စိတ်ကိုဉာဏ်ဖြင့် ကွပ်ကဲခြင်း"
🌸🌸🌿🌸🌸🌿🌸🌸🌿
စိတ်လှုပ်ရှားတိုင်း မမြဲဘူးဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဖို့ စိတ်သည် လှုပ်ရှားခြင်းကင်းကာ
ငြိမ်သက်ပိပြားလာသည်။
စိတ်ကို အလိုမလိုက်ဘဲ ဉာဏ်ကွပ်ကဲလျှင် . .
စိတ်သည် ဉာဏ်အောက်၌ အမိန့်နာခံ ရိုကျိုးကာ
ခေါင်းမထောင်နိုင်ဘဲ လည်စင်းကာ
အလျှော့ပေးလေ့ရှိသည်။
စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည်
စိတ္တာနုပဿနာကျင့်စဉ်ပင် ဖြစ်သည်။
ထိုကျင့်စဉ်အရ စိတ်ကို နိုင်ရုံမျှမက
စိတ်အကြောင်းကို မှန်မှန်ကန်ကန်
ပိုမိုအသေးစိတ် နားလည်နိုင်သည်။
ချစ်သူတွေ့တွေ့ မုန်းသူတွေ့တွေ့
မတုန်မလှုပ်စေရန် ဉာဏ်ဖြင့် ထိန်းနည်းသည် -
စိတ္တာနုပဿနာ ခေါ်
ပေါ်စိတ်, တုန်လှုပ်စိတ်ကို အပျက်တရား ဟု
ရှုသတ်သောနည်းပင် ဖြစ်သည်။
နောက်ဆုံး သေခြင်းတရားကိုပင်
ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။
ရုပ်,နာမ်ကို ယထာဘူတကျကျ သိသွားနိုင်သည်။
ကိုယ့်အကြောင်း သူ့အကြောင်း
လူတွေအကြောင်းကို
ကောင်းကောင်းကြီးသိသည်။
ငယ်ရွယ်သူများ မှတ်ဉာဏ်ကောင်းလိုသော်
ဤနည်းကိုကျင့်ပါ။
စိတ်များကြည်လင်၍
မှတ်ဉာဏ် ကောင်းလာမည်။
လိုချင်တာနဲ့ မလိုချင်တာကို ပယ်ဖို့
တရားအားထုတ်တာ
သတိထားတဲ့အလုပ်က
ရိပ်သာမှာ ပြန်,ပြန်ထားခဲ့တာကိုး။
အိမ်မှာလည်း ထားရတယ်၊
အမြဲတမ်း ထားရတယ်။
သတိလွတ်နေရင် ဘာဖြစ်လဲ?
အကုသိုလ်ပဲ။
လောဘ၊ ဒေါသ၊ မောဟ သုံးခုဟာ
သတိသာလွတ်နေရင်
သူတို့ချည်းပဲ နေရာယူကြတာ။
သတိလွတ်တယ်ဆိုကတည်းက မောဟပဲ။
ဒီကြားထဲ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊
တစ်နေကုန် တစ်နေခန်း။
သတိထားလိုက်တော့
ကားမောင်းသွားလည်း သတိ၊
စားတာ,သောက်တာလည်း သတိ၊
ချက်တာ,ပြုတ်တာလည်း သတိ၊
သတိနဲ့လုပ်တော့ ချက်ရင်း,ပြုတ်ရင်းကို
တရားရသွားကြတယ်။
စားရင်း,သောက်ရင်းနဲ့လည်း
တရားရသွားကြတယ်။
သတိကို အတင်း အတင်း
သွားလုပ်ယူလို့တော့ မရဘူး။
အတင်းလုပ်ယူရင် ကျောင်းပြန်ရောက်တယ်၊
လုပ်မယူရဘူး၊ လုပ်ယူရင် လုပ်တဲ့အခိုက်ပဲ။
လုပ်တဲ့အခိုက်ပဲ ပညတ်ပေါ်မှာပဲ
ပညတ်သိပဲ သိလို့ရတယ်။
ပရမတ်သဘောတရား မရောက်ဘူး။
သူ့ဟာသူ သဘာဝအတိုင်း သိမှ။
ရချင်လို့လုပ်ရင် လောဘ၊
လုပ်တိုင်း မရတော့ ဒေါသ၊
ဖြစ်တိုင်းဖြစ်တိုင်း မသိတာက မောဟ။
လုပ်ရမှာက သတိထားနေတာက ယောဂီအလုပ်။
ကျန်တာက သတိရှိနေရင် သတိရဲ့အလုပ်ပဲ။
ဓမ္မအလုပ်။
ဖြစ်ပျက်သမားကလည်း ဖြစ်ပျက်မြင်အောင်
အတင်းလိုက်လုပ်နေတယ်။
အာရုံကောင်းအောင် လုပ်တယ်။
နာတာ,ကျင်တာတွေ ပျောက်အောင်လုပ်တယ်။
ပျောက်တာကို လိုချင်တယ်။
မကောင်းတာကို ပျက်အောင်လုပ်တယ်။
တရားက အဲဒီကတည်းက လမ်းလွဲနေပြီ။
လိုချင်တာနဲ့ မလိုချင်တာကို ပယ်ဖို့
တရားအားထုတ်တာ။ လိုချင်တာက လောဘပဲ။
အနာပျောက်သွားတာလေးကို လိုချင်တယ်။
လိုချင်တာက လောဘ။ မလိုချင်တာက ဒေါသ။
သတိသာ ထားလိုက်ပါ။ သတိထားရင်
သတိက သူ့အလုပ်သူ လုပ်သွားမယ်။
သတိက ပယ်သင့်ပယ်ထိုက်တာကို ပယ်မယ်။
သမာဓိက တည်ငြိမ်အောင် လုပ်ပေးနေတယ်။
ပညာက အမှားအမှန် ဝေဖန်ပေးနေတယ်။
အဆုံးအဖြတ် ပေးနေတယ်။
ကိုယ်က လိုက်လုပ်စရာ မလိုဘူး။
ကျေးဇူးတော်ရှင်
No comments:
Post a Comment