စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 17, 2017

ခြေသုံးလှမ်းနဲ့ ရဟန္တာဖြစ်သူ

★ ★ ★  ခြေသုံးလှမ်းနဲ့ ရဟန္တာဖြစ်သူ ★  ★★
=================================

သီဟိုဠ်ကျွန်း ၊ ဥစ္စာဝါလိက အရပ်မှာ သီတင်းသုံး
နေထိုင်တော်မူတဲ့ မဟာနာဂမထေရ်ကြီးဟာ
သက်တော် ( ၈၀ ) ၊ ဝါတော် ( ၆၀ ) တောင်
ရနေပါပြီ ။ မဂ်ဖိုလ်ရအောင် ဝိပဿနာဆိုပြီး
အားထုတ်လိုက်တာ ဝိပဿနာမဟုတ်ဘဲ
သမထဖြစ်နေတော့ ဈာန်အဘိညာဉ်တွေပဲ
ရတာပေါ့ ။

သမထကို အရင်အားထုတ် ၊ ဥပစာရသမာဓိ ၊
အပ္ပနာသမာဓိအဆင့်လောက်ရောက်မှ
ဝိပဿနာကိုကူးပြီး ရှုပွားအားထုတ်တဲ့နည်းကို
သမာထယာနိကနည်းလို့ လည်း ခေါ်တယ် ။
ထမ်းပိုးထမ်းတဲ့နည်းလို သမထ ၊ ဝိပဿနာ
နှစ်ခုစလုံး တွဲပါတဲ့အတွက် ယုဂဒ္ဓနနည်းလို့လည်း
ခေါ်ပါတယ် ။ မဟာစည် ၊ မိုးကုတ် ၊ စွန်းလွန်း ၊
( အနာဂါမ် ) ဆရာသက်ကြီး ၊ သဲအင်းဂူ
ဝိပဿနာနည်းများကို ယုဂဒ္ဓနနည်းလို့ 
ခေါ်နိုင်ပါတယ် ။

ပသုံးလုံးဝိပဿနာ ၊ ကသစ်ဝိုင် ၊ ပခုက္ကူဝိပဿနာ
သစ္စဒီပက ၊ ဝိပဿနာနည်းများကိုတော့
ဝိပဿနာယာနိက တစ်နည်း  သုဒ္ဓဝိပဿနာနည်း
လို့ ခေါ်နိုင်ပါတယ် ။ ထူးခြားတာ တစ်ခုကတော့
ယောဂီများ ကြားဖူးပြီးဖြစ်တဲ့ ဝိပဿနာ
ညစ်ညူးကြောင်း ဆယ်ပါးဟာ  သမထယာနိက
နည်းနဲ့ ရှုပွားသူတွေမှာသာ ဖြစ်ပေါ်ပြီး
ဝိပဿနာယာနိကနည်းနဲ့ ရှုပွားသူတွေမှာ
မဖြစ်ပေါ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ ။

ဝိပဿနာညစ်ညူးကြောင်း ဆယ်ပါး
--------------------------------

၁။ ဩဘာသ.  = ခန္ဓာကိုယ်မှ အလင်းရောင်
                          ထွက်ပေါ်ခြင်း ။

၂။ ဉာဏ်   = အသိဉာဏ်ထက်မြက်လာခြင်း။

၃။ ပီတိ       = နှစ်သိမ့်ဝမ်းမြောက်နေခြင်း။

၎။ ပဿဒ္ဓိ  = ငြိမ်းအေးနေခြင်း ။

၅။ သုခ.     = ချမ်းသာနေခြင်း ။

၆။ အဓိမောက္ခ. = ယုံကြည်မှု ဆုံးဖြတ်ချက်
                            များလာခြင်း ။

