတာ မဟုတ်ဘူး။ဆေးက ရောဂါကိုဖယ်ရှားတာ။
အဲ့ဒီအတိုင်းပဲ ရောဂါနဲ့အလားသန္တာန်တူတဲ့ အကုသိုလ်ကို
ဆေးနဲ့အလားသန္တာန်တူတဲ့ ကုသိုလ်က ဖယ်ရှားပစ်တာ။ဒါကြောင့်မို့လို့ ပဟာယကနဲ့ပဟာတဗ္ဗ-လို့ စောပေကျမ်းဂန်မှာမှာ ဒီလိုသုံးတာ။ ဒီလိုသုံးတာနော်။
တခါတရံမှာ ရောဂါဘယ်လောက်ကြီးကြီး အစွမ်းထက်တဲ့ဆေးလေးတစ်ခွက်သောက်လိုက်တာနဲ့ ရောဂါတွေပျောက်သွားတာရှိတယ်။
ထို့အတူပဲ အကုသိုလ်ကံတွေဘယ်လောက်ကြီး လုပ်ထားထား အစွမ်းထက်တဲ့ကုသိုလ်လေးတစ်ခုကနေပြီးတော့ ကယ်သွားတာလဲရှိတာပဲ။

 ဥပမာတစ်ခုကြည့် လူတွေမြောက်များစွာသတ်လာတဲ့ ကမ္ဘာကျော်လူသတ်သမားကြီး အင်္ဂုလိမာလ-သူဟာ သာမန်အားဖြင့် ငရဲက လွတ်စရာအကြောင်းမရှိဘူး။
သူလုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးဖို့ အချိန်မကျသေးလို့တာ သူ့ရဲ့သန္တာန်မှာ အင်ပြည့် အားပြည့်နဲ့ စွမ်းရည်သတ္တိတွေ ရှိနေကြတယ်။
အဆင်သင့်ဖြစ်နေပြီ အင်အားအပြည့်အဝနဲ့ ရှိနေကြပြီ။ဒီဘဝရဲ့အသေကို စောင့်နေတာ။ဒီဘဝက သေတာနဲ့ အပါယ်ငရဲကို ကျစေမှာပဲ။
သို့သော် ကံကောင်းချင်တော့ သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စက မြတ်စွာဘုရားရဲ့အဆုံးအမကို ရလိုက်လို့ သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ 
လူဆိုးကနေလူကောင်းအဖြစ် ကိုယ်ကျင့်သီလတွေကို ခံယူဆောက်တည်ပြီးတဲ့အခါ ပါဏာတိပါတ-ကို လုံးဝရှောင်ကြဉ်လိုက်ပြီးတော့ 
အစွမ်းထက်တဲ့ ခုနက မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်လိုက်တာ အစွမ်းထက်တဲ့ အရဟတ္တမဂ်လို့ခေါ်တဲ့ကုသိုလ် ။
မဂ်-ဆိုတာ မဂ္ဂင်(၈)ပါးကိုဖွင့်စည်းထားတာ။မဂ္ဂင်(၈)ပါးအစုအဝေးကို မဂ်လို့ခေါ်တာ။အဲ့ဒီမဂ်စွမ်းအားက နံပါတ်(၄)ဖြစ်တဲ့ အရဟတ္တမဂ်-
အရဟတ္တမဂ်-ဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ၊သမ္မာဝါစာ၊သမ္မာကမန္တ၊သမ္မာအာဇီဝ၊သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိ၊တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် 
သီလရယ် သမာဓိရယ် ပညာရယ်၊အစွမ်းထက်တဲ့သီလ အစွမ်းထက်တဲ့သမာဓိ အထက်မြက်ဆုံးပညာ ကိုရလိုက်တာနဲ့ သူလုပ်ထားတဲ့ အကုသိုလ်တွေက
အကုန်လုံး အရှုံးပေးသွားရတယ်။

ဘယ်လိုကြောင့်အရှုံးပေးရတာတုန်းဆိုရင် သူတို့ရဲ့အဖော်သဟဲဖြစ်တဲ့ ကိလေသာတွေကို အရဟတ္တမဂ်က ဖယ်ရှားပစ်လိုက်သည့်အတွက်ကြောင့်
ကံတွေဟာအကျိုးပေးချင်သော်လည်း ပေးလို့မရတော့ဘူး။ဒီလိုဆိုလိုတာနော်။အဲ့ဒါကို မြတ်စွာဘုရားက ဘယ်လိုဟောလိုက်တုန်းဆိုတော့
''ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ " - သူလုပ်ထားတဲ့ မကောင်းမှုတွေအားလုံးကို ကုသိုလ်နဲ့ စို့ပိတ်တားစီးပစ်လိုက်တယ်လို့ 
ပယ်ဖျက်ပစ်လိုက်ပြီ။အစွမ်းထက်တဲ့ကုသိုလ်တရားနဲ့ ပယ်ဖျက်လိုက်တယ်လို့ပြောတာ။ဘယ်ကုသိုလ်နဲ့လဲဆိုရင် ခုနက မဂ္ဂင်(၈)ပါးနဲ့စုစည်းထားတဲ့ 
အရဟတ္တမဂ်-ကုသိုလ်။အဲ့ဒီကုသိုလ်ရဲ့ စွမ်းအားနဲ့ အကုသိုလ်မှန်သမျှဟာ အစီရင်ခံလိုက်ရတော့ ဒီအကုသိုလ်ကံတွေက ဘဝသံသရာမှာလိုက်ပေးဖို့ 
အခွင့်အရေးတော့မရဘူး။သို့သော် လုံးဝအကျိုးမပေးတာလားတော့ မဟုတ်ဘူး။သူလုပ်ခဲ့အကုသိုလ်ကံတွေကြောင့် ဟိုကခဲနဲ့ပေါက်လိုက် သူ့ခေါင်းပေါ်လာကျတယ်။
သူ့ပေါက်တာမဟုတ်လည်း သူ့ခေါင်းပေါ်လာကျတယ်။ငှက်ဖြစ်ဖြစ်တစ်စုံ တစ်ရာကို ခဲနဲ့ထုလိုက်တဲ့အခါအရှင်အင်္ဂုလိမာလ-ခေါင်းပေါ်လာကျတယ်။

