"မလည်ချင်တဲ့ ဘုန်းကြီး"
**********************************
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က...
ဟို - အမေရိကန်မှာ သာသနာပြုနေတဲ့
သိရီလင်္ကာက ဆရာတော်တစ်ပါး -။
မြန်မာပြည်ရောက်လာလို့ -။
ဦးဇင်းတို့ကျောင်း ရောက်လာတယ်။
သာသနာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့
ရောက်လာကြ - ။
သူက ဘာပြောသလဲ ။
အရှင်ဘုရားကို အမေရိကန်ကို ပင့်ချင်တာတဲ့ -
ဟာ - တပည့်တော် မလိုက်ချင်ဘူးလေ၊ အရှင်ဘုရား သာသနာပြုပေါ့၊
ဟာ- သာသနာပြု အရှင်ဘုရားလို ပြုမှ
ပိုအရာရောက်မှာ ။ ကြွပါ။
ဟင် မကြွချင်ပါဘူးဘုရား တပည့်တော်၊
အရှင်ဘုရားပဲ သာသနာပြုပါ၊
စရိတ်ခံပါမယ်၊
စရိတ်ခံလည်း - မလိုက်ချင်ပါဘူးဗျာ။
ဟာ - အရှင်ဘုရား နိုင်ငံခြားမှာ
အထူးအဆန်းတွေ ပေါတယ်နော်၊တဲ့။
အမေရိကန်လို နေရာမျိုးမှာ
အထူးအဆန်းတွေ တကယ်ပေါတာ။
အဲဒီအထူးအဆန်းတွေ ကြည့်ရတာပေါ့
လေ့လာရတာပေါ့။ တဲ့ ။
အရှင်ဘုရား .... ( ဒီကပြောရတာ၊)
အရှင်ဘုရား - လူလုပ်လို့ဖြစ်တဲ့
အထူးအဆန်းတွေထဲမှာ. ...
တရားလောက် ထူးဆန်းတာ
ဘာမှမရှိဘူး ဘုရား။
တရား ဆိုတဲ့ ဓမ္မကလည်း -
တပည့်တော်တို့ ဟောဒီမြေပေါ်မှာ
ဘယ်တိုင်းပြည်နဲ့မှ ယှဥ်လို့မရ ။
အပြည့်အစုံရှိတယ် ဘုရာ့။
ဓမ္မနည်းလမ်းက - ဒီမြန်မာ့မြေပေါ်မှာ
ပရိယတ္တိစာသင်တိုက်ကြီးတွေရဲ့ ကျေးဇူးကြောင့် -
ဆရာဒကာ - ညီညာပေါင်းစု ချီးမြှောက်မှုကြောင့်
အပြည့်အဝ အတိအကျ အခိုင်အမာ ရှိတယ်ဘုရား။
အဲဒါကို နည်းမှီပြီးတော့...
ခန္ဓာအသုံးချ- ဖြည့်ကျင့်ကြိုးစား အားထုတ်လိုက်ရင်
လူ့စွမ်းအားတွေ ထူးထူးဆန်းဆန်းတွေ ပေါ်တယ်။
တရားလောက် ထူးဆန်းတာ
ဘာမှ မရှိဘူးဘုရာ့၊
အထူးအဆန်းပဲ ကြည့်ချင်တယ်
လေ့လာချင်တယ်ဆို
တပည့်တော်တို့ မြေပေါ်ကြွရုံပဲဘုရား၊
ဒီမြေပေါ်မှာ အပြည့်အစုံ ရှိတယ်-ဘုရား။
ဒိပြင် လူလုပ်လို့ဖြစ်တဲ့ -အထူးအဆန်းတွေဟာ -
အရှင်ဘုရားသိပြီးသားပဲ။
အကုန်အနိစ္စပဲ မဟုတ်လားဘုရား၊
အကုန်ဒုက္ခတွေပဲ မဟုတ်လား၊
အကုန် အနတ္တတွေ မဟုတ်လား။
ခန္ဓာမှာ အထူးအဆန်းဆုံး
အချိန်မရွေး ထုတ်လို့ရတဲ့ ထူးထူးဆန်းဆန်းပဲ
တွေ့ချင်တယ် ဆိုရင်တော့
ဒီမြေမှာပဲ နေရုံပါပဲဘုရား ... ဆိုတော့
သူက ဟုတ်တော့ ဟုတ်ပါတယ်လေ -တဲ့
ဒါပေမယ့်... ဗဟုသုတတော့ ...
ဒေသန္တရ ဗဟုသုတော့ လိုက်ပါအုန်းတဲ့၊
ဒေသန္တရ ဗဟုသုတလည်း မလိုချင်ဘူးဘုရား။
အရှင်ဘုရားလည်း သိပြီးသားပဲ၊
ဓမ္မဆိုတဲ့နည်းနဲ့ - ဒီခန္ဓာ ခြေဆုံးခေါင်းဆုံး-
လေးငါးခြောက်ခေါက်လောက် လှည့်လိုက်တာနဲ့
အကုန် အကြောင်းသိပါပြီဘုရား၊
အကုန်လုံး ရုပ်နဲ့နာမ်ပဲ ရှိတာပဲ၊ ခန္ဓာပဲ ရှိတာပဲ -
ဒါတွေလည်း ဘယ်ဟာမှ ခိုင်မြဲတာတစ်ခုမှ မရှိ၊
အားလုံးဟာ - နောက်ဆုံး ဆင်းရဲ အစုကြီးပဲ၊
ကိုယ့်အလို တချက်ကမှ မလိုက်၊
ကိုယ့်ခန္ဓာလေ့လာလိုက်ရင် ဒိပြင် ဟာတွေလည်း
အကုန်လေ့လာပြီးသား ဖြစ်ပါတယ်။
တော်ပြီဘုရား တော်ပြီ -ဘုရာ့
မလိုက်ချင်ဘူးဘုရား။
သူက မှတ်ချက်ချတယ်၊
မလည်ချင်တဲ့ ဘုန်းကြီး ဒီတစ်ပါး တွေ့ဖူးတယ်နဲ့
သူကပြောတယ်။
ပြောလိုတာက အထူးအဆန်းကို ပြောတာပါ။
သူက အထူးအဆန်းတွေ ပေါတဲ့ကြောင့်
လေ့လာပါတဲ့။
ဟာ ထူးဆန်းလို့သာ လေ့လာရင်တော့
တပည့်တော်တို့ မြေပေါ်မှာ
အထူးအဆန်း အပေါဆုံး နေရာဘုရား ။
လူလုပ်လို့ ဖြစ်တဲ့ အထူးအဆန်းထဲမှာ
တရားသာ အထူးဆန်းဆုံးပါ။
အဆိုးကိုလည်း တကယ်နိုင်တာ ဘုရား။
အကောင်းတွေ ပိုင်ဖို့
ဟိုမဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအထိ အားလုံးတာဝန်ယူတယ်ဘုရား။
ဒီတော့ အကောင်းတွေနဲ့ ပြည့်စုံတဲ့ နေရာပါ။
ရှိပါတယ်ဘုရား၊ အထူး အဆန်းတွေလို့ ပြောရတယ်ဗျ။
သူကပဲ လက်မြောက်သွားပါတယ်။
🙏တိပိဋက ယော ဆရာတော်ဘုရားကြီး 🙏
၃၁-၁၂-၂၀၀၇၊
စိန်တစ်လုံးတရား
ကျန်စစ်သားလမ်း၊အမှတ် ၁၈ ရပ်ကွက်။
(အသံဖိုင်မှ စာစီပူဇော်ပါသည်။
ဒေါ်ညွန့် ပခုက္ကူ)
No comments:
Post a Comment