ဘုရားရှင်သည် ဓမ္မပဒပါဠိတော်၌ ကံကြမ္မာသည် လူ၏အရိပ်နှင့်တူကြောင်းကို ဆာယာဝ အနုပါယိနီဟု ဒေသနာတစ်ရပ်ဖြင့် မိန့်မြွက်တော်မူခဲ့၏။
အရိပ်သည် လူ၏ခန်ဓာကျိုယျနှငျ့ စပ်ဆက်နေသည့်အတွက် ခန္ဓာကိုယ်က သွားသည်ရှိသော် အရိပ်လည်း သွား၏၊ ခန္ဓာကိုယ်က ရပ်သည်ရှိသော် အရိပ်လည်း ရပ်၏။ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့်သော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၍သော်လည်းကောင်း ငါ့နောက်မလိုက်နဲ့၊ နေခဲ့ဟု ချန်ထားရစ်ခဲ့၍ မရပေ၊ လိုက်မြဲ လိုက်နေသည်သာတည်း။
(ငယ်ငယ်တုန်းက နေပူထဲထွက်သည့်အခါ ကိုယ့်အရိပ် ကိုယ့်နောက်မလိုက်အောင် ခုန်ကျော်၍ သွားခဲ့ဖူးသည်ကိုပင် အမှတ်ရမိပါသေး၏။)
သတ္တဝါတို့၏ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ပြုလုပ်ခဲ့သော ကောင်းမှုအထွေထွေ ဆိုးမှုအဖြာဖြာ ကံကြမ္မာများသည်လည်း အရိပ်ပမာ ထိုနည်းတူစွာပင်တည်း။
လှံထမ်းလာတာကို မြင်ရတယ်၊ ကံထမ်းလာတာကို မမြင်ရဟု ဆိုကြ၏။ အကယ်၍ ကံထမ်းလာသည်ကို မြင်ရငြားအံ့၊ မိမိတို့၏ကံသည် နှစ်လိုဖွယ်အသွင်ဆောင်နေမည်လောသို့တည်းမဟုတ် စက်ဆုတ်ရွံဖွယ်စရာဖြစ်နေမည်လောဟု မိမိကိုယ်တိုင် စစ်ကြောဝေဖန်နေသင့်၏။
မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ပြုလုပ်ခဲ့ဖူး,ပြုလုပ်နေဆဲဖြစ်သော အရိပ်ပမာ ကံကြမ္မာကား လိုက်မြဲလိုက်နေမည်သာ ဖြစ်ပေ၏။
ဘုရားရှင်လက်ထက်တော်အခါက ရဟန်းအားလုံးတို့၏ရှေးဦးစွာ စာရေးတံမဲကို ယူကုန်သောရဟန်းတို့တွင် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ရရဟန္တာအရှင်မြတ်တစ်ပါး ရှိ၏။ ထိုအရှင်မြတ်၏ ဘွဲ့တော်မှာ အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)မထေရ် ဖြစ်၏။
လူ့ဘဝတုန်းက သူ၏နာမည်အရင်းမှာ ဓာနလုလင်တည်း။ အကျင့်စာရိတ္တကောင်း၍ လိမ္မာရေးခြားရှိသော ဗေဒင်သုံးပုံတတ်ကျွမ်းသည့် ပညာတတ်ဗြဟ္မဏလုလင်တစ်ယောက်ပင် ဖြစ်၏။
ကောဏ္ဍဟူသည် မိန်းမကြူး(လိုက်စား)သော ယုတ်ညံ့သူဟူ၍ အဓိပ်ပါယျရသညျ့ ဆိုးဂုဏ်တစ်ခုဖြစ်၏။ ထိုအရှင်မြတ်သည် ရဟန်းဝတ်ပြီးသည့်အချိန်မှ စ၍ ဓာနဟူသော မူလနာမည်ပေါ်တွင် ကုဏ္ဍ(ကောဏ္ဍ)ဟူသော ဆိုးဂုဏ်တစ်ခုဆင့်၍ ကုဏ္ဍ(ကောဏ္ဍ)ဓာနဟူသော အမည်ကို ရရှိခြင်းဖြစ်လေ၏။
တကယ် မိန်းမလိုက်စားသည့်အတွက် ထိုနာမည်ကိုရသည်မဟုတ်၊ သံသရာတွင်းဝယ် ပြုခဲ့ဖူးသည့် ကံကြမ္မာပုံရိပ်က ယခုဘဝဝယ် လာ၍ ထင်ဟပ်နေသောကြောင့် ထိုနာမည်ကို ရရှိခြင်း ဖြစ်လေ၏။
