စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 31, 2017

အဂ္ဂိရက်ပညာကို ရဟန်းတော်များ လိုက်စားသင့်သလား၊မလိုက်စားသင့်

"နောက်ဆုံးအမေးက အဂ္ဂိရက်ပညာကို ရဟန်းတော်များ လိုက်စားသင့်သလား၊မလိုက်စားသင့်ဘူးလားတဲ့၊ ဟုတ်လား"

          "ဟုတ်ပါတယ်ဘုရား"

          "အဂ္ဂိရတ်ဆိုတာ ဖိုထိုးတဲ့ပညာ၊ မီးကစားတဲ့ပညာပေါ့ကွယ်၊ ဒီပညာဟာ ဘယ်ခေတ် ဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံ သီရိဓမ္မာသောကမင်းလက်ထက်သာသနာတော် ၃၀၀-နှစ်လောက်မှာ သီရိဓမ္မာသောကမင်းကြီးက ဗုဒ္ဓဘာသာကို အားပေးတော့ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ အလွန် လာဘ်လာဘ ပေါများခဲ့တယ်၊ အဲဒီ ခေတ်မှာ ဘုရင်ရဲ့အားပေးခြင်းကို မခံရတဲ့တန္တရ၊ မန္တရ အတတ်ပညာရှင် တိတ္ထိတွေဟာ လာဘ်လာဘအတွက်ကြောင့် သာသနာတော်အတွင်းလှိမ့်ဝင်လာကြတယ်၊အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ဖိုထိုး၊ ဆေးကု၊ ဗေဒင်ဟော၊ ဓာတ်ရိုက်၊ ဓာတ်ဆင် နတ်သွင်းစတဲ့ လောကီတိရစ္ဆာနအတတ်တွေဟာ သူတို့နှင့် အတူ သာသနာတော်အတွင်း ဝင်ရောက်လာကြတယ်၊ နောင်အခါ ဝင်ရောက်လာကြတဲ့တိတ္ထိများရဲ့ အယူဝါဒကို စစ်ဆေးပြီး ဗုဒ္ဓရဲ့ အယူ မဟုတ်တဲ့ အချို့သော ရဟန်းတော်များကိုသာသနာတော်ဟာ အဝတ်ဖြူလဲပြီး နှင်ထုတ်လိုက်သော်လည်း သူတို့ရဲ့ တိရစ္ဆာန်အတတ်တွေဟာ သာသနာတော်အတွင်းမှာယနေ့အထိ တင်ကျန်ရစ်တယ်။

          အဂ္ဂိရတ်အတတ်ဟာလည်း အဲဒီတုန်းက အတတ်တစ်ခုလို့ထင်တယ်ကွယ့်၊ ဒီ ဗေဒင်အတတ်၊ အဂ္ဂိရတ်အတတ်တွေဟာ မဂ်ဖိုလ်မှ ဖီလာဖြစ်လို့ (တိရစ္ဆာနအတတ်)ဆိုသော်လည်းပေါ့ပေါ့အတတ်တွေ မဟုတ်ဘူး၊ အလွန် ခက်ခဲ နက်နဲတဲ့ အတတ်တွေဖြစ်တယ်၊ အဂ္ဂိရတ်ပညာဟာ ဘယ်လောက်ခက်ခဲတယ် နက်နဲတယ် ဆိုတာကို မန်လည်ဆရာတော်ဘုရားက မဃဒေဝလင်္ကာသစ် ပုဒ်ရေ ၂၅၉-မှာ ဒီလိုရေးထားခဲ့တယ်ကွယ့်"

          "မိန့်တော်မူပါဘုရား"

