"တစ်ခုခုရပါလိမ့်မယ်
အချိန် ခဏပေးပြီး ဖတ်ကြည့်သွားပါ"
အိမ်တစ်အိမ်ကို
မီးလောင်တာအစအဆုံးမြင်ခဲ့ရတယ်။
အဲဒီအိမ်ဟာမြို့ရဲ့အချက်အချာကျတဲ့
နေရာမှာရှိတယ်။
မြေကွက်လပ်ကလည်းကျယ်တယ်။
တိုက်အိမ်ဆောက်ထားတာ မကြာသေးဘူး ။
ဒီမြို့မှာတော့အဲဒီတိုက်အိမ်ဟာ
အသားနားဆုံးပါပဲ။
အိမ်ရှင်မှာ သားသုံးယောက်နဲ့
သမီးတစ်ယောက်ရှိတယ်။
သားအကြီးဆုံးက
အိမ်မှာ ကျူရှင်ဖွင့်ထားတယ်။
ဖိတ်ခေါ်ထားလို့အလည်ရောက်သွားဖြစ်တာပါ။
အိမ်ပိုင်ရှင် အဖေဖြစ်သူက မန္တလေးမြို့ကို
စျေးဝယ်တက်သွားပါတယ်။
သူတို့နေတဲ့အိမ်ဟာမြို့လယ်စျေးနဲ့
မလှမ်းမကမ်းမှာရှိတော့
သောက်ရေသန့်ကုမ္ပဏီတစ်ခုက
ဝယ်ချင်တယ်။
ပေါက်စျေးထက် နှစ်ဆပေးတယ်။
အိမ်ပိုင်ရှင်အဖေကြီး က မရောင်းဘူး။
သားတွေက ရောင်းချင်တယ်။
သူ့အဖေက ခရီးမထွက်ခင်မှာပြောသွားတယ်။
"ဒီအိမ်နဲ့မြေကို ပေါက်စျေးထက်
သုံးဆ ရရင် ရောင်းမယ်တဲ့။"
ကိုယ် ရောက်ပြီးနှစ်ရက်အကြာမှာ
အဲဒီအိမ်ကြီးမီးလောင်တယ်။
ဖြစ်ချင်တော့ အိမ်ပိုင်ရှင်အဖေကြီးမန္တလေးက ခရီးရောက်မဆိုက်ပြန်လာတဲ့ အချိန်ဖြစ်နေတယ်။
နယ်မြို့လေးဆိုတော့
မီးလောင်တဲ့အခါ ရရာရေပုံးတွေနဲ့ ပက်ကြရတယ်။
မီးကိုငြိမ်းသတ်ဖို့ကြိုးစားကြတယ်။ အိမ်ပိုင်ရှင်အဖေကြီးလည်းပြာယာခတ်လို့။
ကိုယ်တွေပါ မီးလောင်နေတဲ့အိမ်ကြီးကို ရေနဲ့ငြိမ်းသတ်ပေးခဲ့ရပါတယ်။
ရေတွေလည်းရွှဲလို့။
ရွှံ့တွေလည်းပေပွလို့ပါပဲ။
"ငါ့အိမ် မီးလောင်နေပြီ"
" ငြိမ်းကြပါ ဟ"
"လုပ်ကြ လေ"
"ဘာလို့ငါ့အိမ် မီးလောင်တာ ဝိုင်းကြည့်နေကြ တာတုန်း"
အဲဒီအချိန်မှာတွေးမိတယ်။
ဒီအိမ်ကိုသာ သူခရီးမထွက်ခင်က
ရောင်းသွားခဲ့ရင် ဒီလိုသောကမျိုး
ဒုက္ခမျိုးဖြစ် မှာမဟုတ်ဘူး။
အခုတော့သူ့အိမ်ကြီးမီးလောင်နေတာ သူ့လောင်နေတာလိုပဲလို့ခံစားမိတယ်။
အဲဒီအချိန်မှာ သားအကြီးက
သူ့အနားကပ်လာတယ်။
" အဖေ စိတ်မပူနဲ့အဖေ ဒီအိမ်ကို
ပေါက်စျေးထက် သုံးဆ ပေးမယ်လို့
မနေ့ကပဲ ကျွန်တော်အရောင်း
အဝယ်စာချုပ်ချုပ်ထားပြီးပြီ အဖေရ"
"အဖေစိတ် အေးအေးဆေးဆေးထားပါ ။
ဒါ အဖေ့အိမ် မဟုတ်တော့ဘူး"
ချက်ချင်းဆိုသလိုပဲ ဒီလူကြီးရဲ့မျက်နှာမှာ
