စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 13, 2025

အပ္ပမာဒတရားလက်ကိုင်ထား

ဘုန်းဘုန်းက အမြဲတန်း သွားသတိ၊ လာသတိနဲ့ နေခဲ့တယ်။ ဘုန်းဘုန်း အသက် နှစ်ဆယ်ကျော်အရွယ် ဒီဝိပဿနာတရားကို ကျင့်နေတဲ့အချိန်တုန်းက ဘုန်းဘုန်း လူ့ဘဝကနေခဲ့တဲ့ သာကေတ (၆) ရပ်ကွက်က ဘုန်းဘုန်းနဲ့အတူ တရားကျင့်ဖက် ကုလားကြီးရဲ့အိမ်ကနေ စကားပြောပြောပြီးတော့ တရားဆွေးနွေးပြီးတော့ ဘုန်းဘုန်းရဲ့အိမ်ကို လမ်းလျှောက်ပြီး ပြန်လာတယ်၊ အဲဒီတုန်းက ဘုန်းဘုန်းက ဆေးလိပ်သောက်တော့ ဆေးလိပ်ကလေးကို လမ်းလျှောက်ရင်း သောက်ပြီး အိမ်ကို ပြန်လာခဲ့တယ်။ ဘုန်းဘုန်းက သတိအမြဲရှိခဲ့တယ်။ ခြေထောက်နဲ့ မြေကြီးနဲ့ ထိလိုက်ရင်လဲ သတိရှိတယ်။ မျက်လုံးကလေး စွေကြည့်တာကိုတောင် ဘုန်းဘုန်းက သတိထားတယ်။ ဒါကိုယ့်ဟာကိုယ် သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ အမြဲသတိမြဲနေအောင် ကျင့်ထားတာနော်။ သတိလက်လွတ် မောဟနဲ့နေတဲ့ အချိန်ဆိုတာ ဘုန်းဘုန်းအတွက် လုံးဝမရှိသလောက် ရှားခဲ့တယ်။

ဆေးလိပ်သောက်ရင်းနဲ့ ဘုန်းဘုန်းက အိမ်ကို လမ်းလျှောက်ပြန်လာခဲ့တယ်။ ဆေးလိပ်ကလေးက တိုသွားတော့ ဘုန်းဘုန်းက ဆေးလိပ်တိုကလေးကို အမှတ်တမဲ့ လွှင့်ပစ်လိုက်တယ်။ ဆေးလိပ်တိုကလေးကို လွှင့်ပစ်လိုက်တာ အမှတ်တမဲ့ ဖြစ်သော်ငြားလဲလည်း လမ်းသွားတာကတော့ သတိနဲ့သွားနေတာ။ သတိကကောင်းနေတော့ ဆေးလိပ်တိုကလေးနဲ့ အောက်က ရေအိုင်ကလေး ထိလိုက်လို့ဖြစ်လာတဲ့ ရှဲ ဆိုတဲ့အသံကလေးကို ဘုန်းဘုန်းကြားလိုက်တယ်။ အဲဒီအချိန်မှာ ဝေဒနာချုပ်သွားတယ်။ ကြည့်စမ်း ဘုန်းဘုန်းတို့ ဉာဏ်တွေ ဘယ်လောက်ကောင်းလိုက်သလဲ။ ဉာဏ်က အရင်ဦးစီးပစ်လိုက်တာ။ ကိုယ် မဟုတ်ဘူးနော်၊ ငါ မဟုတ်ဘူးနော်။

ဒီသတိနဲ့ သွားနေရင်းနဲ့ ဉာဏ်က သူ့ဟာနဲ့သူ ဝင်ဦးပစ်လိုက်တာ။ ဒါကြောင့်မို့လို့ ဘုန်းဘုန်းက သတိနဲ့စား၊ သတိနဲ့သွား၊ သတိနဲ့ကြည့်၊ သတိနဲ့နေ၊ သတိနဲ့လုပ် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ အပေါ်မှာ သတိကလေး မြဲအောင်နေပါလို့ ယောဂီတို့ကို အမြဲသတိပေးနေရတာ။ နေ့စဉ်မှာ ယောဂီတို့ ဘာဘဲလုပ်နေလုပ်နေ လုပ်သမျှတိုင်းမှာ၊ အချိန်တိုင်းမှာ အဲဒီ သတိကလေး မြဲနေပြီဆိုရင် ဒီတရားက တွေ့ကိုတွေ့တယ်၊ ရကိုရပါတယ်။

ဆေးလိပ်တိုကလေးနဲ့ အောက်က ရေအိုင်ကရေလေးနဲ့ ထိလိုက်လို့ ဖြစ်လာတဲ့ ရှဲ ဆိုတဲ့ အသံကလေးကို ကြားလိုက်တာနဲ့ ဘုန်းဘုန်း သဘာဝတရားကြီးကို သိသွားတယ်၊ နားလည်သွားတယ်၊ လွတ်မြောက်သွားတယ်။ လွတ်လဲလွတ်သွားရော ဘုန်းဘုန်း လမ်းလျောက်နေရာ ကနေ အဲဒီမှာ မတ်တပ်ရပ်လိုက်ပြီး ပြန်ဆင်ခြင်တယ်။ လွတ်ပြီးတာကို လွတ်ပြီးသလို မထားခဲ့ဘူး။ ရှဲ ဆိုတဲ့ အသံဓာတ်ကို ပြန်ဆင်ခြင်တယ်။ ဒီဆေးလိပ်တိုကလေး၊ ရုပ်ကလေးကလဲ သူ့ကိုသူ မီးလောင်နေတယ်ဆိုတာကို သိပါ့မလား .. မသိဘူး။ မီးကလဲ ငါဆေးလိပ်တိုကလေးကို လောင်နေရတယ်ဆိုတာကို သိပါ့မလား မသိဘူး။ ဘာဖြစ်လို့ မသိတာလဲ ဆေးလိပ်တိုကလေးရော၊ မီးရောက ရုပ် - ရုပ် ချင်းတွေမို့လို့။ သိတတ်တဲ့ နာမ်တရားလေး မရှိလို့။ ရုပ်ရဲ့သဘာဝက မသိတတ်ဘူး။