          ရှေးကပုည၊ကြီးလှထူးဘိ၊ ရှိသူတို့သာ၊ ပြီးနိုင်ရာသား၊ မဟာဂန္ဓာရ၊ ဗြဟ္မာစာရီ၊ ဗေရာဂီနှင့်၊ လောကီမုနိ၊ကဝိကဝေ၊ တိဟိတ်နေတို့၊ ထားပေခဲ့ငြား၊ ပြဒါးသံသတ်၊ အဂ္ဂိရတ်ဟု၊ အတတ်သိမ်မွေ့၊ လွန်ကောက်ကွေ့သား၊ခြင်္သေ့ထီးဆောင်း၊ အပေါင်းဝင်ရာ၊ ဥသာ စိန်ပန်း၊ ဒန်းလှကိုရှာ၊ နံသင့်ရာနှစ်၊ အက္ခရာလေးခု၊ဂြိုဟ်ပေါင်းစုဖြင့်၊ စတုပညာ၊ သင်္ချာအရ၊ သြသဓမျိုး၊ ဆေးရိုးအချုပ်၊ အလုပ်အချိန်၊ ဆတ္တိံတြင်း၊ နဝင်းနက္ခတ်၊ လေးပါးဓာတ်က၊ ပါဒ်တစ်ရာ့ရှစ်၊ တွက်စစ်ဓာတ်ပေါင်း၊ စသည်ဖြင့်  ရေးသားတော်မူခဲ့တယ်။

          အဂ္ဂိရတ်အတတ်ဟာ ရှေးက ကောင်းမှုကုသိုလ် အထောက်အပံ့ကြီးမားတဲ့ဂန္ဓာရီ ရသေ့ကြီးတွေ စီရင်ထားခဲ့တဲ့ အတတ်မို့ အလွန် ခက်ခဲတဲ့အတက် ဖြစ်တယ်လို့ ရေးသားတော်မူခဲ့တယ်။

          ဒီလောက် လျှို့ဝှက် ခဲကပ်တဲ့အတ်ကို ဟိုရှေးရှေးကစပြီး ယနေ့အထိ ရဟန်းတော် အတော်များများ လိုက်စားခဲ့ကြတယ်၊ ရဟန်းတော်တွေကို အမှီပြုပြီးလူသားတွေလည်း လိုက်စား ဖိုထိုးနေကြတယ်၊ ဒီ အဂ္ဂိရတ်သမားဟာ ဘာကိုလိုလို့ ဒီအတတ် လိုက်စားသလဲလို့တွေးကြည့်လိုက်တော့ အဂ္ဂိရတ်သမား ၃-မျိုးကို မြင်မိတယ်ကွယ့်။

          "ဘယ်လို သုံးမျိုးပါလဲဘုရား"

          ပထမ အဂ္ဂိရတ်ဆရာက ရွှေဖြစ် ငွေဖြေစ်ပေါ့၊ အဂ္ဂိရတ်အတတ်ပေါက်မြောက်ခဲ့လျှင် ရွှေလုပ်ငွေလုပ်လို့ ရတယ်လို့ ယူဆတယ်၊ ဒါကြောင့် ရွှေငွေဖြစ်ပြီးသူဌေးကြီးဖြစ်အောင် အဂ္ဂိရတ်ထိုးတဲ့လူက တစ်ယောက်ကွယ့်။

          ဒုတိယ အဂ္ဂိရတ်သမားက ရွှေငွေကို မရည်ရွယ်ဘူး၊ရေ, မြေ, လေ, မီး ဓာတ်ကြီးလေးပါးရဲ့ သဘာဝကို အောင်နိုင်ဖို့ ရည်ရွယ်တယ်၊ သူရဲ့ သဘောဟာလောကိကို တေဇောဆိုတဲ့မီးက ဆောင်တယ်၊  မီးကြောင့်လေဖြစ်တယ်၊ မီးကြောင့် ကမ္ဘာကြီး ပျက်စီးနိုင်တယ်၊ ရေတွေ ခန်းခြောက်နိုင်တယ်၊ လူတစ်ယောက်ဟာ တေဇောဆိုတဲ့ မီးဓာတ် ကိုယ်အားရှိနေသမျှကျန်းမာတယ်၊ မီးဓာတ်အင်အား လျော့ပါးလျှင် လျော့ပါးသလောက်  ကျန်းမာရေးက ချို့ယွင်းလာတယ်၊ ဒါကြောင့် မီးဓာတ်မီးနေကို အားထုတ်လျှင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ်သဘော နားလည်လာမယ်၊ ဓာတ်သဘောကိုနားလည်သလောက် ပိုတဲ့ဓာတ်အားကို လျှော့၊ လိုတဲ့ ဓာတ်အားကိုသွင်းပြီး ဓာတ်သဘာဝ အမျိုးမျိုးကိုကစားနိုင်မယ်လို့ ယူဆပြီး ဖိုထိုးတယ်။

