ရှေ့တရားနှင့်နောက်တရား မည်သို့ဆက်စပ်သနည်း..
*******************************
အရှင်နာဂသေနဘုရား တစ်စုံတစ်ယောက်သောသူသည် ပဋိသန္ဓေ တည်နေလာ၏။ ထိုသူသည် ရှေးဘဝကသူပင် ဖြစ်သလော..။ သို့မဟုတ် အခြားသူပင်ြ့ဖစ်ပါသလော.. ""
•• မင်းမြတ်.. ရှေးဘဝကသူလည်းမဟုတ်၊ အခြားသူလည်းမဟုတ်ပေ..••
""အရှင်ဘုရား ဥပမာပြုတော်မူပါဦး ""
•• မင်းမြတ် ရှေးယခင်က သင်မင်းမြတ်သည် ပက်လက်မျှသာအိပ်တတ်သေးသော ကလေးငယ် ဖြစ်ခဲ့၏။ ယခုလူကြီးဖြစ်လာသော သင်မင်းမြတ်သည် ထိုကလေးငယ်ပင် ဖြစ်ပါသလော..••
""အရှင်ဘုရား.. ထိုကလေးငယ်သည် တခြားဖြစ်၍ ယခုလူကြီးဖြစ်လာသော တပည့်တော်ကား တခြားဖြစ်ပါသည်။
••မင်းမြတ်၊ ဤသို့ဖြစ်လျှင် အမိအဖ၊ ဆရာသမား၊ အတတ်ပညာ တတ်ကျွမ်းသူ ၊ သီလရှိသူ၊ ပညာရှိသူဟူ၍ ရှိနိုင်ကြတော့မည်မဟုတ်ပေ။
မင်းမြတ်.. အသို့ပေနည်း။ ကလကရေကြည် တည်စဉ်က အမိသည် အခြားတစ်ယောက်ဖြစ်ကာ အမြှုပ်ဖြစ်စဉ်က အမိသည် အခြားတစ်ယောက် ဖြစ်လေသလော..။••
"" အရှင်ဘုရား.. ဤသို့မဟုတ်ပါ။""
•• သားတစ်ဖြစ်စဉ် ၊ အတုံးအခဲ ဖြစ်စဉ် ၊ သူငယ်ဖြစ်စဉ်၊ လူကြီးဖြစ်စဉ် အခါများနှင့် ပတ်သက်၍လည်း ဤသို့ပင် မေးဖြေကြ၏။
အခြားတစ်ယောက်သည် အတတ်ပညာ သင်ယူ၍ အခြားတစ်ယောက်က အတတ်ပညာ တတ်မြောက်နေပါသလော..••
"" အရှင်ဘုရား ဤသို့မဟုတ်ပါ ""
••အခြားတစ်ယောက်က မကောင်းမှုကို ကျူးလွန်၍ အခြားတစ်ယောက်က လက်ဖြတ် ခြေဖြတ်ခံရပါသလော..••
""အရှင်ဘုရား ဤသို့မဟုတ်ပါ ။
ဤပြဿနာအတိုင်း အခြားသူက အရှင်ဘုရားအား မေးမြန်ကြပါလျှင် အရှင်ဘုရားက မည်သို့ ဖြေကြားပါမည်နည်း။
•• မင်းမြတ် ၊ ငါသည် ပက်လက်မျှသာ အိပ်တတ်သေးသော ကလေးငယ် ဖြစ်ခဲ့ပြီးလျှင် ယခုအခါ ကြီးရင့်လာ၏။ ဤကိုယ်ခန္ဓာကိုယ်ကို အမှီပြု၍သာလျှင် အရွယ်သုံးပါးလုံးကို သိမ်းကျုံး၍ ရထားပေ၏။ ••
""အရှင်ဘုရား.. ထပ်မံ၍ ဥပမာပြုတော်မူပါဦး..""
•• မင်းမြတ် တစ်စုံတစ်ယောက်သောသူသည် မီးတိုင်ကို ထွန်းညှိပေးပါ၊။ ထိုမီးတိုင်သည် တစ်ညဥ့်ပတ်လုံး ထွန်းလင်းပါမည်လော.. ••
""အရှင်ဘုရား၊ ထွန်းလင်းပါလိမ့်မည်။ ""
•• မင်းမြတ် ၊ အသို့ပါနည်း။ သန်းခေါင်ယံမှ မီးတောက်သည် ညဥ့်ဦးယံမှ မီးတောက်ပေလော ••
"" အရှင်ဘုရား.. မဟုတ်ပါ။""
•• မိုးသောက်ယံမှ မီးတောက်သည် သန်းခေါင်ယံမှမီးတောက်ပေလော ••
""မဟုတ်ပါအရှင်ဘုရား ""
•• သန်းခေါင်ယံမှမီးတောက်သည် တခြားဖြစ်၍ မိုးသောက်ယံမှ မီးတောက်သည် တခြားပေလော ••
"" မဟုတ်ပါအရှင်ဘုရား.. ညဥ့်ဦးယံ၌ ရှိနေခဲ့သော မီးတောက်ကို အမှီပြု၍သာလျှင် တစ်ညလုံး ထွန်းလင်းနေခြင်းဖြစ်ပါသည်။ ""
•• မင်းမြတ် .. ဤအတူသာပင် ဖြစ်ပေါ်လာသော တရားတို့သည် ရှေ့တရားနှင့် နောက်တရား ဆက်စပ်နေကြကုန်၏။ တရားတစ်ခုသည် ဖြစ်ပေါ်၍ တရားတစ်ခုသည် ချုပ်ပျောက်၏။ မရှေးမနှောင်း တစ်ပြိုင်နက် ဖြစ်ပေါ်နေသကဲ့သို့ ရှေးတရားနှင့် နောက်တရား ဆက်စပ်နေ၏။ ထို့ကြောင့်ပင် ရှေးဘဝကသူလည်း မဟုတ်။
ရှေးဘဝကသူမှတစ်ပါး အခြားသူလည်း မဟုတ်။
ရှေးဘဝနှင့် နောက်ဘဝမှ စိတ်ဝိညာဉ်သည် တစ်ပေါင်းတည်း ဆက်စပ်နေပေ၏။ ..••
"" အရှင်ဘုရား.. သင့်လျော်လှပါပေ၏ ""
[[ ကျမ်းရင်း၌ နို့ရည်မှ နို့ဓမ်းဖြစ်လာပုံကိုလည်း ဥပမာပြုသေး၏။ ]]
❆ မိလိန္ဒပဥှာ❆
မာဏဝပြုစုသည်။
စာရေးသူ၏ဆုတောင်း..
´´´´´´´´´´´´´´´´´´´´´´´´´
ဤကောင်းမှု့ကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရောက်ရပါလို၏အရှင်ဘုရား။
No comments:
Post a Comment