စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 26, 2022

ကျန်ရှိနေသေးတဲ့သက်တမ်းကိုဘယ်လိုနေမလဲ

 ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ᠌᠌᠌
🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁🌹🍁

   လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်မလဲ။ 

   ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှု,  အခြံအရံ...  ဒါတွေအားလုံးနဲ့ မဆိုင်ပါဘူး..။

    ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။ ᠌᠌᠌ ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ရုံပါပဲ။

    မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲသွားလိုက်ပါ။
ပြီးတော့... ငါးပါးသီလ ယူလိုက်ပါ။
ဒါဆို သီလသိက္ခာတည်သွားပါပြီ။
နောက်.. ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။
နောက်ဆက်ပြီး.. ဝိပဿနာကို
ငါးမိနစ် ပွားလိုက်ပါ။
ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။ ᠌᠌᠌

   သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ပြီးတော့..”  ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပဲ.. ᠌᠌᠌ လို့ အသံထွက်ပြီး သုံးကြိမ်လောက်ရွတ်လိုက်ပါ။
နေ့ခင်းဘက် တစ်ကြိမ်၊ ညဘက်တစ်ကြိမ် အသံထွက်ပြီး ရွတ်... ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။

    ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်လာတာနဲ့ ကိုယ့်ရဲ့စိတ် ပါဝါစွမ်းအားတွေလည်း အလိုလို ရောက်လာတာပါ။ တရားသံနဲ့ပြောရင် ကိုယ့်ကိုယ်ကို  ကြည်ညိုလာတာပါ။ ᠌᠌᠌ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ 
**** သူတစ်ပါး ကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က အဓိကပါ။ ᠌᠌᠌

   အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မထွက်ပါနဲ့။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ကိုသုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့စိတ်ဓာတ် တက်ကြွမှုကို ကူညိပါလိမ့်မယ်။

   တစ်ခါတစ်လေ အဆင်မပြေမှုတွေနဲ့ ကြုံတဲ့အခါပဲဖြစ်ဖြစ်...
   လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်တွေဝင်လာရင်  ကိုယ့်ရင်ထဲကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့ ကိုယ်ဟာ တန်ဘိုးရှိတဲ့သူ တစ်ယောက်ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာမလိုတော့ပါဘူး..။ ᠌᠌᠌

   တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး..၊ ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်..၊
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   ကိုယ့်မှာ အခြံအရံ အသိုင်းအဝိုင်း မရှိဘူး..
ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။

   ကိုယ့်မှာ မအောင်မြင်ဘူး...
   ကိုယ့်မှာ ကားမရှိဘူး...
   ကိုယ့်မှာ မကျန်းမာဘူး...
   ကိုယ့်မှာ ငွေကြေးမချမ်းသာဘူး..
ဘာဖြစ်လဲ... ကိုယ့်မှာ သိက္ခာသုံးပါး ရှိနေတာပဲ။
လူတစ်ယောက်ရဲ့တန်ဖိုးကို အခြံအရံ အသိုင်းအဝိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ.. ။ သိက္ခာသုံးပါးနဲ့ပဲ ဆုံးဖြတ်တာပါ..။

   အလုပ်သွားတဲ့အခါ၊
   အလုပ်နားတဲ့အခါ.. 
နောက်ဆုံး အိမ်သာတက်ရင်လည်း ဂုဏ်တော်လေးကို ပွားနေမယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ  သမာဓိသိက္ခာ ᠌᠌᠌တွေ ဖြစ်နေတာပါ။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း  ပညာသိက္ခာ  ᠌᠌᠌တွေ တည်နေတာပါ။

   *** ” ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ..”᠌᠌᠌ ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲကို သေချာထည့်ထားရမှာပါ။ ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့အချိန်တွေကို သတိလေးကပ်ပြီး သိက္ခာသုံးပါးနဲ့ နေသွားယုံပါပဲ..။

   ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇာတ်တော်တစ်ခုကို အကျဉ်းချုပ် ပြောပြပါဦးမယ်..။

   တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြာဿဒ်ထက် တိုက်ခန်းမှာ နေနေစဉ်.. လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ မင်းသမီးလေးအနားချည်းကပ်၍..
   ” မင်းသမီး.. တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ..”
မင်းသမီးလဲ အထိတ်တလန့် ဖြစ်သွားပြီး
   ” သင် ဘယ်လိုလုပ် တက်လာတာလဲ”
လို့ပြန်မေးလိုက်တယ်။
ထိုအခါ လုလင်က..
   ”ငါဟာ နတ်သားတစ်ပါးဖြစ်တယ်။ ငါ့အတွက် ဒီကိုလာဖို့ မခက်ပါဘူး။ သင်ကငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့ ရွှေအပြည့်ပေးပါ့မယ်..” 
လို့ ပြန်ပြောပါတယ်။

   ဒီတော့ မင်းသမိးလေးက..
   ” သင့်ဟာသင် နတ်သားမကလို့ ဘာပဲဖြစ်နေဖြစ်နေ.. ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့..” လို့ နှင်လွှတ်လိုက်တယ်။

   ဒုတိယညလဲ လုလင်ပျိုနတ်သားဟာ ငွေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်တယ်..