          တတိယ အဂ္ဂိရတ်သမားက ရွှေငွေလည်း မလိုဘူး၊ ဓာတ်နားလည်တဲ့ဆေးဆရာလည်း မလုပ်လိုဘူး၊ သူက မြေလျှိုး မိုးပျံတဲ့ ဝိဇ္ဇာဓိုရ်ကြီးသာ ဖြစ်ချင်တယ်၊ အဲဒီရည်ရွယ်ချက်နှင့် ဖိုထိုးတယ်၊ ဒီသုံးမျိုးမှတစ်ပါး ဘာမျှလည်း မလိုချင်၊ ဘာမျှလည်း မဖြစ်ချင်၊အပျော်တမ်းသက်သက် ဖိုထူးသူလည်း ရှိသေးသကွယ့်။

          ထီးချိုင့်မြောက်ပြင် လေသာကုန်းကျောင်း ဆရာတော်ကြီးဟာဦးဉာဏိန္ဒတဲ့၊ ယခုတော့ ပျံလွန်တော်မူပါပြီ၊ လေသာကုန်းဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကသူ့အကြောင်း အမိန့်ရှိသွားဖူးတယ်ကွယ့်။

          သူဟာ ငယ်ဖြူစစ်စစ်ပါပဲ၊ ကျောင်းထိုင်တော့လည်းသိပ်မကြီးသေးဘူးတဲ့၊ကျောင်းမှာ ကျောင်းသား သာမဏေ ရဟန်းတပည့်တွေလည်း အလွန်ပေါပါတယ်၊ တတ်နိုင်သလောက်လည်းစာဝါပို့ချ ပေးပါတယ်၊  သက်တော် ၄၅-နှစ်၊ သိက္ခာတော်၂၅-ဝါအရမှာ နေရင်းထိုင်ရင်း ပျင်းခြောက်လာခဲ့သတဲ့၊ ငါဟာ အသက်လည်းကြီးပြီ၊ ပြီးတော့ကျန်းမာ  သန်စွမ်းသူလည်း မဟုတ်ဘူး၊ လူ့ဘဝကိုတွန်းချချင်လို့များ ဒီလိုဖြစ်တာလားလို့ တော်တော်စိုးရိမ်မိသတဲ့။

          တစ်ရက်တော့ ပြင်းစုဆရာတော် ဦးနရိန္ဒနှင့်ကြုံလို့ သူ့စိတ် ဖြစ်နေပုံ ပြောပြတော့ ဦးနရိန္ဒက ဒီလိုဖြစ်လျှင် ကိုယ်တော် ဖိုထိုးပါ၊ဖိုထဲ စိတ်ဝင်စားခဲ့လျှင် အဲဒီ ပျင်းရိတဲ့စိတ်တွေ အကုန် ပျောက်သွားမှာပါလို့ ပြောပြီးသူ့မှာရှိတဲ့ ဖိုကိုရော၊ လုံတွေကိုရော ဓာတ်ပစ္စည်းတွေရော ကျောင်းအရောက် ပို့ပေးသတဲ့၊ဦးဉာဏိန္ဒဟာ ပြင်းစုဆရာတော်ကို အားနာတာနှင့် လာပို့တဲ့ ဖိုကြီးဆင်တဲ့ပြီး အဂ္ဂိရတ်ထိုးလိုက်တော့သုံးလေးရက်အတွင်း ပျင်းရိတဲ့ စိတ်တွေပျောက်ပြီး သာသနာတော်မှာ ပြန်လည်ပျော်မွေ့လာသတဲ့။