၇။ ပဂ္ဂဟ.  = ဝီရိယတိုးလာခြင်း ။

၈။ ဥပဋ္ဌာန = သတိထင်ခြင်း ။

၉။ ဥပက္ခာ  = မျှတလွယ်ကူစွာ ရှုနိုင်လာခြင်း ။

၁၀။ နိကန္တိ = ( ထိုကိုးချက်၌ ) တွယ်တာငြိကပ်နေခြင်း။

အဲ့ဒီ့ ဆယ်ချက် တစ်ချက်ချက်ဖြစ်ပေါ်လာတဲ့အခါ
မဂ်ဖိုလ်ထင်ပြီး ဆက်မကျင့်ကြံတော့ရင်
ယောဂီတို့ မှာ အလွန်နစ်နာပါတယ် ။ အခု
မဟာနာဂမထေရ်ကြီးဟာ အဘိညာဉ်တွေတောင်
ရနေတာဆိုတော့ ဝီတိက္ကမကိလေသာ ၊
ပရိယုဌာနကိလေသာတွေဟာ ထကြွမလာတော့ဘဲ
ငြိမ်ဝပ်နေတဲ့အတွက် သူ့ ကိုယ်သူ ကိလေသာ
အာသဝေါကုန်ခန်းနေတဲ့ ရဟန္တာလို့ အထင်မှား
နေရှာပါတယ် ။

ကမ္မဋ္ဌာန်းတရားတွေလည်း ပြသပေးပါတယ် ။
သူ ပြသပေးတဲ့နည်းနဲ့ အားထုတ်တဲ့ တပည့်
တော်တော်များများဟာ ရဟန္တာတွေ  ဖြစ်တော်
မူကြပါတယ် ။ ရဟန္တာဖြစ်သွားကြတဲ့ တပည့်
တော်တော်များများဟာ သူတို့ စိတ်နဲ့ ဆင်ခြင်
ကြည့်လိုက်ရင် ဆရာဖြစ်တဲ့ မဟာနာဂမထေရ်ကြီး
ပုထုဇဉ်ဘဝသာ ရှိသေးကြောင်း သိတော်မူကြ
မှာပါ ။

  ဒါပေမယ့် မိကျောင်းမင်း ရေခင်းပြ ၊ ဘုန်ကြီး
စာချဖြစ်မှာစိုးလို့ နဲ့ တူပါတယ် ။ ဘယ်သူမှ
ပုထုဇဉ်ဖြစ်ကြောင်း အသိမပေးကြဘူး ။ အဲ့ဒီ့
တပည့်များထဲက တလင်္ဂရအရပ်မှာ သီတင်းသုံး နေတော်မူတဲ့ ဓမ္မဒိန္နဆိုတဲ့ ပဘိန္နပဋိသမ္ဘိဒါပတ္တ
ရဟန္တာမထေရ်မြတ်ကတော့ ဆရာဖြစ်သူ
ပုထုဇဉ်အဖြစ်နဲ့ သေသွားမှာ စိုးရိမ်တဲ့အတွက်
ပရိယာယ်နဲ့ သတိပေးရအောင် မဟာနာဂမထေရ်ကြီးထံ
ရောက်လာပါတယ် ။

တပည့်တစ်ယောက်အနေနဲ့ ဆရာလည်းဖြစ်
အသက်ကြီးဝါကြီးလည်း ဖြစ်တဲ့ မထေရ်ကြီး
တစ်ပါးကို သင်ဟာ ရဟန္တာ မဟုတ်သေးဘူး ။
ပုထုဇဉ်အဖြစ်သာ ရှိသေးတယ်လို့ ပြောဖို့ ရာ
အင်မတန်မှ ဝန်လေးစရာကောင်းလှပါတယ် ။
ခက်လည်း ခက်ခဲလှပါတယ် ။

ထူးခြားဆန်းကြယ်လှတဲ့ ပညာရှိတို့ ရဲ့ ဖြတ်ထိုး
ဉာဏ် ကို ဒီနေရာမှာ ကြည်ညိုရမှာပေါ့  ။
အနားရောက်လာပြီး ဦးချလာတဲ့ ဓမ္မဒိန္နမထေရ်
ကို မဟာနာဂမထေရ်ကြီးက -