ဖြစ်ပုံမှာ ဤကဲ့သို့တည်း။
ထိုမထေရ်လောင်းလျာသည် ပဒုမုတ္တရာဘုရားရှင်လက်ထက်တော်အခါ၌ ဗျာဒိတ်တော်ရပြီးလျှင် လူ့ရပ်နတ်ထံ အစုန်စုန်အဆန်ဆန် ကျင်လည်လာခဲ့ရာ ကဿပဘုရားရှင်လက်ထက်တော်အခါ၌ ဘုမ္မဇိုဝ်းနတ်ဖြစ်လေ၏။
ထိုအခါ၌ ရဟန်းနှစ်ပါးတို့သည် တစ်မိတည်းမှဖွားမြင်သော ညီရင်းအစ်ကိုပမာ အင်မတန်မှ ခင်မင်ရင်းနီးကြ၏။ ညီညွတ်ကြ၏။ ထိုရဟန်းနှစ်ပါးတို့သည် ဥပုသ်ပြုရန်အတွက် စုဝေးရာအရပ်သို့သွားဖို့ရန် ကျောင်းမှ အတူထွက်ကြလေ၏။
ထိုအခါ ဘုမ္မဇိုဝ်းနတ်သည် ထိုရဟန်းနှစ်ပါး ညီညွတ်နေသည်ကို ခွဲ၍ ရ/ မရ စုံစမ်းလိုသည့်အတွက် အကွက်ကောင်းကို စောင့်နေလေရာ ကျောင်းမှထွက်လာသောရဟန်းနှစ်ပါးတွင် တစ်ပါးသည် လမ်းခရီးကြားရောက်သည့်အခါ အပေါ့အပါးသွားရန် လမ်းဘေးချုံကြားသို့ ဝင်လေ၏။ တစ်ပါးသည် လမ်းပေါ်က စောင့်နေလေ၏။ အပေါ့အပါးသွားသောရဟန်း ချုံကြားမှ ပြန်ထွက်လာသောအခါ ထိုဘုမ္မဇိုဝ်းနတ်သည် လူမိန်းမယောင် ဖန်ဆင်း၍ ထိုရဟန်း၏နောက်မှ ရပ်လျှက် ရှုပ်ပွနေသောဆံပင်များကို လက်တစ်ဖက်ဖြင့် သပ်ကာ ကြေမွတွန့်လိမ်နေသောအဝတ်အစားများကို လက်တစ်ဖက်ဖြင့် ပြင်ဆင်နေသည့်ဟန်ဖြင့် ထိုရဟန်း၏နောက်၌ ကိုယ်ထင်ပြပြီးလျှင် ချုံနောက်သို့ ပြန်ဝင်သွားသည့်ပုံစံမျိုး လုပ်ပြလေ၏။
ထိုအမျိုးသမီးကို ချုံကြားမှထွက်လာသောရဟန်းသည် မမြင်၊ လမ်းပေါ်မှ ရပ်စောင့်နေသောရဟန်းသည် မြင်လေ၏။
ထိုအခါ လမ်းပေါ်မှရပ်စောင့်နေသောရဟန်းနှင့် ချုံကြားမှထွက်လာသောရဟန်းတို့ အချေအတင် စကားများကြလေတော့၏။
(လမ်းပေါ်မှ ရဟန်း) = ငါ့ရှင် သင်၏သီလသည် ပျက်လေပြီ။
(ချုံကြားမှ ထွက်လာသောရဟန်း) = အရှင်ဘုရား အဲဒီလို စွပ်စွဲပြီး မပြောပါနဲ့၊ သီလပျက်မည့်လုပ်ရပ်မျိုး တပည့်တော်မှာ မရှိပါ။
(လမ်းပေါ်မှ ရဟန်း) = အခုလေးတင်ပဲ သင်၏နောက်မှာ အမျိုးသမီးငယ်တစ်ယောက် ဒီလိုဒီလိုပုံစံမျိုးနဲ့ရပ်နေတာကို မြင်လိုက်ရ၏၊ အဘယ့်ကြောင့် သင်သည် သီလပျက်မည့်လုပ်ရပ်မျိုး တပည့်တော်မှာ မရှိပါဟု လိမ်ပြောရသနည်း။
(ချုံကြားမှ ထွက်လာသောရဟန်း) = {ဦးခေါင်းကို မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်ကာ} အရှင်ဘုရား တပည့်တော်ကို မဖျက်ဆီးပါနှင့်၊ အရှင်ဘုရားပြောသည့်လုပ်ရပ်မျိုး တပည့်တော်၌ မရှိပါ-ဟုသာ အတွင်တွင်ဆိုလေတော့၏။