သောက တွေပျောက်သွားတာတွေ့လိုက်ရတယ်။
ရင်ထဲမှာပူလောင်မှုတွေပျောက်သွားတာတွေ့ရတယ်။
မီး လောင်တာကို ဝိုင်းကြည့်နေတဲ့
လူတွေထဲက လူတစ်ယောက်လိုပဲ
သူ့မျက်နှာဟာ ချက်ချင်းဖြစ်သွားတယ်။
ငါ့အိမ်ကိုမီးလောင်နေတာမဟုတ်ဘူးလို့
ခံစားချက် ချက်ချင်းဖြစ်သွားတယ်။
အဲဒီအချိန်မှာဒုတိယသားက
အဖေကို ဝင်ပြောတယ်။
"အဖေရေ အရောင်းအဝယ်စာချုပ်သာ
ချုပ်ထားတာ။ စရံကလည်း နည်းနည်းလေးပေးထားသေးတာ။
မဝယ် တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အထင်တော့စရံအဆုံးခံမယ်ထင်တယ် "။
သားအလတ်ရဲ့စကားကိုလည်းကြားရော
အဲဒီအဖေ ကြီးဟာ ချက်ချင်းပဲ
ပြာယာခတ်သွားပြန်တယ် ။
ငါ့ အိမ်ကိုမီးလောင်နေတယ်လို့
ခံစားသွားရပြန်တယ်။
"လုပ်ကြပါဟ"
" ငြိမ်းကြပါဟ"
"ဘာလို.ဝိုင်းကြည့်နေကြ တာလဲကူညီကြပါဦး"
"ငါ့အိမ်ကြီးမီးလောင်နေပြီ"
"ဝိုင်းကြပါဟ "
"ပက်ကြပါဟ"
အဲဒီအချိန်မှာ
တတိယသားက
အဝေးကနေပြီးသူ့အဖေဆီ ပြေးလာတယ်။
ပြီးတော့ သူ့အဖေကို ပြောလိုက်တယ်။
"အဖေရေ အဲဒီကုမ္ပဏီက မန်နေဂျာနဲ့သား သူငယ်ချင်းအခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့ပြီးပြီ။
သူ့ရဲ့ Boss ဆီကို ဖုန်းဆက်တယ်တဲ့။
သူ့ရဲ့ Boss ကပြန် ပြောတယ်။
"အိမ်မီးလောင်တာ။ မြေမီးလောင်တာမဟုတ်ဘူး။ ဝယ်မယ်လို့ဆုံးဖြတ်ထားတဲ့ကိစ္စ ဝယ်မယ်တဲ့။" အဲဒီမြေပေါ်မှာအဆောက်အဦးအသစ်
ပြန်ဆောက်မယ်လို့ ပြောတယ် အဖေ။"
"မင်းဟာက သေချာရယ်လားကွာ"
"သေချာပါတယ် အဖေရယ်။ သားအခုလေးတင် မန်နေဂျာနဲ့ စကား ပြောလာတာ။
သားရှေ့မှာတင် သူဖုန်းဆက်ပြီးမေးတာပါ။"
"အဖေ စိတ်အေးအေးထားပါဗျာ"
အဲဒီအချိန်မှာ အိမ်ကြီးက
မီးတော်တော် ကျွမ်းနေပြီ။
အိမ်နောက်ပိုင်း တစ်ပိုင်းလုံးမရှိတော့ဘူး။
ဘာပစ္စည်းမှလည်း မသယ်ကြဘူး။ သားငယ်ရဲ့စကားကိုလည်း ကြားရော
သူ့အဖေဟာ မျက်ရည်တွေကိုသုတ်လိုက်တယ်။
ပုဆိုးကိုပြင်ဝတ်လိုက်ပြီး
မြေကြီးပေါ်ထိုင်ချ လိုက်တယ်။
သူများ အိမ်မီးလောင်နေသလိုမျိုး အကြည့်နဲ့
အေးဆေးသက်သာစွာပဲ သက်ပြင်းချလိုက်ပါတယ်။
"တော်ပါသေးရဲ့ ဒီလိုကတိတည်တဲ့သူနဲ့
တွေ့ရတာ အဖေသိပ်ကံကောင်းတာပဲ။
မီးလောင်နေတဲ့အိမ်ကြီးကို သားအဖတစ်တွေထိုင်ကြည့်နေကြတယ်။
