စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, December 1, 2025

ပညာသင်ကြားရင် စိတ်ဓါတ်ကျရင် ဘယ်လိုပြုပြင်သင့်ပါသလဲ

ပညာသင်ကြားရင် စိတ်ဓါတ်ကျရင် ဘယ်လိုပြုပြင်သင့်ပါသလဲ
🌺🌿🌺🌿🌺🌿🌺🌿🌺

မပြိုင်ဆိုင်ကြရင် တိုးတက်နိုင်ပါသလား (နံနက်ခင်း) ဓမ္မအမေးအဖြေ - အပိုင်း(၅)

မေး။ ။

 မင်္ဂလာပါ ဘုန်းဘုန်း ဘုရား။ တပည့်တော်က G12 မှာ ပညာသင်ကြားနေတဲ့ သီလာနန္ဒ ဖြစ်ပါတယ်ဘုရား။ မေးခွန်းမေးလျှောက်ခွင့် ပြုပါ ဘုရား။ ဘုန်းဘုန်း ခုနပြောသွားတဲ့ ပညာတွေသင်ကြားရင်း စိတ်ဓါတ်ကျသွားရင် စာတွေ မကျက်မမှတ်နိုင်တော့ဘူး ဆိုတာရှိပါတယ် ဘုရား။ အဲဒီလိုဖြစ်ရင် စိတ်ဓါတ်ကျတဲ့ စိတ်ကို ဘယ်လိုပြုပြင်သင့်ပါသလဲ ဘုရား။ 

ဖြေ။ ။

 ဒီမေးခွန်းသိပ်ကောင်းတယ်၊ အဲဒါကြောင့် တပည့်တော် ဒီလာချင်တာ။ အင်္ဂလိပ်ဘာသာစကားမှာ Elephant in the room. ဆိုတာရှိတယ်။ ဥပမာနဲ့ ဥပစာနဲ့ သူပြောတာ။ Elephant in the room ဆိုတာ အခန်းထဲမှာ ဆင်ကြီးတစ်ကောင်ရှိတယ်။ အဲဒီမှာ ဆင်က မရှိဘူး။ ဒါပေမဲ့ ဆင်ရှိသလိုပဲ သူက ထင်ရှားနေတာကို ပြောတာ။ အဲဒီဆင်ကို ဘယ်သူမှ မမြင်ရဘူး။ ဆင်ကလည်း တကယ်မရှိဘူး။ ဒါပေမဲ့ ရှိနေတယ်ပေါ့။ 

 အဲဒါတော့ဘာတုန်းဆို တပည့်တော်တို့ရဲ့ motive ပဲ၊ motive ဆိုတာ ရည်ရွယ်ချက်ပါ။ ဒီစာကို ဘာကြောင့်သင်တယ်ဆိုတာ အဲဒီဟာကို တပည့်တော်တို့ ခဏခဏမေ့တယ်။ မေ့တဲ့အခါကျတော့ စာချဆရာတော်တွေလည်းပဲ ကျောင်းသားတွေ ကြိုးစားအောင်ဆိုပြီးတော့ ကြက်တိုက်ပေးလိုက်တယ်။ ပြိုင်ခိုင်းလိုက်တာပေါ့။ 

 အခုလက်ရှိ နာမည်ကြီး စာသင်တိုက်တစ်တိုက်မှာ တပည့်တော်ရဲ့တပည့် မနှစ်က အကြီးတန်းလုပ်ပါတယ် ဘုရား။ တပည့်တော်ဆီလာတဲ့အခါကျတော့ တပည့်တော်သူ့ကို မေးတယ်၊ ဒီတပတ်ဘာဖြေလဲ ဆိုတော့ ပဋ္ဌာန်းဖြေတယ် တဲ့။ အမှတ်ဘယ်လောက်ရလဲဆိုတော့ ၉၄ မှတ်ရတယ်တဲ့။ 

 နံပါတ်တစ်လား ဆိုတော့၊ ၉၄ နှစ်ပါးရှိပါတယ် ဘုရား တဲ့။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း မုဒိတာ ဖြစ်ခွင့်ရှိတာပေါ့။ နောက်တပါးလည်း မုဒိတာဖြစ်ခွင့်ရှိတာပေါ့ ဆိုတော့ မဖြစ်ပါဘူး ဘုရား တဲ့။ မုဒိတာ မဖြစ်ဘူး။ မဖြစ်ဘဲနဲ့ ဘာဖြစ်တုန်းဆိုတော့ သူတို့နှစ်ပါးအချင်းချင်းကြည့်ပြီးတော့ ဒေါသဖြစ်နေတာ။ 

