လူတွေမှာ စားဝတ်နေရေးအတွက်
ရုန်းကန်ရတဲ့ ဒုက္ခက တစ်မျိုး၊
တစ်ယောက်နဲ့ တစ်ယောက်
ပြောရဆိုရတာ အဆင်မပြေလို့၊
ဆက်ဆံရေး အဆင်မပြေလို့
စိတ်ဆင်းရဲရတဲ့ ဒုက္ခကတစ်မျိုး။
အဲဒီဒုက္ခနှစ်မျိုးမှာ ဘယ်ဒုက္ခက
ပိုကြီးသလဲ?
စားဝတ်နေရေးကတော့
ကြိုးစားပြီးတော့ ရုန်းကန်ရင်း
အထိုက်အလျောက်တော့
ဖြစ်သွားတာပါပဲ။
ပင်တော့ပင်ပန်းကြပါတယ်။
တစ်ချို့ စားဝတ်နေရေး
တော်တော် ခက်ပါတယ်။
ဒါပေမဲ့
သေချင်လောက်အောင်
စိတ်ညစ်ရတယ်၊
စိတ်ဆင်းရဲရတယ်ဆိုတာမျိုးဟာ
စားဝတ်နေရေးကြောင့်ဖြစ်တာ
နည်းပါတယ်။
သေချင်လောက်အောင်
စိတ်ဆင်းရဲရတာမျိုး
အများဆုံးဖြစ်ရတာဟာ
ဆက်ဆံရေး ပြောရေးဆိုရေး
အဆင်မပြေလို့ပဲ။
ဒါကြောင့်
လူလူချင်း ဆက်ဆံရေးကို
တော်တော်လေး သတိထားဖို့
လိုတယ်။ အလေးထားဖို့ လိုတယ်။
တန်ဖိုးထားဖို့ လိုတယ်။
ဒါကို နားလည်ဖို့လည်း လိုတယ်။
ပညာရပ်တစ်ခုအနေနဲ့ လေ့လာဖို့
အင်မတန် သင့်တဲ့ကိစ္စ တစ်ခုပါ။
ဒါကို ဘယ်ကျောင်းမှာမှ
သင်မပေးဘူး။
ကိုယ့်ဘဝမှာ အစစအရာရာ
အဆင်ပြေဖို့
အရေးအကြီးဆုံးအချက်ဟာ
ဆက်ဆံရေး ကောင်းဖို့ပဲ။
ဆက်ဆံရေးမကောင်းရင်
ကြီးပွားရေးတိုးတက်ရေးမှာ
အခက်အခဲများမယ်။
တစ်ခြားအရည်အချင်းတွေ
ဘယ်လောက်ရှိရှိ
ဆက်ဆံရေးမကောင်းရင်
မကြီးပွားနိုင်ဘူး။
ဆက်ဆံရေးကောင်းဖို့ဆိုတာ
စိတ်နေသဘောထားမျှတမှု၊
ကိုယ်ချင်းစာနာမှု ရှိရုံလောက်နဲ့
မရသေးဘူး။
အပြောအဆို ပြေပြစ်ဖို့၊
ပြတ်သားဖို့ လိုတယ်။
ဒါကြောင့် ပြောပုံဆိုပုံကို
သေသေချာချာ လေ့လာရမယ်၊
လေ့ကျင့်ရမယ်။
လူဖြစ်လာပြီဆိုတာနဲ့
လူလူချင်းဆက်ဆံရေးဟာ
ရှိလာပြီ။
ကျောင်းမနေသေးခင်ကတည်းက၊
ကလေးဘဝကတည်းက
လူလူချင်းဆက်ဆံရေးဟာ
ရှိလာပြီ။ အိမ်မှာဆို မိဘတွေ
ရှိတယ်၊ ညီအစ်ကို မောင်နှမတွေ
ရှိတယ်၊ ပတ်ဝန်းကျင်မှာကျ
ကစားဖော် ကစားဖက်တွေ ရှိမယ်။
ဘယ်လိုသဘောထားပြီး
ဘယ်လိုဆက်ဆံရမယ်ဆိုတာ
အဲဒီကတည်းက စတာပဲ။
အထူးသဖြင့် မိဘနဲ့ သားသမီးဟာ
ပထမဦးဆုံး ဆက်ဆံရေး
first relationship ဖြစ်တယ်။
အဲဒီ ဆက်ဆံရေး အဆင်ပြေဖို့
သိပ်အရေးကြီးတယ်။
အားလုံးပဲ ကိုယ့်အလုပ်မှာ
ကိုယ့်အိမ်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ
ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူ
ဘယ်သူ ဘယ်ဝါ ရှိတယ်ဆိုတာ
ပြန်စဉ်းစားကြည့်မယ်ဆိုရင်
သိနိုင်တယ်။ ရှိတယ်။ ဖြစ်နိုင်ရင်
အဲဒီလူတွေကို ရှောင်ချင်တယ်။
ဒါပေမဲ့
အခြေအနေ တော်တော်များများမှာ
မရှောင်သာဘူး၊ မရှောင်နိုင်ဘူး၊
