မိတ်ဆွေတု
*********
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု လေးယောက်တို့မှာ..
၁. အညဒတ္ထုဟရ မိတ်ဆွေတု
၂. ဝစီပရမ မိတ်ဆွေတု
၃. အနုပ္ပိယဘာဏီ မိတ်ဆွေတု
၎. အပါယသဟာယ မိတ်ဆွေတု တို့ဖြစ်၏။
( ၁ )အညဒတ္ထုဟရ မိတ်ဆွေတု
***********************
ယူသာယူတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေကို လေးပါးသောအကြောင်းတို့ဖြင့် သိအပ်၏။
၁. ယူသာ ယူတတ်၏။
၂. နည်းသောဥစ္စာကို ပေးခြင်းဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏။
၃. မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏။
၎. အကျိုးစီးပွား ရလိုသောကြောင့် ဆည်းကပ်၏။
ဤလေးပါးသည် အကြောင်းတို့ဖြင့် စင်စစ် ယူသာယူတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဆောင်ပုဒ်..
•••••••••••
လက်ချည်းလာ၍ ၊
ဥစ္စာဆောင်သယ်၊
နည်းငယ်ဖြင့်သာ၊
များစွာလိုရှိ
ဘေးထိရောက်ခါ
ပြုပါတုံဘိ
မိမိအကျိုးငှါ
မှီလာပေါင်းယှဉ်
လေးယောက်စဉ်ကား
အညဒတ္ထုဟရတည်း။
××××××××××××××××××
( ၂ ) ဝစီပရမ မိတ်ဆွေတု
*******************
နှုတ်ဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို လေးပါးသောအကြောင်းတို့ဖြင့် သိအပ်၏။
၁. လွန်ပြီးသော အကြောင်းအရာနှင့် ချီးမြှောက်၏။
၂. မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
၃. အချည်းနှီး လောကွတ်မျှဖြင့် ချီးမြှောက်၏။
၎. ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာ ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
][[[ မနှစ်က ခင်ဗျား မလာဘူးဗျာ၊ ကျုပ်တို့မှာ အလုပ်အကိုင် သိပ်ပြေလည်တယ် စသည်ဖြင့် လွန်ပြီးသည့်အကြောင်းအရာဖြင့် ချီးမြှောက်၏။
ရှေ့လလောက်မှာ ကောက်စပါး ပေါ်ပါလိမ့်မယ်၊ ခင်ဗျားလာခဲ့ပါ စသည်ဖြင့် မဖြစ်သေးသည့် အကြောင်းအရာဖြင့် ချီးမြှောက်၏။
ကားလေးတစ်ခါလောက်ကူညီပါဟု တောင်းခံလာသောအခါ .. " ကားပျက်နေတယ်.."" ဟု ဖြစ်ဆဲ ပစ္စုန်ပ္ပန်ကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏။ ]][[[
ဆောင်ပုဒ်
•••••••••••
ရှေ့ဖြင့် စေ့စပ်
တထပ်နောက်မှီး
ချည်းနှီးသဂြို ဟ်
ပေးလို စဟန်
ပစ္စုန်ပ္ပန်မှု
ပြညွန်ပျက်ပြား
ဤလေးပါးကား မှတ်သား ဝစီပရမတည်း။
×××××××××××××××××
( ၃ ) အနုပ္ပိယဘာဏီ မိတ်ဆွေတု
**********************
အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
၁. ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏။
၂. ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
၃. ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏။
၎. ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကို ဆို၏။
ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကိုလိုက်၍ ပြောတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဆောင်ပုဒ်
••••••••••
မကောင်းခွင့်ပြု
ကောင်းမှုကိုလျှင်
ဆင်ခြင်မရှု
ခွင့်ပြုသည်ပင်
ရှေ့တွင်ချီးမွမ်း
ဖုံးလွှမ်းကွယ်လျှင်
ကဲ့ရဲ့မြင်သည်........ လေးအင် ပိယဘာဏီတည်း။
××××××××××××××××××
( ၄ ) အပါယသဟာယ မိတ်ဆွေတု
*********************
ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
၁. သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်၏။
၂. အခါမဲ့ခရီးသွားခြင်း၌ အပေါင်းအဖော်ဖြစ်၏။
၃. ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော်ဖြစ်၏။
၎. လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
ဆောင်ပုဒ်
•••••••••••
သောက်ထုတ်သေရည်
ညဥ့်နက်လမ်းသွား
ရှုစားသဘင်
ပျော်ရွှင်အန်စာ
လေးရပ်မှာပင်
တကွထင်သည်
လေးအင်အပါယ်သဟဲတည်း..။
✏ ဆရာတော်ဦးဗုဓ်
No comments:
Post a Comment