          လေသာကုန်းဆရာတော်လို ဘာရယ်လို့ မဟုတ်၊ အပျင်းပြေထိုးတဲ့ ပုဂ္ဂိုလ်မျိုးပါ ထည့်တွက်လျှင် ဖိုထိုးသူဟာ ၄-မျိုးရှိတာပေါ့။

          အဲဒီ အဂ္ဂိရတ်ဆရာ ၄-မျိုးအနက် ရွှေဖြစ် ငွေဖြစ်ဆိုတဲ့ပထမအဂ္ဂိရတ်ဘုန်းကြီးမျိုးတော့ လုံးဝ မလုပ်သင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးနှင့်ရွှေငွေဟာ လုံးဝ မအပ်စပ်တဲ့အပြင် ရွှေအစစ် မဟုတ်တဲ့ စပ်ရွှေကို ရွှေအစစ်လို့ သုံးမိလျှင်၊ပါရာဇိကအထိ အပြစ်ကြီးလွန်းလို့ပါပဲ၊ ဒါဖြင့် ကျန်တဲ့အဂ္ဂိရတ်တွေကိုကော လိုက်စားသင့်သလားဆိုတော့ ဘယ်အဂ္ဂိရတ်ပညာကိုမျှ မလိုက်သင့်ပါဘူး၊ အားလုံး မဂ်ဖိုလ်မှာ ဖီလာဖြစ်တဲ့ တိရစ္ဆာန်အတတ်ဖြစ်လို့ပါပဲ။

          ရဟန်းဖြစ်သူ အမှန်လိုက်စားရမည့်အတတ်က ပရိယတ္တိအတတ်၊ပဋိပတ္တိအတတ်၊ အဓိဂမအတတ်သာ ဖြစ်တယ်၊ သာသနာတော်နှင့်စပ်တဲ့ အတတ်မှတစ်ပါး ဘာအတတ်မျှ ရဟန်းမှန်သမျှမလိုက်ဝစားသင့်ပါဘူးလို့ အဖြေပေးလိုက်ပါတယ်ကွယ်။

          သာဓု . . . သာဓု . . . သာဓု

***ဆက်ရန်***

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ -  အမှတ်စဉ်(၂၃၁) - ဗဒ္ဓသိမ်

***ကောက်နုတ်ချက်***

နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ

အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၆)  (စာမျက်နှာ ၁၈ ~ ၂၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍

ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ

ဆရာ- အရှင်တေဇာနန္ဒ တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

Ye Win Tun >> Facebook မှ

ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ

ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ

(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်) 

(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)

အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။

ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။

အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။

အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။

ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါအရိပ်တော်ကိဲု့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။

(ဧရာဝတီတိုင်းသား)

(ဖြေ) အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-၀ိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ၀ိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ၀ိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ၀န်ချရကြောင်း ဆိုပေသည်။

အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။

...........................

http://www.mawluu.com/2010/03/blog-post_3525.html

ကူးယူဖော်ပြသည်

လောဘနှင့် အလောဘ

လောဘ နဲ့  အလောဘ
===============
#လိုချင်သဖြင့် ရအောင်အားထုတ်၍ ရသောအကျိုးထက်မလိုချင်ပဲနှင့် ဖြူစင်သော  မြင့်မြတ်သော  စိတ်စေတနာရင်းသက်သက်ဖြင့် အားထုတ်၍ရသော အကျိုးက အတိုင်းအဆမရှိ ကြီးမားပါ၏။

     #အားထုတ်ရချင်းအတူတူ လိုချင်လေ အရနည်းလေ ဖြစ်ပြီး မလိုချင်လေ အရများလေဖြစ်သည်မှာ ဓမ္မနိယာမပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် လိုချင်၍ အားထုတ်ခြင်းမှာ   လောဘ    အပေါ်၌ အခြေခံပြီး မလိုချင်ဘဲ အားထုတ်ခြင်းမှာ   အလောဘ   အပေါ်၌ အခြေခံသောကြောင့် ဖြစ်၏။

