🙏🙏🙏🙏🙏🙏🙏🙏
တပည့်တော်တို့ ပါရမီများ နည်းပါးနေလို့လား
မသိဘူး ဘုရား။ မှတ်တော့ မှတ်တာပဲ။
မှတ်ပြီးတဲ့နောက် ပျောက် ပျောက်သွားပါတယ်။
ဒါကတော့ ဒကာကြီးရယ်၊
အခု မိုးတွေ၊ ဘာတွေ ရွာတယ် မဟုတ်လား။
ရွာပါတယ် ဘုရား။
ရွာတဲ့ အခါကျတော့ အိမ်က မိုးယိုရောဗျ။
အဲသည်လို မိုးယိုတာဟာ
အိမ် ကောင်းလို့လား
အိမ် မကောင်းလို့လား၊
ဘယ်ဟာ မကောင်းတာလဲ။
မိုးယိုတာကတော့ အိမ် မကောင်းလို့ပါ ဘုရား။
အိမ်က ညံ့လို့လား၊ အိမ်ရှင်က မပြင်လို့လား။
အိမ်ရှင်က မပြင်လို့ပါ ဘုရား။
ဒါနဲ့များ မိုးယိုတာ
အိမ်ကို အပြစ်တင် ရသလားဗျ။
အိမ်က ဘာမှ ပြန်မပြောတတ်တော့
အိမ်ကိုပဲ အပြစ်အားလုံး ပုံချလိုက်ရတာပါ ဘုရား။
ဒါ အိမ်ရှင် အပြစ်လား၊ အိမ်ရဲ့ အပြစ်လားဗျ။
အိမ်ရှင် အပြစ်ပါ ဘုရား။
ဒါဖြင့် ဖားအော်တဲ့ ဆူညံတာတွေ
ကြားတာကကော ပါရမီ နည်းပါးလို့လားဗျ။
တရား အားထုတ်တုန်း
ဖားအော်သံ ကြားတာကတော့
တပည့်တော်မှာ ပါရမီ နည်းလို့ပါ ဘုရား။
ပါရမီရှိတဲ့ လူတွေက ခုလို ဆူညံသံတွေ ရှိလည်း
မှတ်နိုင်တယ်လို့ မှတ်သားဖူးပါတယ် ဘုရား။
တပည့်တော်တို့က ပါရမီနည်းပါးတော့
စိတ်ထဲလည်း ထားလျက်၊ ဆူညံသံကလည်း
ကြားလျက်နဲ့ စိတ်က ဟိုရောက်၊ သည်ရောက်။
တရားထူး ရဖို့ကိုတော့ လိုချင်လိုက်တာ၊
တပည့်တော်ထက် လိုချင်တဲ့သူ မရှိဘူးလို့
ထင်မိပါတယ် ဘုရား။
ကောင်းပါ့ဗျာ။
တရားထူးရဖို့ လိုချင်တယ်ဆိုရင် ဒကာကြီး
ထမင်းဆာရင် စားချင်တယ် မဟုတ်ပါလား။
စားချင်ပါတယ် ဘုရား။
အဟုတ်စားချင်တဲ့ အခါကျတော့
ဒကာမကြီး ခူးမကျွေးရင် ဘယ့်နှယ်လဲ။
ကိုယ်တိုင်ခူးပြီး စားလိုက်တာပါပဲ ဘုရား။
ခူးမပေးရင် ငါတော့ မစားသေးဘူးလို့များ
လုပ်သေးသလား။
ခူးပြီး စားပါတယ် ဘုရား။
အခုလည်း တရားအားထုတ်ပါ ဆိုတော့
ဆူညံသံတွေ ကြားတယ်၊
အနှောက်အယှက်တွေ ဖြစ်တယ် ဆိုတာက
တရားထူး ရဖို့ကို အဟုတ် လိုချင်ရင်
ကြားပါ့မလားဗျ။
တပည့်တော် သံသရာဝဋ်ဆင်းရဲကနေ
လွတ်မြောက်တဲ့ တရားထူး ရဖို့ကို
အဟုတ်တော့ လိုချင်ပါတယ် ဘုရား။
တပည့်တော်ရဲ့ ပါရမီက နည်းပါးနေလို့
ထင်ပါတယ် ဘုရား။
အခုန ထမင်း အဟုတ်စားချင်တယ်
မဟုတ်လား။
စားချင်ပါတယ် ဘုရား။
အဟုတ်စားချင်တော့
သူတို့က မကျွေးလည်း နေပါစေ ဆိုပြီး
နေသလားဗျ။
မကျွေးလည်း နေပါစေ ဆိုပြီး မနေပါ ဘုရား။
ကိုယ်တိုင် ခူးခပ်ပြီး စားလိုက်တာပါပဲ ဘုရား။
အခုလဲ သံသရာဝဋ်ဆင်းရဲက
လွတ်မြောက်ဖို့ တရားထူး ရဖို့ကို
အဟုတ် လိုချင်ရင် ဘယ့်နှယ်လဲ၊
သည်ဖားတွေ အော်နေလို့ ဆိုပြီး
လှည့်ပတ် နေဦးမှာလား။
ဖားတွေကို လှည့်ပတ် မချတော့ပါဘူး ဘုရား။
ဖားသံအပေါ်မှာ ကိုယ့်နားကိုပဲ
ဝီရိယ တင်ပေး ရမှာပါ ဘုရား။
ဒါဖြင့် သည်လိုလုပ်ဗျ။
သာသနာတော်နဲ့ ကြုံရတဲ့ ခေတ်မှာ
လူလာဖြစ်တာ ဆိုတော့ လူတိုင်းမှာ
ရှေးပါရမီက နည်း၊ များ မဆို ရှိကြပါတယ်ဗျာ၊
ဘာက လိုနေတာလဲ ဗျာ့။
ဝီရိယ လိုနေပါတယ် ဘုရား။
ဟုတ်တယ်။
တရားထူး ရဖို့က
ဝီရိယ တင်ပေးဖို့ လိုတယ်။
ကျေးဇူးတော်ရှင်
ဝေဘူဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏
No comments:
Post a Comment