တခါ ဟိုးအောက်က ရေကလဲ ငါ မြေကြီးပေါ်မှာ ရှိနေရတယ်ဆိုတာကို မသိဘူး။ မြေကြီးကလဲ ငါ့အပေါ်မှာ ရေတွေရှိနေတယ်ဆိုတာကို မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေရော၊ မြေကြီးရောက ရုပ် - ရုပ် ချင်းတွေမို့လို့။ သိတတ်တဲ့ နာမ်တရားလေး မရှိလို့။ ရုပ်ရဲ့သဘာဝက မသိတတ်ဘူး။ အဲဒီ ရုပ်နှစ်ခု အကြောင်းဆိုင်ပြီးတော့ တိုက်လိုက်တဲ့အခါ ကျတော့မှ၊ အပူဓာတ်နဲ့ အအေး ရှဲ ဆိုတဲ့ အကျိုးတရား အသံဓာတ်တစ်ခုဆိုတာ ဖြစ်ပေါ်လာ ခဲ့တယ်။ ဒါဟာ သဘာဝတရားပဲဆိုတာကို ဘုန်းဘုန်းသိတယ်။ အဲဒီအကျိုးတရား သဘာဝတရားကလည်း ဖြစ်ပြီးတော့ ပျက်နေတယ်။

ဒါဖြင့် ခြေထောက်နဲ့ မြေကြီးနဲ့ ထိပြီးတော့ သွားနေတဲ့အခါမှာ မာတယ်၊ ပျော့တယ် ဆိုတာကို သိတာလဲ သဘာဝဘဲ။ သဘာဝတရားတွေကို မြင်လာတယ်။ ဒါကို ယထာဘူတဉာဏ်လို့ ခေါ်တယ်။ ဒါဖြင့် ထီး၊ ဦးထုပ်မဆောင်းလို့ ခေါင်းကို နေပူသွားတယ်။ အဲဒီ ခေါင်းကို နေပူတာကို ပြန်ဆင်ခြင်ကြည့်လိုက်တယ်။

ဪ ဟိုးက နေကလဲ ရုပ်တရား၊ ဒီခန္ဓာကလဲ ရုပ်တရား၊ ရုပ်နှစ်ခု တိုက်လိုက်တော့ ပူတယ်ဆိုတဲ့ သီးခြားဓာတ်တစ်ဓာတ် ဖြစ်ပေါ်လာပါလားဆိုတာကို ဘုန်းဘုန်းနားလည်သွားခဲ့တယ်။ အကြောင်းတရားနှစ်ခုတိုက်ရင် အကျိုးတရား တစ်ခုဆိုတာ ပေါ်ကိုပေါ်တယ်။ အဲဒီ သဘာဝတရားသဘောကို နားလည်သွား၊ သိသွားတော့ အိမ်ပြန်ရောက်တာနဲ့ တရားကို ထိုင်တော့တာပဲ။ ဘုန်းဘုန်းရဲ့အိမ်က သစ်သားကြမ်းခင်းဆိုတော့ ကြမ်းခင်းပေါ်မှာ ဖျာကလေး တင်ထားတယ်။ ဖျာကလဲ ငါ့အောက်မှာ သစ်သားကြမ်းခင်း ရှိတယ်လို့ မသိဘူး၊ သစ်သားကြမ်းခင်းကလဲ ငါ့အပေါ်မှာ ဖျာရှိတယ်လို့ မသိဘူး။ တခါ ဖျာကလဲ ငါ့အပေါ်မှာ ဒီရုပ်ကြီးထိုင်နေတယ်ဆိုတာကို မသိဘူး၊ ဒီရုပ်ကြီးကလဲ ငါ ဖျာပေါ်မှာထိုင်နေတယ် ဆိုတာကို မသိဘူး။ ဒါပေမယ့် ကြာကြာထိုင်လိုက်တော့၊ အကြောင်းနှစ်ခုတိုက်လိုက်တော့ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ နာတယ်၊ ကိုက်တယ် ဆိုတာတွေ ပေါ်လာတယ်။ ဒါဟာ သဘာဝတရားပဲ။ အကြောင်းတရားနှစ်ခုတိုက်လို့ အကျိုးတရား တစ်ခုပေါ်လာတာ။ ဒီအကျိုးတရားကလည်း ဖြစ်ပြီးတော့ ပျက်နေတဲ့ သဘာဝတရားဆိုတာကို ဘုန်းဘုန်း နားလည်သွားခဲ့တယ်။ အဲဒီအခါမှာ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ နာတယ်၊ ကိုက်တယ် ဆိုတာတွေက နေ လွတ်သွားခဲ့တယ်။

 ပြည်မြို့ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
 ထိုမှာဘက်ကမ်းနိဗ္ဗာန်စခန်း

#မြတ်ဗုဒ္ဓတရားများ 
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည် 
#သဲအင်းဂူ

No comments:

Post a Comment