#သစ္စာရှင်>>>တင်ဆက်သည်

သရဏဂုံ တည်သူ

    " သရဏဂုံ တည်သူ "
    •••••••••••••••   ========?======= ••••••••••
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။

သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် ……

(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။

အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။

(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။

ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။

အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။

ဈေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။ဈေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။

ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။

ယခုဖော်ပြပြီးသည်တို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင် ဖြစ်၏။

အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။

ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။

သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက် ……………

၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။

၂။ ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။

၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။

၎။သတ္တဝါအားလုံးက နှစ်သက်သည်။

၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။

၆။ ရွှေအဆင်းကဲ့သို့ လှပသည်။

၇။ ကျော်စောထင်ရှားသည်။

၈။ စည်းစိမ်များပြားသည်။
---------------------------------

ပေးရသောအချိန်နှင့် တန်သည့်…
အသိဥာဏ်ဗဟုသုများ ရရှိကြပါစေ ………။

တစ်ဆင့် မျှဝေ ကုသိုလ်ပြုပါတယ်။
       ❄❄❄❄❄❄❄

Creadited ====> ကိုမိုး(နည်းပညာ)

လျှာရှည်မိလို့ သံသရာရှည်နေကြတာ

"လျှာရှည်မိခဲ့လို့ သံသရာရှည်နေကြတာ"
➖➖➖➖➖➖➖➖➖➖➖➖
"ဤကောင်းမှုကြောင့် နောင်အရိမေတ္တေယျဘုရားပွင့်တဲ့အခါ
ဆီမီး၅တိုင် ကြာ၅ခိုင်နဲ့ လက်ဦးဖူးတွေ့ရပါလို၏"ဆိုပြီး
ဘာညာဆိုတာတွေဟာ လျှာရှည်တာပေါ့..
နောက်ဘုရားကျမှဆိုတော့ ဒီအတွင်းတစ်ခုလုံး သံသရာရှည်သွားရတော့တာပေါ့..

အခု ဂေါတမဘုရားပေးတာ မလိုချင်ဘူး..
နောင်ဘုရား ပေးတာကျမှ ယူမယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတယ်..
နောင်ဘုရားကို စောင့်ဦးမယ်ဆိုတဲ့ သဘော..

"အခုဘုရားက နိဗ္ဗာန်ကို ပေးနိုင်ပါလျက်နဲ့ နောက်ဘုရားကျမှ"ဆိုတဲ့
ဥစ္စာဟာ သက်သက်အကြောင်တိုက် ဗြောင်တိုက် ရွဲ့တာပဲ ဒါတော်ပါ့မလား..

ဒီဘုရားရှေ့ထားပြီးတော့ နောက်ဘုရားကိုမျှော်တာ အားနာစရာကြီး..
ခင်ဗျားတို့မို့ အားမနာတယ်..

(မိုးကုတ်ဆရာတော်ဘုရားကြီး)

ပြန်လည်မျှဝေပါသည်။                                                           #သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage                                               ကိုဇာဏီ ကံမ ၏ post

အမှောင်ပျောက်၍ အလင်းရောက်ပါစေ။

အစွမ်းထက်သော အတွေးဆိုး/ ကောင်းများ

အစွမ်းထက်သော
********************
အတွေးဆိုး နှင့် အတွေးကောင်းများ
***************************************

အတွေးဆိုး( အကုသလဝိတက် )များသည်
မကောင်းသောဖက်တွင် အစွမ်းထက်ကြပြီး
အတွေးကောင်း(ကုသလဝိတက်)များသည်
ကောင်းသောဖက်တွင်အစွမ်းထက် ကြသည်

