၃။ မေတ္တသုတ်ဖြစ်ပေါ်လာပုံ
**•**•**•**•**•**•**•**
မေတ္တသုတ်တော်သည် နတ် ချစ်သောသုတ် ဖြစ်သည်။ မေတ္တသုတ် နေ့စဉ်ရွတ်ပွားသူကို အလွန်ချစ်သည်။
ဗုဒ္ဓရှိတော်မူစဉ်က ဟိမ၀န္တာနှင့် စပ်နေသော တောအုပ်ကြီး အတွင်းနေ နတ်များ ခြောက်လှန့်ခံရသော ရဟန်းငါးရာတို့အား နတ်ချစ်အောင် ဤမေတ္တသုတ် ဒေသနာတော်ကို ဟောပြတော်မူသည်။
ထိုစဉ်က ထိုရဟန်းတို့၏ သီလတန်ခိုးကြောင့် ရုက္ခစိုး စသော နတ်တို့သည် မိမိတို့၏ ဗိမာန်အသီးသီးတွင် မနေနိုင်ကြတော့ဘဲ မြေပြင်တွင် ဆင်းနေကြရသည်။ သို့နှင့် အမြန်ပြန်အောင် မနေရဲအောင် အာရုံအမျိုးမျိုးပြ၍ ခြောက်လှန့်ကြသည်။
ရဟန်းတို့သည် တရားအားထုတ်၍ မရနိုင်လောက်အောင် အနှောင့်အယှက် ရှိလာသဖြင့် ဇေတ၀န်ကျောင်းသို့ပြန်ကာ ထိုအကြောင်းကို ရဟန်းတို့က ဗုဒ္ဓအား လျှောက်ထားကြသည်။ ထိုအခါ ဗုဒ္ဓက ထိုရဟန်းတို့အား မေတ္တသုတ်ကို ဟောပြတော်မူပြီး ဤနေရာမှာပင် တရားပြန်အားထုတ်ရန် စေလွှတ်လိုက်သည်။
ထိုရဟန်းတို့သည် ဗုဒ္ဓ၏ အမိန့်တော်အတိုင်း မေတ္တသုတ်ကို နေ့စဉ် ရွတ်ပွားပြီး တရားအားထုတ်ရာ သီတင်းဝါလ ကျွတ်သည့်အခါ ငါးရာစလုံး ရဟန္တာချည်း ဖြစ်သွားကြလေသည်။
မေတ္တသုတ် ရွတ်ရခြင်းအကျိုး
**-**-**-**-**-**-**-**
မေတ္တာပွားများသူ၏ နှလုံးသားသည် ထာဝစဉ် အေးချမ်းလျက်ရှိရာ မေတ္တာပွားသူမှာ အဆိပ်လက်နက် စသော ဘေးရန်များ အမြဲကင်းဝေးနေသည်။ သို့ဖြင့် မေတ္တာအကျိုး..( ၁၁ )မျိုးရရှိ ခံစားနိုင်သည်။
၁. ချမ်းသာစွာ အိပ်ပျော်ခြင်း။
၂. ချမ်းသာစွာ အိပ်ယာနိုးခြင်း။
၃. မကောင်းသော အိပ်မက်များကို မမြင်မက်ခြင်း။
၎. လူအများချစ်ခင်ခြင်း။
၅. နတ်တို့ချစ်ခင်ခြင်း။
၆. နတ်တို့က ကူညီစောင့်ရှောက်ခြင်း။
၇. အဆိပ်မသင့်၊ လက်နက်မထိ၊ မီးမလောင်နိုင်ခြင်း။
၈. စိတ်တည်ငြိမ်မှု့ ရရှိခြင်း။
၉. မျက်နှာအဆင်း ကြည်လင်ခြင်း။
၁၀. သေသည့်အခါ မတွေမဝေ သေရခြင်း။
၁၁. ဗြဟ္မာ့ပြည်သို့ ရောက်ရခြင်း တို့ဖြစ်သည်။
လင်္ကာ
°°°°°°°
ချမ်းသာအိပ်နိုး၊
အိပ်မက်ဆိုးကင်း
ချစ်ခြင်း လူနတ်
နတ်စောင့်တတ်လျက်
လက်နက်ဆိပ်မီး
မရောက်ပြီးခဲ့
စိတ်လည်းတည်စွာ
မျက်နှာကြည်လင်
သေလျှင်မတွေ
သေသောအခါ ဗြဟ္မာ့ရွာ
လားရာ မေတ္တာ အကျိုးတည်း။
ရွတ်သင့်ချိန်
======
နတ်ဘီလူး၊ တစ္ဆေသရဲ စသည် နှောင့်ယှက်မှုရှိသောအခါ ၊ မိမိတစ်ဦးတည်း လူသူကင်းဆိတ်သော အရပ်၌ နေရသည့်အခါ ၊ အိမ်သစ် ယာသစ် စသည်တို့၌ စတင်နေထိုင်သောအခါ စသည်တို့တွင် ရွတ်သင့်သည်။
နေ့စဉ်ရွတ်ဖတ်ပါက မေတ္တာအကျိုး ( ၁၁ ) မျိုးကို ရရှိခံစားရမည်။
ဦးကျော်(ပညာမော်ကွန်း) စုစည်းပူဇော်သော
❆ဓမ္မမော်ကွန်း ❆ မှ ကူးယူဓမ္မဒါနပြုပါသည်။
https://www.facebook.com/DhammaSarpay/
🔺🔻 မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့..
https://m.facebook.com/story.php?story_fbid=1904767729746381&id=1526628857560272
No comments:
Post a Comment