(လမ်းပေါ်မှ ရဟန်း) = တပည့်တော်မျက်စိနှင့် တပ်အပ်မြင်လိုက်ရတာတောင် ငါ့ရှင်က လိမ်ချင်နေသေး၏၊ ငါ့ရှင်၏စကားကို မယုံကြည်နိုင်တော့ပါ-ဟု ဆိုကာ ကျိုးပဲ့သွားသောတုတ်ချောင်းကဲ့သို့ ထိုရဟန်းနှစ်ပါးတို့၏ညီညွတ်ခြင်းတုတ်ချောင်းလေးသည်လည်း ကျိုးပဲ့သွားလေတော့၏။ ဥပုသ်ပြုရာအရပ်သို့လည်း သက်သက်စီသွားကြလေ၏။
ဥပုသ်ပြုရာအရပ်သို့ ရောက်သည့်တိုင်အောင် လမ်းပေါ်မှရပ်စောင့်နေသောရဟန်းက ထို(ချုံကြားမှထွက်လာသော)ရဟန်းသည် သီလပျက်နေပါပြီ၊ သူနှင့်အတူ ဥပုသ်မပြုနိုင်ပါဟု ဆိုနေလေရာ ထိုရဟန်းကလည်း တပည့်တော်၏သီလသည် ပျက်စီးမှုမရှိပါဟု အတန်တန်ငြင်းဆိုနေရရှာ၏။
ထိုကဲ့သို့ ရဟန်းနှစ်ပါးပြဿနာဖြစ်သည့်အခါကျတော့မှ ဘုမ္မဇိုဝ်းနတ်သည်လည်း ငါ၏လုပ်ရပ်သည် ကြီးလေးပေစွဟု နောင်တရမိပြီး ကောင်းကင်၌ ကိုယ်ထင်ပြကာ ဤအရှင်မြတ်အား သီလပျက်စီးမှုမျိုး မရှိပါ၊ ခုန အမျိုးသမီးသည် တပည့်တော် ဖန်ဆင်းလိုက်တာပါ၊ ဤရဟန်းနှစ်ပါး၏ ညီညွတ်မှုကို ဖျက်၍ ရ/မရ စုံစမ်းလိုသည့်အတွက် ပြုလုပ်ရခြင်း ဖြစ်ပါ၏။ ဤရဟန်းအပေါ်၌ သံသယမထားဘဲ ဥပုသ်အတူပြုကြပါဟု လျှောက်ထားလေတော့၏။
ဘုမ္မဇိုဝ်းနတ်က ထိုကဲ့သို့လျှောက်ထားသည့်အတွက် ထိုရဟန်းတို့အချင်းချင်း ဥပုသ်အတူပြုကြသော်လည်း ဟိုယခင်ကကဲ့သို့ကား ခင်မင်ရင်းနီးမှု မရှိကြတော့ပေ။ ရဟန်းနှစ်ပါးကို ကွဲပြားအောင်လုပ်ခဲ့မိသောဘုမ္မဇိုဝ်းနတ်၏ ကံကြမ္မာအရိပ်သည်လည်း ဤမျှဖြင့် ပျောက်ကွယ်သွားသည် မဟုတ်ပေ။
ထိုဘုမ္မဇိုဝ်းနတ်သည် သေလွန်သည့်အခါ ထိုကံကြောင့် အဝီစိငရဲ၌ကျရောက်၍ ဘုရားနှစ်ဆူကြားကာလဝယ် ငရဲဒုက္ခကို ခံစားရပြီးလျှင် ဤဘုရားရှင်လက်ထက်၌ သာဝတ္ထိပြည်ဝယ် လူသားအဖြစ်ကို ရရှိလေ၏။
သာသနာ့ဘောင်ဝင်ရောက်၍ ရဟန်းပြုသည့်အချိန်မှစ၍ ထိုရဟန်း၏နောက်၌ အမျိုးသမီးပုံစံအရိပ်တစ်ခု(ဝိပါက်ဝဋ်ကြွေးရုပ်တစ်ခု)အမြဲတမ်း လိုက်ပါနေလေ၏။ ထို့ကြောင့် ထိုရဟန်းကို ကောဏ္ဍဓာန-မိန်းမကြူးသော ဓာနမထေရ်ဟု ခေါ်ဝေါ်ကြလေ၏။ ထိုအမျိုးသမီးကို ထိုရဟန်းသည်မမြင်၊ အခြားသူတို့သည် မြင်ကြလေ၏။ ဆွမ်းခံကြွသည့်အခါ လူအများက လှောင်သည့်သဘောဖြင့် ဒီဆွမ်းတစ်ဇွန်းက အရှင်ဘုရားအတွက်၊ ဒီဆွမ်းတစ်ဇွန်းက အရှင်ဘုရား၏အဖော်အမျိုးသမီးအတွက်ဟု ပြောကာ ဆွမ်းနှစ်ဇွန်း လောင်းလှူကြလေ၏။