မတွေးသင့်သော အတွေးဆိုး ၃ မျိုး=

၁) ကာမဝိတက်( အာရုံ၅ ပါးနဲ့ဆက်စပ်သော
လောဘ အတွေး )
၂) ဗျာပါဒဝိတက်( မကြေနပ်မှုဒေါသ-နဲ့ ယှဉ်
သော အတွေး )
၃) ဝိဟိံသ ဝိတက် ( ညှင်းဆဲခြင်းနဲ့ ယှဉ်သော
အတွေး) တို့ ဖြစ်ကြ၏

ကာမဝိတက်နဲ့ပတ်သက်၍ သိထားရန်တစ်ချက်မှာ
(မသိမှု )ကြောင့်(လိုချင်မှု ) ဖြစ်သလို
(လိုချင်မှု )ကြောင့် (မသိမှု ) ဖြစ်နှိုင်ပြန်၏
အလိုကြီးလာလျင် (အလိုမကျ မှု ) များဖြစ်နှိုင်ပြန်၏

အတွေးဆိုးများ၏ အစွမ်းသတ္တိ ၆ မျိုး
****************************************
- ပညာမျက်စိ ကန်းသွားစေ၏
- ဥာဏ်ပညာမျက်စိ မဖြစ်ပေါ်စေနှိုင်
- မသိခြင်းကိုဖြစ်စေနှိုင်၏
- အသိဥာဏ်ကို ချုပ်ပျောက်သွားစေနှိုင်၏
- ဆင်းရဲပင်ပန်း စေနှိုင်၏
- ကိလေသာတို့၏ မငြိမ်းချမ်းခြင်းကိုဖြစ်စေ၏-

အတွေးကောင်း(ကုသလ ဝိတက်) များ
******************************************
(၁)နေက္ခမ္မ ဝိတက်( ထွက်မြောက်မှု အတွေး)
=ကုသလနဲ့ယှဉ်သောအတွေးမှန်သမျှ သည်
အကုသိုလ်မှလွှတ်မြောက်စေနှိုင်သည်
=ဒါန  သီလ ဘာဝနာ နှင့်စပ်သောအတွေး
များ သည် ကောင်းသောအတွေးများဖြစ်ပြီး
နေက္ခမ္မ ဝိတက်များဖြစ်ကြ၏

(၂)အဗျာပါဒ ဝိတက် (မေတ္တာနဲ့ ယှဉ်သော အတွေး)
မနောကံ မေတ္တာသည် အခြေခံပင်မ ဖြစ်၍
ထိုမှ ဝစီကံမေတ္တာ- ကာယကံမေတ္တာ ကို
ဖြစ်စေလိမ့်မည်

(၃)အ ဝိဟိံသ ဝိတက်( ကရုဏာ=သနားသော
သဘော နဲ့ ယှဉ်သောအတွေး )=(သတ္တဝါတို့ ကိုဒုက္ခကလွှတ် မြောက်စေလိုသော အတွေး)

ဘုရား ရဟန္တာ တို့ သည် အားလုံးသောသတ္တဝါအများ ကို သက္ကာယဒိဌိ
ဟူသော ငါစွဲ =မြှားညှောင့်စူးဝင်နေသည့် အတွက် အားလုံးကို သနားစရာ အဖြစ်ရှုမြင်၏-

အတွေးကောင်း တို့ ၏ အစွမ်း ၆ မျိုး
**************************************
မှာကားအထက်ဖေါ်ပြပြီးအစွမ်းတို့နှင့်
့ဆန့်ကျ င် ဖက် ဖြစ်ကြ၏

အတွေးဆိုးများ ရပ်ဆိုင်းရန်နည်းလမ်းများ
*********************************************
၁) တခြားအာရုံသို့ ပြောင်းသည့်နည်း

(လောဘ)ရပ်ဆိုင်းရန် (သက်ရှိများ) အတွက် (သုဘ နိမိတ်)  မှ (အသုဘ) နိမိတ်သို့ ပြောင်းလိုက်ရမည်

(ရာဂ) ရပ်ဆိုင်းရန် (သက်မဲ့များ) အတွက် (နိစ္စသညာ)ကို
(အနိစ္စသညာ)/(အနိစ္စ အာရုံ)သို့ ပြောင်းရမည်