" ငါ့အရှင် ဓမ္မဒိန္န ၊ ဘာအကြောင်းကြောင့်
လာခဲ့သလဲ " လို့ မေးလိုက်တဲ့အခါ
ဓမ္မဒိန္နမထေရ် က ပြဿနာပုစ္ဆာမေးလျှောက်ဖို့ 
လာကြောင်း လျှောက်ထားပြီး ပရိယတ် ၊
ပဋိပတ်နဲ့ ပတ်သက်တဲ့ ပုစ္ဆာပြဿနာတစ်ထောင်
ကို မေးရာမှာ ဆုတ်ဆိုင်းခြင်းမရှိဘဲ လွယ်လင့်
တကူ ဖြေလိုက်ပါတယ် ။

ဒါကြောင့်လည်း သူ့ ကိုယ်သူ ရဟန္တာလို့ 
ထင်နေတာပါ ။ ဒီအခါမှာ ဓမ္မဒိန္နမထေရ် က

" အရှင်ဘုရား ဉာဏ်တော်ဟာ လွန်စွာမှ
ထက်မြက်လှပါတယ် ။ ဤတရားများကို
ဘယ်အခါက ရရှိပါသလဲ " လို့ 
မေးလျှောက်တဲ့အခါ  လွန်ခဲ့တဲ့ အနှစ် ၆၀
လောက်ကတည်းက ရရှိတယ်လို့ ဖြေပါတယ် ။
ဒီအဖြေကို ထောက်ကြည့်ရင် သူ့ ကိုယ်သူ
ရဟန္တာဖြစ်ပြီလို့ ထင်နေတာ အနှစ် ၆၀ ရှိနေပြီ
ဆိုတဲ့ သဘောပါပဲ ။

" သမာဓိ  ( အဘိညာဉ် ) ကို အသုံးပြုပါသေးလား " ဘုရား ဆိုတော့
အသုံးပြုပါသေးတယ်လို့ အဖြေရတာနဲ့ 
အလွန်ဆိုးသွမ်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့
ဆင်တစ်ကောင်ဟာ သည်းထန်စွာ အော်ဟစ်ပြီး
နင်းချေသတ်ရအောင် အရှင်ဘုရားဆီ
ပြေးလာတဲ့ ပုံသဏ္ဍာန် ဖန်ဆင်းပြပါ ဘုရား "
လို့ လျှောက်ထားလိုက်တော့ မထေရ်ကြီးကလည်း
ချက်ချင်း ဖန်ဆင်းပြတယ် ။

သူ ဖန်ဆင်းတဲ့ဆင်ကို သူ့ ဆီပြေးလာတာနဲ့ 
မဟာနာဂမထေရ်ကြီးက ကြောက်စိတ်ဝင်ပြီး
ထပြေးဖို့ ဟန်ပြင်ပါတယ် ။ ဒီအခါမှာ
ဓမ္မဒိန္နမထေရ် က သင်္ကန်းအစ ကို လှမ်းဆွဲလိုက်ပြီး -

" အရှင်ဘုရား ရဟန္တာမှာ ကြောက်ရွံ့ထိတ်လန့်
တဲ့ စိတ် ရှိပါသေးသလား ဘုရား " လို့ 
မေးလိုက်တဲ့အခါ မဟာနာဂမထေရ်ကြီးလည်း
မိမိကိုယ်ကို ပုထုဇဉ်ဖြစ်မှန်း သိသွားပြီး
" ငါ့အရှင်  ဓမ္မဒိန္န ငါ၏ အားထားမှီခိုရာဖြစ်ပါ "
လို့ မိန့် ပြီး ဓမ္မဒိန္နမထေရ်ရဲ့ အရှေ့မှာ
ဆောင့်ကြောင့်ထိုင်ပြီး ကမ္မဋ္ဌာန်းတောင်းပါတယ်။

