တရားအားထုတ်လျှင် စိတ်စင်ကြယ်
~~~~~~~~~~~~~~~~~
တရားအားထုတ်ရင် စိတ်ကြည်လင်တယ်။ အေးချမ်းလာတယ်။ အသိဉာဏ်တွေ သန့်ရှင်းလာတယ်။ မလုပ်သင့်တာတွေ မလုပ်ဖြစ်ဘူး။
အမှားအယွင်းနည်းသွားတယ်ဆိုရင်ပဲ စိတ်ချမ်းသာ လာတယ်။ လူတွေမှာ စိတ်ဆင်းရဲမှုဖြစ်ရတာဟာ အမှားအယွင်းကြောင့်ပါ။ ကိုယ့်အမှားရဲ့ဒဏ်ချက်ကို ကိုယ်ပြန်ခံရတာပဲ။
တရားအားထုတ်တဲ့အခါမှာ၊ စိတ်အင်မတန် ကြည်လင်လာတဲ့အခါမှာ ဘယ်စကားက ပြောသင့်တယ်။ ဘယ်စကားကတော့ မပြောသင့်ဘူး။ ဘယ်ကိစ္စက လုပ်သင့်တယ်။ ဘယ်ကိစ္စက မလုပ်သင့်ဘူး။ ဒါတင်မကဘူး၊ ဘယ်အဝတ်အစားက ဝတ်သင့်တယ်၊ ဘယ်အဝတ်အစားက မဝတ်သင့်ဘူး သိလာတယ်။ ဘယ်အစားက စားသင့်တယ်၊ ဘယ်အစာမျိုးက မစားသင့်ဘူး။ ဒါတွေကိုပါ သိလာတယ်။
ကိုယ့်စိတ်ကို ပြန်ကြည့်တတ်လာတဲ့ သူဆိုရင် စိတ်ထဲမှာ ပေါ်နေတဲ့ အတွေးတွေကို ကြည့်ပြီးတော့ ဘယ်အတွေးကတော့ လောဘပဲ၊ ဘယ်အတွေးကတော့ ဒေါသပဲ၊ ဒီအတွေးတွေကတော့ မာနပဲ၊ ဒါကတော့ ဣဿာမစ္ဆရိယပဲလို့ ပိုင်းပိုင်းခြားခြား သိလာတယ်။ သူတို့ကို မြင်လာရင် သူတို့ရဲ့ လွှမ်းမိုးမှုနောက်ကို ပါမသွားဘူး၊ ပါမသွားတာကိုက လွတ်လပ်မှု တမျိုးပဲ။
လောဘနှင့် ဆုံးဖြတ်ပြီး မလုပ်ဘူး။ လောဘရဲ့ ဆွဲအား၊ လောဘရဲ့ လှည့်စားမှုနှင့် မလုပ်သင့်တာကို မလုပ်ဖြစ်ဘူး။ ဒေါသရဲ့ တွန်းအား၊ ဒေါသရဲ့ ဖျက်ဆီးချင်တဲ့ သဘောနောက်လိုက်ပြီး ဖျက်ဆီးချင်တာကို မလုပ်ဖြစ်ဘူး။
မာနရဲ့ လှုံ့ဆော်မှုကြောင့်၊ ငါမှ ငါဆိုတဲ့ ဣဿာမစ္ဆရိယကြောင့် မနာလိုလို့ သူတစ်ပါး ကြီးပွားတာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ဖြစ်စေ ပျက်စီးအောင် မလုပ်ဖြစ်တော့ဘူး။ မလုပ်ဖြစ်တဲ့အတွက် စိတ်ချမ်းသာမှုရတယ်။
သူ အဲဒီလို နေလိုက်တဲ့အတွက်ကြောင့် ကြာလာရင် ပတ်ဝန်းကျင်က လူတွေဟာ သူ့ကိုသိလာတယ်၊ ဒီလူဟာ တော်တော် အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနေတဲ့လူ၊ အေးအေးချမ်းချမ်း လုပ်တဲ့လူ၊ မဟုတ်တာမမှန်တာ မလုပ်ဘူး၊ စဉ်းစဉ်းစားစား လုပ်တဲ့လူဆိုပြီးတော့ သူ့အပေါ်မှာ ပိုပြီး ချစ်ခင်လာတယ်။ ကြည်ညိုလာတယ်။ လေးစားလာတယ်။ အားကိုးမှု ရလာတယ်။ အဲဒီတော့ ပတ်ဝန်းကျင်ရဲ့ ချစ်ခင်မှု၊ ကြည်ညိုမှု၊ လေးစားမှု၊ အားကိုးမှုရလာတယ်ဆိုရင်ပဲ ဘယ်လောက်အကျိုးများပြီလဲ...။ ။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
No comments:
Post a Comment