(ဒေါသ)သင့်နေပါက
  -(သက်ရှိ)အတွက်(မေတ္တာ)သို့ 
  -(သက်မဲ့အတွက်) (ဓါတုမနသိကာရ) သို့ 
ပြောင်းရမည်

((အကောင်းဆုံးက သတိပဋ္ဌာန် ၄ ပါး ရှု ပါရန်))

(၂) ထိုအတွေး၏ အကျိုးဆိုး- အပြစ်တွေကို ဆင်ခြင်သောနည်း-
ဥပမာ  -မြွေသေကောင်ပုပ်ကို လည်ပင်းမှာဆွဲပေးလိုက်သလို အလျင်အမြန်
ဖယ်လိုက်ချင်ရမည် ဖယ်လိုက်ရမည်ဟူ၏

(၃) ဒီအတွေးဆိုးကို မစဉ်းစားပဲ
မေ့ပျောက်သောနည်း
ဥပမာ-
-အပြစ်ကင်းတာလေးတွေဆောင်ရွက်လိုက်ပါ-

-မိမိရသော တရားစာတွေရွတ်ဆိုလိုက်ပါ-

-ထိုအာရုံကို မကြည့်လိုလျင် မျက်နှာလွှဲလိုက်ပါ မျက်လုံးမှိတ်နေလိုက်ပါ ဟူ၏

(၄) အကြောင်းရင်းကိုရှာပြီး ဆင်ခြင်လိုက်သောနည်း

ဥပမာ
ဒေါသ ဖြစ်ပါက ဘာကြောင့် -အဘယ့်ကြောင့်
ဖြစ်ရတာလဲ ?
အကြောင်းရင်းဇစ်မြစ်သိလျင် ပြေသွားတတ်၏

(၅) အံကြိတ်၍ တောက်ခေါက်၍ -

ဘာကြောင့်ဒီအတွေးအာရုံကိုဖြောက်လို့မရရမလဲ ဟု စိတ်ကိုစိတ်ဖြင့် ဖိနှိပ်ရမည့်နည်းဖြစ်၏-

အတွေးဆိုးများကင်းစင် လျက်
အတွေးကောင်းများ အစားထိုးနှိုင်ကြပါစေသော်ဝ်

ကိုးကားတင်ပြချက်
သစ္စာရွှေစည်ဆရာတော် mp3
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်။

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ
########@@@@@@@@###########@@@@@@@

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။

ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။

ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---၁။နီလရောင်ခြည်တော်။ ၂။ပီတရောင်ခြည်တော်။ ၃။လောဟိတ ရောင်ခြည်တော်။ ၄။သြဒါတရောင်ခြည်တော်။ ၅။မဉ္ဇိဋ္ဌရောင်ခြည်တော်။ ၆။ပဘဿရ ရောင်ခြည်တော် စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

၁။နီလရောင်ခြည်တော် နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ဆံတော်, မုတ်ဆိတ်တော်,မျက်ဝန်းတော်တခို,စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။

၂။ပီတရောင်ခြည်တော် ၀ါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၃။လောဟိတ ရောင်ခြည်တော် အနီရောင်အဆင်းရှိပြီးမြတ်ဗုဒ္ဓ၏အာတော်, လျှာတော်,နှုတ်ခမ်းတော်, ခြေဖ၀ါးတော်,လက်ဖ၀ါးတော်, ခြေသည်းတော်,လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၎။သြဒါတရောင်ခြည်တော် အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏သွားတော်,စွယ်တော်, အရိုးတော်, မျက်ဖြူတော်,ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၅။မဉ္ဇိဋ္ဌရောင်ခြည်တော် ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၆။ပဘဿရ ရောင်ခြည်တော် ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။

မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။

စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး)ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။

၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။

၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။

မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။

မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ကြည်ညိုသဒ္ဓါ ပွားများခဲ့ရသည်။

Creadited ====> ကိုမိုး(နည်းပညာ)