 သူရဲ့ပြိုင်ဖက် ၉၄မှတ်ရတဲ့ နောက်တစ်ပါးက သူ ၉၄ရတာကို လုံးဝ မကျေနပ်ဘူး။ အဲဒါ စာချတွေကို သွားလျှောက်တာလေ၊ အဲဒီကိုရင်ရဲ့ အဖြေမှန်ကို တပည့်တော် စစ်ချင်တယ်။ အဲဒီလိုဖြစ်တော့ အရှင်ဘုရားတို့စဥ်းစားကြည့် အဘိဓမ္မာနည်းနဲ့ စဥ်းစားကြည့်ပါ။ အဲဒီကိုရင်နှစ်ပါးရဲ့စိတ်မှာ ကုသိုလ်ဖြစ်နေလား အကုသိုလ်ဖြစ်နေလား။ 

 ဘာဖြစ်လို့တုံးဆိုတော့ သူတို့ရဲ့ရည်ရွယ်ချက်က အပတ်စဥ် စာမေးပွဲဖြေတဲ့အခါမှာ နံပါတ်တစ်ရဖို့၊ ရည်ရွယ်ချက်က အဲဒီလိုဖြစ်နေတယ်။ ရည်ရွယ်ချက်က တလွဲဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ a sense of purpose လို့ခေါ်တယ် အင်္ဂလိပ်လို၊ ပါဠိလိုဆို အတ္ထာယ ပေါ့။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ - အဲဒီအကျိုးငှာ အကျိုးငှာဆိုပြီးတော့ ပြောတာ တပည့်တော်တို့က ရည်ရွယ်ချက်ပဲ။ 

 သင်္ကန်းဝတ်တယ်၊ မြတ်စွာဘုရားက motive ကိုပဲ ချက်ချင်းကြည့်ခိုင်းတာ။ သီတဿ ပဋိဃာတာယ - ဘာကြောင့်ဒီသင်္ကန်းဝတ်တယ်၊ အအေးအပူကာကွယ်ဖို့အတွက် ရည်ရွယ်ချက် ချက်ချင်းသတိရခိုင်းတယ်။ ဆွမ်းစားတယ်၊ ဆွမ်းစားတာ ဘာကြောင့်စားတုန်း ချက်ချင်း မြတ်စွာဘုရားက အဲဒီ motive ကို ချက်ချင်းကြည့်ခိုင်းတယ်၊ ရည်ရွယ်ချက်ကို ကြည့်ခိုင်းတယ်။

 ဒါဖြင့် တပည့်တော်တို့ စာသင်တယ်၊ အင်္ဂလိပ်စာလုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ တရုတ်စာပဲဖြစ်ဖြစ်၊ ပါဠိပဲဖြစ်ဖြစ်၊ ဘာဘာသာပဲဖြစ်ဖြစ် သင်္ချာ၊ သိပ္ပံ ဘာပဲဖြစ်ဖြစ် အများအတွက် လေ့လာမယ်ဆိုပြီးတော့ လေ့လာတဲ့သူက သူ့မှာ motivation ရည်ရွယ်ချက် စိတ်ဓါတ်အမြဲတမ်းမြင့်နေတယ်။ ဆန္ဒ အမြဲတမ်းမြင့်နေတယ်ပေါ့။ 

 ကိုရင်တို့ စဥ်းစားကြည့်၊ ကိုရင်တို့ဖတ်နေတဲ့ ဘုရားစာတွေ ပိဋကတ်ကျမ်းစာတွေ၊ ကိုရင်တို့ရဲ့ ဆွမ်းဒကာတွေ တချို့ဆို တသက်လုံးမဖတ်ရဘူး၊ ပိုက်ဆံပဲကုန်းရှာနေရတာ။ တချို့ဆိုရင် အသက် ၅၀ ကျော်၊ ၆၀ ကျော်မှ တရးစနာရတယ်။ ဟိုနည်းနည်း ဒီနည်းနည်း တရားနာတာပေ့ါ။ အဲဒါလည်းပဲ ကျမ်းစာတစ်ခုလုံးကို ဒီတိုင်း စနစ်တကျဖတ်ရတာမျိုး မရှိဘူး။ 

