လူ့ခန္ဓာဟာ
နတ်တွေရဲ့ ခန္ဓာလို မဟုတ်ဘူး
သိပ်တာဝန်ကျေတယ် …
- အိုချိန်တန် အိုပြလိုက်တယ်
- နာချိန်တန် နာပြလိုက်တယ်
- သေချိန်တန် သေပြလိုက်တယ်
ဘဝအနှစ် အမြန်ထုတ်နိုင်ရေး အတွက်
အိုခြင်း , နာခြင်းက မမေ့ရအောင်
အမြဲ သတိပေးနေတယ် …
အိုတယ် ၊ နာတယ် ၊ သေတယ်
ဆိုတာ ကုသိုလ် မြန်မြန်လုပ်ဖို့
ခန္ဓာက တွန်းအားပေးတာတဲ့ …
နတ်တွေမှာတော့ -
- အိုတော့လည်း အိုရုပ်မပြ
- နာတော့လည်း နာရုပ်မပြ
- သေတော့လည်း
အလောင်းက မကျန်ခဲ့ဘူး ဆိုတော့
ငါးဖြာအာရုံ ကာမဂုဏ်တွေနဲ့ပဲ
တစ်ချိန်ကုန်
မေ့မျှောပြီးတော့ နေကြတာ …
စားရ သောက်ရမှာကိုတောင်
မေ့တယ် ဆိုပဲ …
သူတို့မှာ အို ၊ နာ ၊ သေက
ထင်ရှားမပြတော့
လူတွေလောက် ကုသိုလ်အလုပ်
တရားအလုပ် လုပ်ဖို့အခွင့်အလမ်းမရှိဘူး …
ကုသိုလ် အရှိန်အဝါကြောင့်
လူဖြစ်လာပြီး
ကုသိုလ်ကိုမှ ( စိတ်မဝင်စားရင် )
ရအောင် မယူနိုင်ရင် …
ဒီခန္ဓာကြီး ကျွေးရတာဟာ
ရိုင်းရိုင်းပြောရရင် နွားတစ်ကောင်ကို
ကျွေးရတာကမှ ခိုင်းလို့ရသေးတယ် …
ဒီခန္ဓာကြီးက တစ်နေ့ နှစ်ထပ်မက
ကျွေးထားရတဲ့ နေ့စား ခန္ဓာကြီးနော် …
လခစားခန္ဓာ မဟုတ်ဘူး …
နေ့စားခန္ဓာကြီးကို
နေ့တွက်ကိုက်အောင်,
နေ့စားကျေအောင် ခိုင်းပေးမှဖြစ်မှာ …
ကျွေးရကျိုးနပ်အောင် များများခိုင်းပေး
အချိန်တန်ရင် မရဏလက်ထဲ
ပြန်အပ်လိုက်ရမှာ …
မရဏလက်ထဲ ပြန် မအပ်ရသေးခင်
ဘဝရဲ့ အနှစ်သာရဖြစ်တဲ့
ကောင်းမှုတရားတွေကို
နေ့စဉ်နဲ့အမျှ နေ့တွက်ကိုက်အောင်
မြန်မြန်ထုတ်ယူရမယ် …
အို ၊ နာ ၊ သေထက်
ငါကပဲ လက်ဦးစေရမယ်ဟဲ့လို့
စိတ်ခွန်အားကို တင်းပြီးတော့
တစ်ရက် , တစ်ရက်ကို
တစ်သက် , တစ်သက်လောက်
တန်ဖိုးထားပြီး
ကောင်းမှု စွမ်းအားတွေကို
နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်
နိုင်ကြပါစေ …
ယောဆရာတော်ဘုရား
🙏🙏🙏
No comments:
Post a Comment