အခြားရဟန်းတို့သည် အနာထပိဏ်နှင့် ဝိသာခါတို့အထံသွားကာ ထိုကောဏ္ဍဓာနရဟန်းသည် မိန်းမကြူးသူဖြစ်ကြောင်း၊ သွားလေရာ အဖော်အမျိုးသမီးတစ်ယောက်နှင့်အတူ သွားသည့်အတွက် အခြားရဟန်းများ မျက်နှာပျက်ရကြောင်း၊ ထိုရဟန်းကို အိမ်သို့အဝင်မခံသင့်ကြောင်းပြောဆိုသည့်အခါ ဒီကိစ္စကို ဘုရားရှင် သိပါလိမ့်မည်ဟု ပြောဆိုကြလေ၏။
ကောသလမင်းအထံ သွားကာ ဤကဲ့သို့သော သာသနာတော်၏မျက်နှာ အိုးမဲသုတ်သောရဟန်းအား တိုင်းပြည်အတွင်း မထားသင့်ကြောင်းပြောဆိုကြသည့်အခါ ကောသလဘုရင်ကိုယ်တိုင် ကျောင်းသို့သွား၍ စစ်ဆေးလေ၏။ ထိုအခါ၌လည်း ခပ်လှမ်းလှမ်းကကြည့်သည့်အခါ ထိုရဟန်း၏နောက်၌ ထိုအမျိုးသမီးကို တွေ့ရ၍ အနီးကပ်ကြည့်သည့်အခါ မတွေ့ရတော့ပေ။ တံခါးကြား, ကုတင်အောက်စသည်တို့၌ ပုန်းအောင်းနေလေသလားဟု ရှာဖွေကြည့်သည့်အခါ၌လည်း မတွေ့ရသည့်အခါ ထိုရဟန်း၏ဖြစ်ရပ်တို့ကို ကောသလမင်းသည်လည်း သဘောပေါက်ရိပ်မိကာ ပစ္စည်းလေးပါးဖြင့် ဖိတ်မာန်၍ ပြန်သွားလေ၏။
မကျေနပ်ကြသည့်ရဟန်းများက စွပ်စွဲပြောဆိုသည်ရှိသော် သည်းမခံနိုင်တော့သည့်အဆုံး ပြန်ဆဲမိသည့်အခါ ထိုကိစ္စသည် ဘုရားရှင်အထံရောက်သွားလေ၏။ ဘုရားရှင်က ဆုံးမဩဝါဒစကား မြွက်ကြားသည်ရှိသော် ဘုရားရှင်၏အဆုံးအမတိုင်း လိုက်နာကျင့်သုံးသည့်အခါ ထိုကောဏ္ဍဓာနမထေရ်သည် ရဟန္တာမထေရ်တစ်ပါး ဖြစ်သွားလေတော့၏။
ရဟန္တာဖြစ်သည့်အချိန်မှစ၍ နောက်ကနေအမြဲလိုက်နေသော ထိုအမျိုးသမီးပုံစံအရိပ်(ဝိပါက်ဝဋ်ကြွေးရုပ်)သည်လည်း ပျောက်ကွယ်သွားလေတော့၏။
နောက်ပိုင်း၌ ဧတဒဂ်ဘွဲ့များ အပ်နှင်းသည့်အခါ ရဟန်းအားလုံးတို့၏ရှေးဦးစွာ စာရေးတံမဲကို ယူကုန်သောရဟန်းတို့တွင် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိလေ၏။
ဉာဏ်ဖြင့် မပိုင်းဖြတ်နိုင်သေးသမျှကာလပတ်လုံး ကံကြမ္မာအရိပ်များသည် ရပ်တန့်ပျောက်ကွယ်သွားမည်မဟုတ်ပေ။
အတိတ်၌လည်းကောင်း ပစ္စုပ္ပန်၌လည်းကောင်း မိမိကိုယ်တိုင် ပြုလုပ်အားထုတ်မိသော ကံကြမ္မာ၏အရိပ်များသည် ထင်ရှားသောပုံစံဖြင့်လည်းကောင်း မထင်ရှားသောပုံစံဖြင့်လည်းကောင်း မိမိနောက်သို့ လိုက်မြဲလိုက်နေသည်သာ ဖြစ်၏။
-
(၁) နတ်တို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသူတို့တွင် အသာဆုံးအမြတ်ဆုံးဧတဒဂ်ကိုရရှိသော အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ဘဝငါးရာပတ်လုံး ပုဏ္ဏားမျိုး၌ဖြစ်ကာ သူတပါးအား အယုတ်တမာကောင် လာလော၊ အယုတ်တမာကောင် သွားလောစသည်ဖြင့် ဆဲရေးတိုင်းထွာသည့်အနေဖြင့် ပြောဆိုသုံးနှုန်းခဲ့ဖူးသောကံဆိုး ဝသီဆိုးကြောင့် ယခုဘဝ၌ ဧတဒဂ်ရရဟန္တာမထေရ်ကြီးဖြစ်သော်လည်း လူရှင်ရဟန်းတို့နှင့် စကားပြောသည့်အခါ ရှေးဝသီအတိုင်း အယုတ်တမာကောင်အယုတ်တမာကောင်ဟု ပြောဆိုသုံးနှုန်းနေမိသည့်အတွက် အရိယာဖြစ်လျှက် ကြမ်းတမ်းသောစကားဖြင့် ဆဲရေးတိုင်းထွာနေ၏ဟု ကဲ့ရဲ့ပြစ်တင်မှုကို ခံရလေ၏။