 အဲဒါကြောင့်မို့လို့ စာဖတ်တဲ့အခါ၊ စာလိုက်တဲ့အခါမှာ ငါ့ဆွမ်းဒကာတွေအတွက် ငါ စာဖတ်မယ်။ ဆွမ်းဒကာဆိုတော့ ကိုယ့်ရဲ့ဆွမ်းခံအိမ် ၉အိမ် ၁၀အိမ် ၁၅အိမ်လောက် မဟုတ်ဘူး။ ပရ ပဋိဗဒ်ဓါ မေ ဇီဝိတာ - တပည့်တော်တို့ ဘုန်းကြီးရဲ့တွေဘဝက လူတိုင်းနဲ့ပတ်သက်နေတာ၊ လူတိုင်းနဲ့ဆက်စပ်တာ။ 

 တပည့်တော်တို့ ဆွမ်းခံအိမ်တွေကနေ လောင်းလိုက်တဲ့ဆွမ်း သူတို့စိုက်တာ မဟုတ်ဘူး အဲဒီစပါးကို။ စိုက်တဲ့လူတွေက တခြားမှာ။ စိုက်ပြီးတော့ အဲဒီစပါးတွေ ကြိတ်ရအုန်းမယ်။ အဲဒီကြိတ်တာကို လယ်သမားက မလုပ်တတ်ဘူး။ စပါးကြိတ်စက် ထုတ်လုပ်တဲ့လူကရှိသေးတယ်။ စပါးကြိတ်တဲ့လူက ရှိသေးတယ်။ 

 စပါးကြိတ်ဖို့အတွက်ဆိုရင် ဘာလိုတုံး။ ဓါတ်ဆီက လိုပြန်ရော။ ဓါတ်ဆီတွေ တူးပြီးတော့ မန္တလေးဆို မန္တလေးရောက်အောင် သယ်ပိုးပေးတဲ့လူတွေရှိတယ်။ လူတွေ အများကြီးရှိတာပေါ့။ 

 အဲဒီလူတွေ ကိုရင်တို့ လေ့လာခွင့်ရတဲ့ ဗုဒ္ဓတရားတော်တွေ၊ ခုန တပည့်တော် ပရိုဂျက်တာပေါ်မှာ ပြသွားတဲ့စာအုပ်တွေ အဲဒီစာတွေကို ဖတ်ဖို့အတွက် အခွင့်အလမ်းရှိတဲ့လူက နည်းပါတယ်။ ၁၀၀ မှာ ၁ ယောက် မရှိပါဘူး။ အခု ဒီထဲမှာဆိုရင် လူ ၃၀၀ လောက်ရှိမယ်။ အဲဒီစာအုပ်တွေကို မြင်ဖူးတာ တပည့်တော်ထင်တာတော့ ၁၀ ဦးမပြည့်လောက်ဘူး။ အဲဒီလောက်ထိနည်းတယ်။

 အဲဒါကြောင့်မို့လို့ အဲဒီစာအုပ်တွေ ဖတ်တဲ့အခါမှာ သူများအတွက်ဖတ်မယ်။ အဲဒါဆိုရင် ဘုရားအလောင်းရဲ့စိတ်ဓါတ်၊ မြတ်စွာဘုရားရဲ့စိတ်ဓါတ်ပဲ။ အဲဒီတိုင်းဆိုရင်တော့ တခါမှ စိတ်ဓါတ်မကျတော့ဘူး။ သူများအတွက် တွေးပါလို့ ပြောချင်တာ ဘုရား။ 

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၇.၁၁.၂၀၂၅) နေ့ မန္တလေးမြို့ ဓမ္မဓရဘာသန္တကောလိပ်ရှိ သံဃာတော်များ ဆရာ/ဆရာများ နှင့် ဝန်ထမ်းများအတွက် ဟောကြားတော်မူခဲ့သော မပြိုင်ဆိုင်ကြရင် တိုးတက်နိုင်ပါသလား - Can there be Progress without Competition? တရားတော် မှ စာစီပူဇော်ပါသည်။

No comments:

Post a Comment