   တတိယညကျတော့ လုလင်ပျိုနတ်သားဟာ ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုပြန်လာပြန်တယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပြီ။
ပထမရက်မှာ.. ရွှေခွက်နဲ့ ရွှေအပြည့်
ဒုတိယရက်မှာ.. ငွေခွက်နဲ့ ရွှေအပြည့်..
တတိယရက်မှာ.. ကြေးခွက်နဲ့ ရွှေအပြည့်..
ဆိုတော့ အထူးအဆန်းဖြစ်နေတယ်။ ဒါကြောင့် မင်းသမီးဟာ လုလင်ပျိုနတ်သားကို မေးကြည့်တယ်..
   
   ” အသင် ယောက်ျား.. ယောက်ျားဟာ မိန်းကလေးကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ အခု သင်က ဘာဖြစ်လို့ တစ်နေ့ထက် တစ်နေ့ လျှော့လျှော့ပေးရတာလဲ.. ” လို့ မေးပါတယ်။

   ဒီတော့ လုလင်ပျိုနတ်သားက..
   ” မင်းသမီးရယ်.. သင့်ရဲ့အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ တိုးတိုးပျို ပျို လာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးရမှာပေါ့.. ။အခု သင့်ရဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ လျော့လျော့ အိုအိုလာတာပဲ... ဒါကြောင့် ငါက ပစ္စည်းကို လျော့လျော့ပေးတာပါ...
တစ်နေ့ တစ်ညကုန်လွန်တာကို ထားပါအုံး.. အခု ငါ ကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည်အဆင်းတွေက တဖြုတ်ဖြုတ်နဲ့ အို... အိုလာနေပြီလေ.. တစ်နေ့ထက် တစ်နေ့ ပျိုပျိုလာတာမှမဟုတ်တာ..” လို့ ရှင်းပြလိုက်ပါတယ်။

  တကယ်တော့ လုလင်ပျိုနတ်သားဟာ အတိတ်ဘဝက မင်းသမီးလေးရဲ့ ခင်ပွန်းဟောင်းဖြစ်ပြီး.. လူ့ပြည်မှာကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး တရားဟောပြတာဖြစ်ပါတယ်။ 

  တစ်ရက်ပြီးတစ်ရက် တိုးတိုးပြိး အိုလာတဲ့ ဒီတရားသဘောကို အခြေခံပြိး.ဆရာတော် ဘုရားတွေက..
 တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီူလာပြီ ᠌᠌᠌လို့ သတိပေးထားပါတယ်။

   နံနက်အိပ်ယာနိုးလာတာနဲ့ မထသေးဘဲ
 တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်ရက်နီးလာပြီ ᠌᠌᠌.. 
လို့ သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။
ငယ်ရွယ်သေးတဲ့အချိန်ကတည်းက ပါရမီတွေဖြည့်ဖို့.. ကုသိုလ်တွေစုဆောင်းထားဖို့ အခွင့်အရေးရက်တွေမှာ သေချာအားထုတ် ကြိုးစားထားကြရမှာဖြစ်တယ်။

   ဘယ်အသက်အရွယ်ပဲ ရောက်နေ ရောက်နေ.. 
**  ကျန်ရှိနေသေးတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ.. ** ᠌᠌᠌ ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေသေးတဲ့ သက်တမ်းအတွက် #ဘဝပုံစံ ကို သေချာချရမှာပါ။ နောက်ပြီး ကိုယ်ချထားတဲ့ #ဘဝပုံစံလေးအတိုင်းပဲနေသွားကြဖို့ပါပဲ။

   ဘာပဲဖြစ်နေဖြစ်နေ ဘာမှ အားငယ်စရာမလိုပါဘူး ။ ကိုယ့်ရင်ထဲမှာ
 သိက္ခာသုံးပါး တည်နေရင်.. ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။ ᠌᠌᠌

စာကြွင်း.. ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်သူက လက်တွေ့ကျင့်သုံးသွားမယ်ဆိုရင် စာရေးသူအတွက် ရေးရကျိုးနပ်သွားပါပြီ။
#((နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ))
✏✏✏ရဝေနွယ် (အင်းမ)
              အလင်းတန်းဂျာနယ်
              ၃၁. ၈. ၂၀၀၉   

   https://www.facebook.com/DhammaSarpay/
**** မြတ်ပါရမီ
           မြတ်ဗုဒ္ဓ၏သာသနာ page
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ လှူဒါန်းပူဇော်ပါသည်။

စာချစ်သူ ဓမ္မမိတ်ဆွေအပေါင်း ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် ပြည့်စုံသော ငြိမ်းချမ်းသည့် ဘဝပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပါ၏။
🍁🌺🍁🌺🌹🌻🌺🍁🌹🌺🍁🌹🌺🍁

No comments:

Post a Comment