ရှောင်လို့မရဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က
သူတို့နဲ့ အတူတူနေနေရတယ်။
ခွဲသွားလို့ မရဘူး။ သို့မဟုတ်ရင်
အတူတူ အလုပ်လုပ်နေရတယ်။
ရှောင်လို့ မရဘူး။
ကိုယ့်အထက်လူကြီး
ဖြစ်ချင်ဖြစ်မယ်၊ တန်းတူရည်တူ
လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်ဖြစ်မယ်။
ကိုယ့်အောက်ကလူ ဖြစ်ချင်ဖြစ်မယ်။
သို့မဟုတ်ရင်လည်း မိသားစု
ဖြစ်နေရင် သူနဲ့ပက်သက်ပြီး
ကိုယ့်မှာ တာဝန်ရှိနေတယ်။
ဘယ်လိုမှ ထားခဲ့လို့ မရဘူး။
တကယ်တော့ ကိုယ့်ကို အများဆုံး
စိတ်ပင်ပန်းစေတဲ့ သူတွေဟာ
ကိုယ်အင်မတန် နှစ်နှစ်ကာကာ
ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ်။
တစ်ယောက်နဲ့တစ်ယောက်
ချစ်ချစ်ခင်ခင် ဆက်ဆံနေတဲ့
ဆက်ဆံရေးတွေမှာ
တစ်ယောက်ကိုတစ်ယောက်
စိတ်ချမ်းသာမှု ပျော်ရွှင်မှု
ပေးနိုင်သလို အင်မတန်
နက်ရှိုင်း ပြင်းထန်တဲ့
စိတ်ဆင်းရဲမှုကိုလည်း
ဖြစ်စေနိုင်တယ်ဆိုတာ
အားလုံးသိကြဖို့လိုပြီး သတိရှိနေ
ရမယ်။
အဲဒီလို သတိနဲ့နေတဲ့
အလေ့အကျင့်ကို လုပ်ခြင်းအားဖြင့်
ဆက်ဆံရေးကြောင့်ဖြစ်တဲ့
စိတ်ပင်ပန်းမှုကိုလည်း
လျော့နည်းသွားစေနိုင်တယ်။
ပြောတဲ့အခါမှာ
သတိရှိနေဖို့ လိုတယ်။
ပြောချင်နေတဲ့ စိတ်ကို သိနေရင်
စကားမှားတာ နည်းမယ်။
ကိုယ့်ကြောင့် ဆက်ဆံရေးပိုပြီး
တင်းမာသွားတာမျိုး မဖြစ်ဘူး။
အကယ်၍ သူ့ဘက်က
ပြောတာဆိုတာ မပြောတတ်လို့
ဖြစ်စေ၊ သဘောထား မမှန်လို့
ဖြစ်စေ ပြဿနာဖြစ်စရာ
ပေါ်လာရင်တောင်မှ
ကိုယ်က သတိရှိနေရင်
ဒီပြဿနာတွေ ကြီးမလာဘူး။
ဖြစ်သင့်တာ ဖြစ်လာအောင်
ပြေလည်လာအောင်လည်း
သတိနဲ့ပြောပြီး ဖြေရှင်းလို့ရတယ်။
ဒါကြောင့် လူလူချင်း
ဆက်ဆံရေးသည်ပင်လျှင်
တရားအားထုတ်ဖို့ရာ
အခွင့်အရေးတစ်ခု၊
အခြေအနေတစ်ခုဆိုတာ
သဘောပေါက်ဖို့ လိုတယ်။
လူလူချင်း ဆက်ဆံရေးသည်ပင်လျှင်
ကိုယ့်ကိုယ်ကိုယ် ပိုပြီး
ရင့်ကျက်တဲ့သူ ပြည့်ဝတဲ့သူ
ဖြစ်လာအောင် အထောက်အကူ
ပေးနိုင်တယ်။
လူဟာ အခုလောက်
အဆင့်အတန်းမြင့်တဲ့
သတ္တဝါဖြစ်လာတာဟာ
စကားပြောတတ်လို့ပဲ။
လူတစ်ယောက်ရဲ့အဆင့်အတန်း
မြင့်သွားလေလေ
သူ့ရဲ့ ပြောပုံဆိုပုံဟာလည်း
အဆင့်အတန်းမြင့်သွားလေလေ
ဖြစ်ရမယ်။ လူတစ်ယောက်ရဲ့
စိတ်နေသဘောထားနဲ့ ဉာဏ်ပညာကို
သူ့စကားပြောပုံကို ကြည့်ပြီး
အကဲခတ်လို့ရတယ်။
စိတ်နေသဘောထား
အဆင့်မြင့်တဲ့သူ၊
ဉာဏ်ပညာ အဆင့်မြင့်တဲ့သူဟာ
စကားကို သတိနဲ့ပြောတယ်။
စဉ်းစဉ်းစားစားပြောတယ်။
ကိုယ့်ဂုဏ်သိက္ခာကို
ကိုယ်တန်ဖိုးထားတဲ့သူဟာ