ဓမ္မဒိန္နမထေရ်ဆီက ကမ္မဋ္ဌာန်းရတဲ့အခါ
စင်္ကြံသွားရင်း ရှုမှတ်တာ သုံးလှမ်းအရမှာပဲ
ရဟန္တာဖြစ်တော်မူပါတယ် ။ တပည့်ဖြစ်ပေမယ့်
လည်း ဆရာကို ရဟန္တာဖြစ်အောင် ပရိယာယ်
နဲ့ တရားပြပေးတဲ့ ဓမ္မဒိန္နမထေရ်ကြီးကို
ချီးကျူးစရာကောင်းသလို မဟာနာဂမထေရ်ကြီး
ကိုလည်း ချီးကျူးစရာကောင်းပါတယ် ။

ဘာလို့လဲဆိုတော့ ကိုယ့်အမှားကို ကိုယ်သိတာနဲ့
ချက်ချင်းပြင်ပြီး တပည့်ဖြစ်ခဲ့ဖူးသူထံ  ကမ္မဋ္ဌာန်း ပြန်တောင်းရဲတာလည်း တော်တော်ကို
ချီးကျူးစရာ ကောင်းလှပါတယ် ။ကိုယ့်အမှားကို
တွေ့ မြင်တဲ့သူက ဆုံးမလာတဲ့အခါ ………
ခံယူ နားထောင်ပြီး အမှားကို ချက်ချင်းပြင်သူကို
သုဝစပုဂ္ဂိုလ် လို့ ခေါ်ပါတယ် ။မြန်မာလိုတော့
ဆိုဆုံးမလွယ်သူလို့ ခေါ်ပါတယ် ။

စကားနားမထောင်ဘဲ အမှားကို မပြင်တဲ့သူကို
တော့ ဒုဗ္ဗစပုဂ္ဂိုလ် လို့ ခေါ်ပါတယ် ။
ဆိုဆုံးမခက်သူ ပေါ့ ။ ဒီ နှစ်မျိုးမှာ  ----
သုဝစပုဂ္ဂိုလ်မျိုးသာ မဂ်ဖိုလ်ကို ရနိုင်ပါတယ် ။
ဒုဗ္ဗစပုဂ္ဂိုလ်ဟာ မဂ်ဖိုလ်ကို မရနိုင်ပါဘူး ။
မဟာနာဂမထေရ်ကြီးကို သုဝစပုဂ္ဂိုလ် လို့ 
ဆိုနိုပါတယ် ။

မဟာနာဂမထေရ်ကြီး ခြေလှမ်းသုံးလှမ်းနဲ့ 
ရဟန္တာဖြစ်အောင် ရှုပွားနိုင်တယ်ဆိုတာ
အနိစ္စာနုပဿနာကို အရင်ကတည်းက
ပွားများထားပြီးသား အထုံတွေရှိနေလို့ ပါ ။
မထေရ်ကြီးကလည်း လွယ်ကူတဲ့အခြေခံကနေ
စပြီး ယခုလို ခက်ခဲတဲ့အဆင့်ထိ အချိန်ယူ
ပွားခဲ့ရတာပါ ။ ဆရာမပြလို့ သာ နည်းမရဖြစ်ပြီး
ဈာန်အဘိညာဉ်မှာ သောင်တင်နေရတာပါ ။
ဓမ္မဒိန္နမထေရ်ရဲ့ တရားပြပေးမှုကြောင့်
ခြေလှမ်းသုံးလှမ်း လှမ်းပြီးခင်မှာပဲ
ရဟန္တာ ဖြစ်တော်မူခဲ့ပါပြီ ။

                    ( ဝိသုဒ္ဓိမဂ် အဋ္ဌကထာ )

Ref;      မေတ္တာရှင် ( ရွှေပြည်သာ)
         " မဂ်တား ၊ ဖိုလ်တား အန္တရာယ်များ "

No comments:

Post a Comment