(၂) အသံချိုမြိန်သာယာသူတို့တွင် အသာဆုံးအမြတ်ဆုံးဧတဒဂ်ကိုရရှိသော အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်သည်လည်း ကဿပဘုရားရှင်လက်ထက်တော်အခါ၌ လက်သမားကြီးတစ်ဦးဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ပြီးသောဘုရားရှင်၏သာရီရိကဓာတ်တော်ကို စေတီတည်ရာ၌ အဂါရဝစိတ်ထားဖြင့် နောင်အခါ သန့်ရှင်းရေးလုပ်ရ,ပြုပြင်ရလွယ်ကူအောင် ခပ်သေးသေးပဲ လုပ်ဖို့သင့်၏ဟုဆိုခဲ့မိသည်၏အဖြစ်ကြောင့် ယခုဘဝ၌ ကိုရင်ငယ်လေးပမာ အလွန်ပုကွသေးငယ်သူ ဖြစ်ရလေ၏။
(၃) အကြားအမြင်ဗဟုသုတရှိသူတို့တွင် အသာဆုံးအမြတ်ဆုံးဧတဒဂ်ကိုရရှိသော သာမာဝတီမိဖုရားအမှူးပြုသောမောင်းမငါးရာကို သောတာပန်တည်အောင် တရားဟောပြပေးနိုင်သော ခုဇ္ဇုတ္တရာဥပါသိကာမကြီးသည် ဘဝတစ်ခုဝယ် ဗာရာဏသီမင်း၏နန်းတော်၌ ဆွမ်းခံကြွသော အနညျးငယျခါးကုနျးသညျ့သဘောရှိသောပစ်စကေဗုဒ်ဓါတဈပါးကို မြင်ရ၍ အတူနေအမျိုးသမီးများရှေ့၌ နန်းတော်ကိုဆွမ်းခံကြွသည့်အရှင်မြတ်တစ်ပါးက ဟောဒီလို ဟောဒီလို ကြွတာဟု ခါးကုန်းသည့်ပုံစံလုပ်ပြပြီး ပျက်ရယ်ပြောင်လှောင်ခဲ့သည့်အတွက်ကြောင့် ယခုဘဝ၌ ဧတဒဂ်ရသည့် ဥပါသိကာမကြီးဖြစ်သော်လည်း မွေးကတည်းက ခါးကုန်းကုန်းလေး မွေးဖွားခဲ့ရ၏။
အလွန်ကြမ်းတမ်းရက်စက်စွာဖြင့် (၅၅)နှစ်ပတ်လုံး ဝက်များကို သတ်ဖြတ်၍ အသက်မွေးဝမ်းကြောင်းပြုခဲ့သော, ကောင်းမှုဟူ၍မြူတစ်စေ့မျှမရှိသော, သတ္တဝါများအပေါ် သနားကြင်နာစိတ်ခေါင်းပါးသော စုန္ဒဝက်သတ်သမားကြီးသည်လည်း ကွယ်လွန်ခါနီးအခါ၌ ငရဲမီးအပူများဟပ်ကာ ပူပြင်းသောဝေဒနာကို ခံစားရပြီး (၇)ရက်ပတ်လုံး ဝက်ကဲ့သို့အော်ဟစ်ကာ ဝက်ကဲ့သို့လေးဘက်ထောက်လျှက် အိမ်အတွင်း၌ ပတ်ပြေးနေခဲ့ရဖူး၏။
နွားသတ်သမားကြီးတစ်ယောက်သည် (၅၅)နှစ်ပတ်လုံး နွားများကို သတ်ဖြတ်ရောင်းချ၍ ကိုယ်တိုင်လည်း အမဲသားပါမှ ထမင်းစား၏။ အမဲသားမပါလျှင် ထမင်းမစားတတ်ပေ။
တစ်နေ့ သူစားဖို့အမဲသားကို မိန်းမအား ချက်ခိုင်း၍ ရေချိုးသွားနေစဉ် ဘေးအိမ်က သူငယ်ချင်းက ဧည့်သည်ရောက်လာသည့်အတွက် ထိုအမဲသားကို အတင်းအဓမ္မလာယူသွားလေ၏။