ကိုယ့်အိမ် မဟုတ်ဘူးဆိုတဲ့အသိကြောင့် ရင်ထဲမှာအေးသွားတယ်။ လူတွေကလည်း ဘာမှမတတ်နိုင်တော့ မီးသူ့ဟာသူငြိမ်း မယ့်အချိန်ကိုပဲစောင့်ကြည့်နေသလိုဘဲဖြစ်နေတယ်။
ဒီလိုနဲ့ အိမ်ကြီးဟာ
ပြာပုံဖြစ်ခါနီးနေပြီ ။
အဲဒီအချိန်မှာ…
အငယ်ဆုံးသမီးက ငိုပြီးတော့ "သူတို့ ဒီမှာ ရောက်လာပီ အဖေရေ။"
"ဒီအိမ်ကြီးကို ဝယ်လက်က စရံ အဆုံး ခံမယ်တဲ့"သားအငယ်ကဝင်ပြောတယ်။
" နင်ကလဲမဟုတ်တာ ငါအခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့တာဟ"
"သူရဲ့Boss က မြေကိုမီးလောင်တာမဟုတ်ဘူး။ အိမ်ကိုမီးလောင်တာ။ ပေးတဲ့ကတိအတိုင်း
ဝယ်မယ်တဲ့။ ငါ့နားနဲ့ဆက်ဆက်ကြားခဲ့ရတာပါ"
အဲဒီအချိန်မှာ သူ့အဖေဟာ
သွေးတိုးသလို ဖြစ်လာတယ်။မောသလို ဖြစ်လာတယ်။ " အငယ်မ နင်ဘာတွေပြောတာလဲ ။
အဖေ့ကို သေချာရှင်းပြစမ်း။ ငါ သေလိမ့်မယ်။"
"အကြီးကောင်ကတစ်မျိုး။
အလတ်ကတစ်မျိုး။
အငယ်ကောင်က တစ်မျိုး။
နင်ကတစ်မျိုးနဲ့။"
"ဟုတ်တယ် အဖေ"
"သမီးရှေ့မှာ
မန်နေဂျာဆီက ဖုန်းလာတယ်။"
"ဒီတစ်ခါဖုန်းလာတာက Boss ရဲ့မိန်းမဆက်တာ။"
" ဒီလိုမီးလောင်မှတော့
ဘယ်လိုလုပ်ပြီး လာဘ် ရှိမှာလည်း တဲ့"
" ဒီလို အတိတ်နမိတ်မကောင်းတဲ့မြေကို မဝယ်ရဘူးတဲ့ ။စရံအဆုံးခံမယ်တဲ့အဖေ"သမီးစကားလည်းဆုံးရော အဖေကြီး သတိမေ့လဲသွားတယ်။
အတ္တစိတ်ဟာ ကြောက်စရာ ကောင်းလိုက်တာ။
မီးလောင်တဲ့ဖြစ်ရပ်က အတူတူပဲ။ငါ့အိမ်ဆိုတဲ့ စိတ်ပူးကပ်နေချိန်မှာ
"အတ္တ"ဟာ ဥခွံထဲက
ဖောက်ထွက်လာပါတော့တယ်။
ငါ့အိမ်မဟုတ်တော့ဘူးဆိုတဲ့အသိစိတ် ဖြစ်သွားချိန်မှာ အတ္တ ဟာ ဥခွံထဲမှာ
ငုတ်လျှိုးနေပြန်တယ်။
စိတ်ထဲမှာ…အဲဒီဖြစ်ရပ်ကိုကြည့်ပြီး အတ္တစိတ်ရဲ့ရွေ့လျှားမှုတွေကိုအတိုင်းသားမြင်တွေ့လိုက်ရတယ်။
"ငါ့ဟာ••• ငါ့ဥစ္စာ ••• ငါ့ပစ္စည်း
ငါ့မြေး ••• ငါ့သား ••• ငါ့မယား
ငါ ••• ငါ •••• ငါ ဆိုတဲ့
အတ္တစိတ်ဟာ"
သံသရာတစ်လျှောက်လုံး
ဒုက္ခပေးနေတာ။
ပူလောင်မှုတွေ ပေးနေတာကို အတိုင်းသား မြင်လိုက်ရပါတော့တယ်။
"အတ္တ" ဆိုတဲ့ "အကောင် "
ဥခွံထဲက ပေါက်ထွက်လာတာကို
သတိနဲ့ ဉာဏ်နဲ့
မြင်အောင် ကြည့်ကြရအောင်နော်။
Credit - ဗဟုသုတရွာ