ကံဆိုတာလေ 
ကိုယ့်လုပ်တာ မဟုတ်ပေမယ့်လို့ လာထိတယ်။

အေး သူကိုမုန်းတီးတဲ့ ပုဂ္ဂိုလ်တွေကလည်း ခဲနဲ့ထုကြ။
ဆွမ်းခံသွားတယ်ဆိုရင် သပိတ်ခွဲ သင်္ကန်းတွေပြဲလို့ 
ဆွမ်းမရတဲ့ ရက်တွေအများကြီးပဲ။
အဲ့လိုဒုက္ခတွေတော့ သူခံရတယ်ပေါ့။

သို့သော် နောင်ဘဝကိုဆက်စပ်ပေးနိုင်တဲ့ 
တဏှာဆိုတဲ့ ကိလေသာ၊ 
တဏှာဦးဆောင်တဲ့ ကိလေသာတွေ 
သူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျတော့ 
အပင်ပေါက်စရာ မြေနဲ့ ရေနဲ့ 
မရှိတော့သည့်အတွက်ကြောင့်
လုပ်လာတဲ့ အကုသိုလ်မျိုးစေ့တွေဟာ 
ဒီတိုင်းပဲ ခမ်းခြောက်သွားရတယ်။
ဒီအဓိပ္ပာယ်ကိုပြောတာနော်။

အဲ့ဒီတော့ ဒီလိုတွေ တားစီးနိုင်တယ်ဆိုတော့ 
အားကိုးစရာ အင်မတန်မှကောင်းတယ်။
ကံ ကံရဲ့ သဘောတွေကို 
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသာ 
အကုန်သိနိုင်တယ်။
ကံ ကံရဲ့အကျိုးတွေကို ဘုရားကသာ သိနိုင်လို့ 
ကျန်တဲ့ပုဂ္ဂိုလ်တွေ သွားပြီး ကိုယ်ဉာဏ်မမှီတာတွေကို 
သွားပြီးတော့ မစဉ်းစားလေနဲ့ ။

မစဉ်းစားနဲ့ဆိုတာ စဉ်းစားလို့ရသလောက်ကို 
မစဉ်းစားနဲ့လို့ပြောတာ မဟုတ်ဘူး။
အကုန်လုံးကို လိုက်ပြီးတော့ 
ကိုယ်ဉာဏ်မမှီတာတွေကိုလိုက်ပြီး စဉ်းစာလိုက်ရင် 
ရှုးသွားနိုင်တယ်လို့ ဒီလိုပြောတာ။

အဲ့ဒါကို အစိန္တေယျ(၄)ပါး။
သာမန်အသိဉာဏ်နဲ့ သိနိုင်စွမ်းမရှိလို့ မကြံစည်နဲ့တဲ့။

ကမ္မဝိပါကော အစိန္တေယျော။
ကံရဲ့အကျိုးတရားဟာ အင်မတန်မှ ဆန်းပြားလို့ 
မြတ်စွာဘုရားသာ သိနိုင်တာဖြစ်သောကြောင့် 
အဲ့ဒါကို မိမိဉာဏ်မမှီပဲနဲ့ 
သွားပြီးတော့ စဉ်းစားမယ်ဆိုလို့ရှိရင် 
ရူးသွပ်သွားနိုင်တယ် မြတ်စွာဘုရားက ဒီလိုဆိုတာ။

ဒါကတော့ လူတိုင်း လူတိုင်းဟာ
ဉာဏ်ရည်ဉာဏ်သွေးဟာ အတိုင်းအတာတစ်ခုပဲ ရှိတယ်လေ။မျက်စိက မြင်တာတောင် ကိုယ်အတိုင်းအတာ ရှိသလောက်လေး ကိုယ်မြင်ကြတာလေ။

အဲ့ဒါလိုပဲ အသိဉာဏ်ဆိုတာ 
လူတိုင်းမှာ အတိုင်းအတာ အကန့်အသတ်ရှိတယ်။ကိုယ့်အသိဉာဏ်နဲ့မမှီတဲ့အရာကို လှမ်းမယ်ဆိုလို့ရှိရင် ပင်ပန်းရုံပဲရှိမယ်။
ဒီလိုအဓိပ္ပာယ်မျိုးကို ပြောတာ။
အဲ့ဒါကို ဆိုလိုတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏🙏🙏

credit..

No comments:

Post a Comment