နွားသတ်သမားကြီးပြန်လာ၍ ထမင်းစားသည့်အခါ အမဲသားမပါသည့်အတွက် မိန်းမအား ရန်လုပ်၍ ဓားဆွဲကာ အိမ်နောက်ဘက်သို့ ထွက်သွားပြီးလျှင် ချည်ထားသောနွား၏လျှာကို အရင်းမှ ဓားဖြင့် ဖြတ်ချလိုက်လေ၏။
ထိုနွားလျှာကို မီးကျီးခဲ၌ ဖုတ်ကာ စားဖို့ရန် လျှာပေါ်သို့တင်လိုက်သည့်ခဏ၌ပင် သူ၏လျှာသည်လည်း နွားလျှာပြတ်သလို ပြတ်ကျသွားလေတော့၏။
မိမိတို့၏ ကိုယ်မှု နှုတ်မှု စိတ်မှုတို့၌ ဇောစေတနာအဟုန်တို့ဖြင့် ပြောဆို ပြုမူ ကြံစည်သမျှတို့သည် ကံကြမ္မာစာရင်းသို့ သက်ဝင်ကြလေ၏။ ထိုကံကြမ္မာ၏အရိပ်များသည် ယခုဘဝ၌လည်း အစဉ်လိုက်၏။ နောက်နောင်ဘဝများ၌လည်း အစဉ်လိုက်လေ၏။
မိမိကိုယ်တိုင် ပြုလုပ်ခဲ့သောကံကြမ္မာ၏အရိပ်များကို မိမိကိုယ်တိုင် ပြန်လည်တွေ့မြင်ရသောအခါ ကျေနပ်နှစ်သက်နိုင်ပါသလော-ဟု မိမိကိုယ်ကို အမြဲတမ်း မေးခွန်းထုတ်နေသင့်၏။
ဘုရားရှင်သည် မိမိတို့ကို ကတပုညော ဥဘယတ္ထ နန္ဒတိ - လုပ်ရပ်ကောင်းများကို ဖန်တီးထားသူသည် ခုရော နောင်ပါ ရွှင်လန်းနှစ်သက်ရ၏။ ပါပကာရီ ဥဘယတ္ထ တပ္ပတိ - မကောင်းသောလုပ်ရပ်များကို ဖန်တီးထားသူသည် ခုရော နောင်ပါ ပူပန်ရ၏ဟူသော ဒေသနာတော်များဖြင့် မီးမောင်းထိုးပြပြီးသား ဖြစ်၏။
မိမိတို့သည် ဘုရားရှင်၏အဆုံးအမအတိုင်း သတိပြုကာ လိုက်နာကျင့်သုံးရုံသာ ရှိတော့၏။
ဓမ္မဘေရီဆရာတော်ဘုရားကြီး၏ သံသရာကို ကံဖြင့် အလှဆင်၊ နိဗ္ဗာန်ကို ဉာဏ်နှင့် အရနှင်ဟူသောဆုံးမစကားလေးသည်လည်း မှတ်သားစရာကောင်းလှ၏။
သံသရာတွင်းကျင်လည်နေရစဉ်ကာလအတွင်းဝယ် မျက်နှာမလိုက်တတ်သော သူစိမ်းဆန်ဆန်ကံကြမ္မာ၏အရိပ်ကို ခိုလှုံကြရသည့်အခိုက်၌လည်း အေးချမ်းမှုများ ရရှိစေချင်ပါ၏။
ကဿပဘုရားရှင်ပရိနိဗ္ဗာန်စံပြီးသည့်နောက်၌ ဗာရာဏသီပြည်သား သစ်ကုန်သည်တစ်ယောက်သည် မြို့နှင့်အတော်လေးအလှမ်းဝေးသည့် တောင်ခြေရှိရွာလေးတစ်ရွာသို့သွားကာ တောတွင်း၌အလုပ်လုပ်သည့် တောတွင်းသားတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ပြီးလျှင် တောတွင်းမှ စန္ဒကူးနီများကို ဆောင်ယူ၍ ရောင်းဝယ်ဖောက်ကားမှုပြုလေ၏။
တောတွင်းသားကိုလည်း ဗာရာဏသီပြည်သို့ အလည်လာသည့်အခါ တခြားလက်ဆောင်များမယူလာဘဲ ဤ(စန္ဒကူးနီ)အပင်များကိုသာ ယူလာဖို့ရန်ပြောလေ၏။
တစ်နေ့သ၌ ထိုတောတွင်းသားသည် စန္ဒကူးနီအပင်တို့ကိုယူ၍ ဗာရာဏသီမြို့သို့ သွားလေ၏။ ထိုအခါ၌ ကဿပဘုရားရှင်၏ ရွှေစေတီကို တည်နေကြသည့်အခါဖြစ်၍ သစ်ကုန်သည်သည် စန္ဒကူးများကို နံ့သာအဖြစ်ကြိတ်ကာ တောတွင်းသားကိုခေါ်ပြီးလျှင် စေတီတည်ရာအရပ်သို့ သွားရောက်ပူဇော်လေ၏။