ကိုယ်ပြောတဲ့စကားကို
တန်ဖိုးထားတယ်။ စကားကို
ပေါ့ပေါ့တန်တန် မပြောဘူး။
ကိုယ့်စကားကိုယ် တန်ဖိုးမထားရင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရာ
ရောက်တယ်။ ကိုယ့်စကားကို
သူတစ်ပါးက တန်ဖိုးမထားရင်
မကြိုက်ဘူးနော်၊ ကိုယ့်စကားကို
သူတစ်ပါးက တန်ဖိုးထားစေချင်ရင်
ပထမ ကိုယ့်စကားကိုယ်
တန်ဖိုး ထားရမယ်။
ဒါကြောင့် သတိနဲ့ ပြောရမယ်။
စဉ်းစဉ်းစားစား ပြောရမယ်။
အပြောမတတ်တော့ ဆဲသလို
ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။
တစ်ချို့က ငါက အပြောသာ
ဆိုးတာပါ၊ သဘောမဆိုးပါဘူးလို့
ပြောတတ်တယ်။
သဘောလည်းကောင်း
အပြောလည်းကောင်းဖို့ လိုပါတယ်။
စကားပြောတယ်ဆိုကတည်းက
နောက်တစ်ယောက်နဲ့ ပြောရတာ။
စကား ပြောတယ်ဆိုတာ
communication ရှိတာ။
communication ရှိရင်
relationship ဆက်ဆံရေးရှိတယ်။
communication မရှိတော့ဘူး၊
စကား မပြောတော့ဘူးဆိုရင်
relationship ဆက်ဆံရေး
မရှိတော့ဘူး။ Communication နဲ့
relationship ဟာ တွဲနေတယ်။
The quality of
my communication is the
quality of my life.
ကိုယ့်ရဲ့ ပြောပုံဆိုပုံ ဆက်ဆံပုံ
အရည်အသွေးဟာ ကိုယ့်ဘဝရဲ့
အရည်အသွေးပဲလို့တောင်
ပြောလို့ရတယ်။
ဆက်ဆံရေးမှာ အရည်အသွေး
မြင့်မားရင် ဘဝအရည်အသွေး
မြင့်မားတယ်လို့ ဆိုနိုင်တယ်။
ဆက်ဆံရေးနဲ့ ပက်သက်ပြီးတော့
ကိုယ့်ဘက်က ယူရမယ့်
တာဝန်ရှိတယ် ဆိုတာကို
နားလည်ဖို့လိုတယ်။
တာဝန်ယူဖို့ ဆိုတာက
ကိုယ့်ကြောင့် ပိုပြီးတော့
ဆိုးမသွားအောင် သတိထားဖို့
လိုတယ်။ ထိန်းသိမ်းဖို့ လိုတယ်။
အကယ်၍ သူက မှားနေတယ်
ဆိုဦးတော့...
ကိုယ်ကပါ မှားသွားလို့ရှိရင်
နှစ်ယောက်လုံး အမှား ဖြစ်သွားပြီ။
သူ့အမှားက ကိုယ့်အမှားကို
အမှန်ဖြစ်အောင် လုပ်မပေးနိုင်ဘူး။
တစ်ချို့လူတွေရဲ့ သဘောထားက
သူကမှ ဒီလို သဘောထားရင်
ငါကလည်း သူ့လိုပဲ
သဘောထားလိုက်မှာပေါ့။
သူကမှ မကောင်းရင်
ငါလည်း မကောင်းနိုင်ဘူးပေါ့
ဒီလို သဘောထားမျိုး
ရှိတတ်တယ်နော်။ အဲဒီလို
သဘောထားမျိုး ထားလိုက်ရင်
ကိုယ့်ဘက်က ကိုယ့်တာဝန်ကို
ကိုယ်မယူရာ ရောက်သွားပြီ။
အဲဒီလို သူက သဘောထားဆိုးလို့
ကိုယ်ကလည်း...
သဘောထားဆိုးဆိုးကို
ထားပိုင်ခွင့်ရှိတယ်လို့
ယူဆလိုက်လို့ရှိရင် ဒီဆက်ဆံရေးဟာ
ကောင်းလာနိုင်မလား?
ကောင်းလာနိုင်မှာ မဟုတ်တော့ဘူး
နော်။ ကိုယ့်ဘက်က ကိုယ့်တာဝန်ကို
ကိုယ်မယူရာ ရောက်သွားပြီ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment