စိတ်ထားမြင့်လေ စိတ်ချမ်းသာလေ
*****************************
စိတ်နေသဘောထား မြင့်တဲ့သူတွေဟာ
စိတ်ပိုချမ်းသာတာ တွေ့ရတယ်။
ကိုယ့်စိတ်ထားကို ဘယ်လိုမြှင့်မလဲ။
အဲဒါကို အမြဲလေ့လာ လေ့ကျင့်နေပါ။
စိတ်ထားမြင့်လေ
စိတ်ချမ်းသာလေ ဖြစ်မယ်။
Living Standard မြင့်ရုံနဲ့
စိတ်မချမ်းသာသေးဘူး။
Level of Being မြင့်မှ
စိတ်ချမ်းသာမယ်။
အချိန်ရတိုင်း တရားထိုင်ပါ။
ငါးမိနစ်ရရ ထိုင်ပါ။
စိတ်ထားကောင်းတဲ့သူ
အသိအမြင် မှန်တဲ့သူနဲ့
စကားပြောပါ။ ဆွေးနွေးပါ။
စိတ်ချမ်းသာနေတဲ့သူတွေနဲ့ ပေါင်းပါ။
စိတ်ချမ်းသာတဲ့သူမှာ
အခက်အခဲတွေ ပြဿနာတွေ
မရှိတာ မဟုတ်ဘူး။
သူတို့ဟာ
ပြဿနာကို အခက်အခဲကို
စိတ်ဆင်းရဲတဲ့နည်းနဲ့ မဖြေရှင်းဘူး။
ရယ်တာဟာ
အကောင်းဆုံးဆေးလို့ ဆိုကြတယ်။
ဆေးဆိုတာ
မကျန်းမာတဲ့ ခန္ဓာကိုယ်ကို
ကျန်းမာအောင် လုပ်ပေးတယ်။
အားရှိအောင် လုပ်ပေးတယ်။
ဒါကြောင့်
အဆင်မပြေတာ
တစ်ခုခု ရှိနေတဲ့အခါမှာ
ရယ်နိုင်ဖို့ လိုတယ်။
အဆင်မပြေတာတစ်ခုခု
ရှိနေတဲ့အခါမှာ ရယ်နိုင်တာဟာ
စိတ်ဓာတ်အင်အားကြီးတဲ့
လက္ခဏာ ဖြစ်ပါတယ်။
စိတ်ဓာတ်အားနည်းတဲ့သူဟာ
နည်းနည်းလေး အဆင်မပြေတာ
တစ်ခုခုရှိနေရင်
မရယ်နိုင် မပြုံးနိုင်တော့ဘူး။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူက
ပိုပြီး အောင်မြင်တယ်။ လိုချင်တာရဖို့
အလားအလာ ပိုများတယ်။
သံလိုက်ဟာ သံကို ဆွဲငင်နိုင်သလို
စိတ်ချမ်းသာမှုဟာ အောင်မြင်မှုကို
ဆွဲငင်နိုင်တယ်။
စိတ်ချမ်းသာမှုဟာ စိတ်တွင်း
အခြေအနေဖြစ်တယ်။
စိတ်ချမ်းသာနေတာဟာ အကောင်းဆုံး
စိတ်အခြေအနေ ဖြစ်တယ်။
အဲဒီစိတ်အခြေအနေမှာ
ဉာဏ်အကောင်းဆုံး အကောင်းဆုံး
စိတ်ကူးတွေ ထွက်တယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ
သတိကောင်းတယ်။ စိတ်ဟာ
ပစ္စုပ္ပန်မှာ ရှိတယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ
ကျန်းမာရေး ကောင်းတယ်။
စိတ်ချမ်းသာနေတာဟာ
ကျန်းမာရေးကို ပိုကောင်းစေတယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ
ဘာပဲလုပ်လုပ် ပိုပြီးအဆင်ပြေတယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ
စိတ်ကောင်း ရှိတယ်။
စိတ်ချမ်းသာနေတာဟာ
ကိုယ့်ရဲ့ ပင်ကိုယ်စိတ်အခြေအနေ
ဖြစ်နေရမယ်။
မနက်နိုးလာတာနဲ့
ဘာအကြောင်းပြစရာမှ မလိုဘဲ
စိတ်ချမ်းသာနေတဲ့သူ ဖြစ်ရမယ်။
အဲဒီ စိတ်ချမ်းသာမှုကိုလည်း
ဘယ်လိုအကြောင်းကိစ္စကမှ
မဖျက်ဆီးနိုင်ရဘူး။
စိတ်ချမ်းသာချင်တယ်ဆိုရင်
ဘယ်လိုကိစ္စပေါ်မှာမှ မမှီပါနဲ့။
ကိုယ်မှီထားတဲ့ အရာက လှုပ်ရင်
ကိုယ်ပါ လှုပ်နေမယ်။
လူတွေကို သဘောထားမှန်မှန်နဲ့
ဆက်ဆံနိုင်ရင်၊ လောကကြီးကို
အမြင်မှန်ရင် စိတ်ချမ်းသာမယ်။
နှစ်ခုလုံးဟာ ကိုယ့်အပေါ်မှာပဲ
မူတည်တယ်။
အဲဒီလိုဆိုတော့ စိတ်ချမ်းသာမှုဟာ
ကိုယ့် အပေါ်မှာပဲ မူတည်တယ်လို့
ဆိုရာရောက်တယ်။
ဒီနေ့ အားလုံးဟာ
ကိုယ်မျှော်လင့်သလို
ဖြစ်မယ်လို့ မပြောနိုင်ဘူး။
ဒါပေမဲ့
ဘာပဲဖြစ်လာဖြစ်လာ
အကောင်းဆုံး ဖြစ်အောင် လုပ်ပြီး
စိတ်ချမ်းသာအောင် နေမယ်လို့တော့
ပြောချင်ရင် ရတယ်။
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
No comments:
Post a Comment