စေတီတည်ရာအရပ်သို့ ရောက်သည့်အခါ တောတွင်းသားသည် စေတီ၏ဝမ်းဗိုက်အတွင်း၌ စန္ဒကူးများဖြင့် လဝန်းသဏ္ဌာန်ပုံဖော်၍ ပူဇော်မှုကို ပြုလေ၏။
ထိုကံကြောင့်ပင် ကွယ်လွန်သည့်အခါ နတ်ပြည်၌ဖြစ်ရ၍ ဘုရားနှစ်ဆူတို့၏ကြားကာလ၌ နတ်စည်းစိမ်ကို ခံစားရပြီးလျှင် ဤဘုရားရှင်လက်ထက်ဝယ် ပုဏ္ဏားလုလင်လေး လာဖြစ်၏။ စေတီတော်ဝယ် စန္ဒကူးနံ့သာများဖြင့် လဝန်းသဏ္ဌာန်လေးပုံဖော်၍ ပူဇော်ခဲ့သည့်အတွက်ကြောင့် ချက်ဝန်း၌ လဝန်းသဏ္ဌာန်အရောင်လေး ထွက်နေသည်ဟူ၏။ ကံကြမ္မာ၏အရိပ်များပင်တည်း။ ထို့ကြောင့် သူ့ကို စန္ဒာဘ(ချက်ဝန်း၌ လဝန်းသဏ္ဌာန်အရောင်လေးထွက်နေသူ)ဟု ခေါ်ဝေါ်ကြလေ၏။
တခြားသောပုဏ္ဏားများက ထူးဆန်းလှသော ထိုစန္ဒာဘလုလင်လေးကို ခေါ်၍ ရပ်တကာ ရွာတကာလှည့်ကာ သူ့ကို လက်နှင့်ထိလျှင် စည်းစိမ်ချမ်းသာ တိုးပွါးမည်ဟု ချက်ကအရောင်ကို လိုက်ပြ၍လုပ်စားနေစဉ် ဘုရားရှင်နှင့် တွေ့ရ၍ ရဟန်းဝတ်ပြီးနောက် ဘုရားရှင်ပေးသည့်ကမ္မဋ္ဌာန်းကို အားထုတ်လိုက်သည့်အခါ ရဟန္တာမထေရ်တစ်ပါးဖြစ်သွားလေ၏။ ထိုအကြောင်းကို ဓမ္မပဒဒေသနာတော်၌ စန္ဒာဘမထေရ်ဟု မှတ်တမ်းတင်ထားလေ၏။
လယ်စောင့်အလုပ်ကို လုပ်ရသော အမျိုးသမီးလေးတစ်ယောက်သည် နိရောဓသမာပတ်မှ ထတော်မူလာသော အရှင်မဟာကဿပမထေရ်အား ဖူးမြင်ရသည့်အခါ ကွညျညိုသဒ်ဓါစိတျဖွဈပေါျ၍ နှစ်သက်ရွှင်လန်းဝမ်းမြောက်စွာ (ဆွမ်းလှူချင်သော်လည်း လှူစရာမရှိသည့်အတွက်) စပါးပင်မှ စပါးများယူကာ ပေါက်ပေါက်များဖောက်ကာ လှူဒါန်းလေ၏။
အရှင်မဟာကဿပမထေရ် ပြန်ကြွသွားပြီးသည့်နောက် ပိုးထိ၍ဆုံးပါးလေသော် တာဝတိံသာနတ်ပြည်၌ နတ်သမီးအဖြစ်ကို ရရှိလေ၏။
ရှေးကောင်းမှုကံကို ထင်ရှားပြခြင်းငှါ ဗိမာန်တံခါးဝ၌ ရွှေပေါက်ပေါက်တို့ဖြင့်ပြည့်သော ရွှေခွက်လေးများ တွဲလျားကျနေသည် ဟူ၏။ ကံကြမ္မာ၏ အရိပ်များပင်တည်း။
ဘုရားရှင်လက်ထက်တော်အခါ၌ ဘိက္ခုနီမများအထဲမှ တန်ခိုးအရာတွင်အသာဆုံးအမြတ်ဆုံးဧတဒဂ်ကိုရရှိသော ထေရီမတစ်ပါးရှိ၏။ ထိုထေရီမ၏ခန္ဓာကိုယ်အဆင်းသည် ကြာညိုပန်းဖူး၏အဆင်းနှင့်တူသောအဆင်းရှိသောကြောင့် ထိုထေရီမကို ဥပ္ပလဝဏ္ဏာထေရီ(ကြာညိုပန်းဖူး၏အဆင်းနှင့်တူသောအဆင်းရှိသောထေရီမ)ဟု ခေါ်ဝေါ်ကြ၏။
