စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 13, 2017

အလှူပေးတိုင်း အပါယ်ကမလွတ်နိုင်

အလှူ ပေးတိုင်း အပါယ်ကမလွတ်နိုင်
*** ************************

     မလ္လိကာမိဖုရားကြီး နတ်ရွာစံ ကံတော်ကုန်တော့ငရဲရောက်သွားတယ်။
    မလ္လိကာမိဖုရားကြီး ငရဲရောက်သွားရအောင် ကုသိုလ်တွေ မရှိဘူးလား ဆိုတော့  မလ္လိကာလောက် အလှူ ပေးတာ မလ္လိကာပဲရှိတယ်။

    ဘုရားတဆူတဆူစီမှာ တကြိမ်သာဖြစ်တဲ့ မဟာအသဒိသ အတုမရှိတဲ့အလှူ ကြီးအပါဝင် တခြားအလှူတွေလည်းအများကြီးပေးလှူ ခဲ့တာပဲ ။

   ဒါပေမဲ့ မလ္လိကာမိဖုရားကြီးဟာ နတ်ရွာစံကံတော်ကုန်တော့ ငရဲရောက်သွားတယ် ။
   ဘာကြောင့်လဲ
   သူလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ ကုသိုလ်တရားတွေက
သူ့ကို ငရဲသို့မရောက်နိုင်အောင် ဘာဖြစ်လို့မတားဆီးနိုင်ခဲ့သလဲ ?

   အဲဒီ ကုသိုလ်တွေဖြစ်တဲ့ အလှူ ပေးတာတွေ သီလဆောက်တည်တာတွေကို  ဘာအတွက်လုပ်ကြရတာလဲ ?

    ကုသိုလ်တရားဆိုတာ    '' အနဝဇ္ဇသုခဝိပါက ''
မကောင်းတဲ့အကျိုးဘယ်တော့မှမပေးဘူး ။ ကောင်းတဲ့အကျိုးပဲပေးတယ်လို့ပြောထားတယ်။
    ကောင်းကျိုးဆိုတာကိုလိုချင်လို့ ရဖို့အတွက်ကုသိုလ်
တွေ လုပ်ကြတာပဲမဟုတ်လား ?
    အခုမလ္လိကာသေပြီး ငရဲရောက်နေတယ်ဆိုတော့
ဘာဖြစ်လို့ကောင်းကျိုးမပေးသလဲ ?
    အဖြေကိုမသိရင်တော့ မျက်စိလည်ပြီး လမ်းမှားသွားနိုင်တယ်။
    သူလုပ်လာခဲ့တဲ့ ကုသိုလ်ကံတွေ ကောင်းကျိုးကိုမပေးတာမဟုတ်ဘူး ။ ပေးခွင့်မရသေးလို့ မပေးသေးတာလို့
ဒီလိုနားလည်ထားရမည်။
    ဒီကုသိုလ်ကံတွေက ဘာဖြစ်လို့ချက်ချင်းမပေးသေး
တာလဲဆိုတော့…
    မလ္လိကာဟာ သေခါနီး ဘဝကူးခါနီးဆဲဆဲမှာကုသိုလ်
ကိုအောက်မေ့နိုင်တဲ့ သတိပျောက်သွားတယ် ။ သတိပျောက်သွားတော့ သူလုပ်လာခဲ့တဲ့ ကုသိုလ်တွေ ဘာကုသိုလ်ကိုမှ မအောက်မေ့နိုင်တော့ဘူး ။ သတိမရတော့ဘူး အမှတ်မရတော့ဘူး ။
     သတိဆိုတာ ကုသိုလ်မှာပဲ ဖြစ်တာ ။ အကုသိုလ်မှာသတိဆိုတာမရှိဘူး ။ သတိမရှိလို့ပဲ အကုသိုလ်ဆိုတာဖြစ်နေရတာပဲလေ။

    အခုမလ္လိကာဟာ သေခါနီး သတိပျောက်သွားလို့
ကုသိုလ်ဆိုတာကို မအောက်မေ့နိုင်တဲ့အတွက် သူလုပ်လာခဲ့တဲ့ ကုသိုလ်တွေက သူ့ကို အကျိုးပေးခွင့်မရတော့။
အကုသိုလ်ကံက.  အရင်အကျိုးပေးခွင့်ရသွားလို့
''ငရဲ'' သို့ရောက်သွားတာပဲ။
     ဒီတော့ သတ္တဝါတွေဟာ သေခါနီးအချိန်မှာ ကောင်းတဲ့ '' အာသန္နကံ ''ဆိုတာ အင်မတန်မှ အရေးကြီးတယ်
ဒီကံက အရင်ဆုံး အကျိုးပေးသွားမှာပဲ။

    သေခါနီး ကုသိုလ်ဆိုတာကို မအောက်မေ့နိုင်ပဲ၊ သတိ
ပျောက်သွားတဲ့အတွက်​၊ကုသိုလ်​တရားကို​မေ့​နေတဲ့အတွက်
    '' မလ္လိကာမိဖုရားကြီး '' ငရဲရောက်သွားတာ။
ဒီတော့ သတိဟာ အင်မတန်အရေးကြီးတယ် ကုသိုလ်တွေ ဘယ်လောက်ကြီးပဲ လုပ်ပါစေ  အပါယ်ငရဲသို့မရောက်နိုင်ဘူးလို့ အာမခံချက်ပေးလို့မရဘူး သတိဟာ
အင်မတန်အရေးကြီးတယ်။
         သတိထားနိုင်ကြပါစေ ။
              စေတနာဖြင့်
Credit,  ဦးဂန္ဓမာနန္ဒ

No comments:

Post a Comment