ဥာဏ်ရှိသူသည် တွေဝေသေးသလော
〰〰〰〰〰〰〰〰
"" အရှင်နာဂသေနဘုရား ဥာဏ်သည်ပင် ပညာဖြစ်သလော ""
®>> မင်းမြတ် ဥာဏ်သည်ပင် ပညာဖြစ်ပေ၏။ << ®
"" အရှင်ဘုရား ထိုဥာဏ်ပညာ ဖြစ်ပေါ်သူသည် တွေဝေပါသေးသလော။ မတွေဝေတော့ပြီလော..""
®>>မင်းမြတ် .. အချို့သောအရာ၌ တွေဝေရာ၏။ အချို့သောအရာ၌ မတွေဝေပါ။ <<®
"" အရှင်ဘုရား.. အဘယ်အရာ၌ တွေဝေပါသနည်း..""
®>> မင်းမြတ်.. မတတ်ကျွမ်းသေးသော အတတ်ပညာ၌သော်လည်းကောင်း..၊ မရောက်ဖူးသေးသော အရပ်ဒေသ၌သော်လည်းကောင်း ၊ မကြားဖူးသေးသော အမည်ပညတ်၌သော် လည်းကောင်း တွေဝေရာ၏။ <<®
"" အရှင်ဘုရား.. အဘယ်အရာ၌ မတွေဝေပါသနည်း..""
®>> မင်းမြတ်.. ထိုပညာဖြင့်ပြုလုပ်အပ်သော အနိစ္စ၊ ဒုက္ခ ၊ အနတ္တ ဟူသော ဘာဝနာလုပ်ငန်း၌ကား မတွေဝေပါ။ <<®
"" အရှင်ဘုရား.. ထိုဘာဝနာလုပ်ငန်း ပြုလုပ်သော ပညာရှိအား မောဟ ဟူသော တွေဝေခြင်းသည် အဘယ်သို့ရောက်သွားပါသနည်း။ ""
®>> ဥာဏ်ဖြစ်ပေါ်လာကာမျှပင် မောဟသည် ချုပ်ပျောက်သွားပေ၏။ ..<<®
""အရှင်ဘုရား.. ဥပမာပြတော်မူပါဦး..""
®>> မင်းမြတ် .. ယောက်ျားတစ်ယောပ်သည် မိုက်မှောင်နေသော အိမ်ခန်းထဲ၌ ဆီမီးညှိထိန်းလိုက်ရာ၏။ ဆီမီးညှိထွန်းခြင်းကြောင့် အမိုက်မှောင်ချုပ်ပျောက်ကာ အလင်းရောင် တောက်ပလာရာ၏..။ ဤအတူသာပင် ဥာဏ်ဖြစ်ပေါ်လာကာမျှ၌ပင် မောဟသည် ချုပ်ပျောက်သွားပေ၏။ <<®
"" မောဟကို ချုပ်ပျောက်စေသော ပညာသည်ကား အဘယ်သို့ ရောက်သွားပါသနည်း..""
®>> ပညာသည်လည်း မိမိ၏ ပြုဖွယ်ကိစ္စဖြစ်သော သိခြင်းကိစ္စကို ပြုပြင်ပြီးလျှင် ပြုပြီးကာမျှ ထိုခဏမှာပင် ချုပ်ပျောက်သွားပေ၏။ အနိစ္စ၊ ဒုက္ခ ၊ အနတ္တ ဟူသော ဘာဝနာလုပ်ငန်းကား ချုပ်ပျောက်မသွားပေ။ <<®
"" အရှင်ဘုရား ဤစကားကို သိသာထင်ရှားစေရန် ဥပမာပြုတော်မူပါဦး ဘုရား..""
®>> မင်းမြတ်.. ယောက်ျားတစ်ယောက်သည် ညဥ့်အခါတွင် မီးထွန်း၍ စာရေးတစ်ယောက်အား သဝဏ်စာကို ရေးသားစေ၏။ သဝဏ်စာရေးသား၍ ပြီးသွားသောအခါ မီးကိုငြိမ်းစေ၏။ မီးငြိမ်း၍သွားသော်လည်း ရေးသားထားသော သဝဏ်စာကား ပျောက်ကွယ်၍ မသွားပေ။ ဤအတူသာပင် ပညာသည် မိမိ၏ ပြုဖွယ်ကိစ္စဖြစ်သော သီးခြားကိစ္စကို ပြုပြီးကာမျှ ထိုခဏမှာပင် ချုပ်ပျောက်သွားပေ၏။ အနိစ္စ၊ ဒုက္ခ ၊ အနတ္တ ဟူသော ဘာဝနာ လုပ်ငန်းကား ချုပ်ပျောက်မသွားပေ..<<®
"" အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
❆ မိလိန္ဒပဥှာ ❆
မာဏဝ ပြုစုသည်။
No comments:
Post a Comment