ထိုထေရီမသည် ပဒုမုတ္တရာမြတ်စွာဘုရားလက်ထက်၌ မဟောရဂနဂါးမင်း၏သမီးတော် ဝိမလာအမည်ရှိသောနဂါးမလေးဖြစ်ခဲ့စဉ်က တန်ခိုးအရာဧတဒဂ်ရသောရဟန္တာထေရီမကို ဖူးမြင်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်လွန်းလှ၍ ဆွမ်းအဖျော်များနှင့်ကြာညိုပန်းများကို လှူဒါန်းပြီးနောက် တန်ခိုးအရာဧတဒဂ်ရဖို့ရန်နှင့် ကြာညိုပန်းအဆင်းရှိသူဖြစ်ဖို့ရန် ဆုတောင်းပြီး ပြုလုပ်ခဲ့သောကုသိုလ်ကံများ၏ အရိပ်များပင်တည်း။
မိမိတို့ နေ့စဉ်နှင့်အမျှ ပြုလုပ်နေခဲ့သမျှ ကောင်းမှုအထွေထွေ ဆိုးမှုအဖြာဖြာ ကံကြမ္မာများသည် အရိပ်ပမာ မိမိတို့၏နောက်သို့ လိုက်မြဲလိုက်နေမည်သာဖြစ်၏။
အတိတ်၌ပြုခဲ့သမျှလည်းဖြစ်သော လက်ရှိပစ္စုပ္ပန်၌ပြုနေဆဲလည်းဖြစ်သော ကံကြမ္မာများသည် ထင်ရှားသောပုံသဏ္ဌာန်ဖြင့်လည်းကောင်း မထင်ရှားသောပုံသဏ္ဌာန်ဖြင့်လည်းကောင်း အရိပ်ပမာ မိမိနောက်သို့ တကောက်ကောက်လိုက်နေမည်ကို သတိပြုသင့်လှ၏။
ကိုယ် ကောင်း/မကောင်း ကိုယ်ကိုယ်တိုင် သိသည်ဟု ပြောကြသော်လည်း အမှန်စင်စစ်ကား မိမိ ကောင်း/မကောင်း မိမိကိုယ်တိုင် တကယ်သိဖို့ ခက်ပါ၏။ လူ့သဘာဝအရ မိမိကိုယ်ကို ဖော့တွေးတတ်ကြ၏။ မိမိလုပ်သမျှကို အကောင်း ထင်တတ်ကြ၏။ ထို့ကြောင့်ပင် မကောင်းကျိုးကို အလိုမရှိပါဘဲလျှက် မကောင်းသောလုပ်ရပ်များကို ဖန်တီးနေမိကြခြင်းဖြစ်၏။
မကောင်းသောလုပ်ရပ်များသည် အကျိုးမပေးသမျှကာလပတ်လုံး ပျားသကာသို့ ချိုနေတတ်ကြောင်းကို မဓုဝါ မညတိ ဗာလောအစချီသော ဒေသနာတော်တစ်ရပ်ဖြင့် ဗုဒ္ဓရှင်တော်မြတ်က သတိပေးထားပြီးသား ဖြစ်ပါ၏။
သူစိမ်းဆန်လှသောကံကြမ္မာသည်ကား ဘဝခုံရုံးအထက်ဝယ် ဝိပါကပုံရိပ်များ ခတ်နှိပ်သည့်အခါ မိမိအလိုအကြိုက်တိုင်း လိုက်ပါမည်မဟုတ်၊ စေတနာဇောအဟုန်နှင့်တူမျှသော ပုံရိပ်များကိုသာ ခတ်နှိပ်ပေးမည် ဖြစ်၏။
ဗုဒ္ဓ၏စစ်မှန်သောဓမ္မများကို အားကိုးအားထားပြုလျှက် သတိသမ္ပဇဉ်ဉာဏ်များကို အသုံးပြုကာ မကောင်းသောလုပ်ရပ်များကို ခုရော နောင်ပါ ရှောင်ကြဉ်ခြင်းဖြင့် အရိပ်မည်းကြီးများ တကောက်ကောက်အလိုက်ခံနေရခြင်းမှ ကင်းဝေးပါစေ။
ကောင်းမွန်မှန်ကန်သောလုပ်ရပ်များကို ခုရော နောင်ပါ စိတ်ပါလက်ပါ ဖန်တီးတည်ဆောက်ခြင်းဖြင့် ဖြူစင်သောအရိပ်များ၏အောက်ဝယ် အေးချမ်းသာယာလှပသောဘဝများကို ပိုင်ဆိုင်နိုင်ပါစေ။ဟု မေတ္တာအာသီသ ပြုပါ၏။
အရိပ်ပမာ ကံကြမ္မာများကာ နောက်ကနေ တကောက်ကောက် လိုက်မြဲလိုက်နေမည်သာ။
-အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ
No comments:
Post a Comment