မြဲတယ်ဆိုတာ မရှိဘူး။
အနိစ္စကို ကောင်းကောင်းမြင်မှ သဿတ အမြင်ကို ဖယ်ရှားနိုင်မှာဖြစ်တယ်။
“ပျက်တာမြင်မှ မမြဲဘူးဆိုတာသိမယ်။
အခြေခံ သိထားရမှာက “သတ္တဝါဆိုတာ မရှိဘူး၊ ရုပ်နဲ့နာမ် နှစ်မျိုးသည်သာရှိတယ်။”
ဒီအသိ ခေါင်းထဲမှာ စွဲစွဲမြဲမြဲ ဝင်သွား အောင် လေ့ကျင့်ရမယ်။
အဲဒီလို လေ့ကျင့်မယ်ဆိုရင် သင်ယူမှု ရှိရမယ်။
သင်ယူမှုမပါရင် နားလည်ဖို့ခက်လိမ့်မယ်။
ရုပ်ဆိုတာဘာလဲ? နာမ်ဆိုတာ ဘာလဲ?။
အလွယ်ဆုံးမှ စကြည့်ရအောင်။
အသက်ရှူသွင်းလိုက်တယ်၊ ပြန်ထုတ် လိုက်တယ်။
ကိုယ့်ဟာကိုယ် အာရုံစိုက်ပြီးကြည့်။
ရှူသွင်းလိုက်တဲ့ လေဟာ သိနိုင်စွမ်းမရှိလို့
ရုပ်တရားသက်သက်ပဲဖြစ်တယ်။
လေထိသွားတဲ့အခါ ထိမှန်းသိလိုက်တာက
နာမ်တရားဖြစ်တယ်။
ရှူလိုက်တာ လေ “ရုပ်တရား”၊ သိလိုက်တာက နာမ်တရား၊
ရုပ်နဲ့နာမ် နှစ်ခု စုံတွဲ ဖြစ်သွားပြီ။
အဲဒီအပြင် ဘာရှိလဲ?
ရှူတာနဲ့ပတ်သက်ပြီး ကြည့်မယ် ဆိုရင် ရှူသွင်း
လိုက်တဲ့လေက ရုပ်တရား၊ ရှူလိုက်တာကို သိတာ က နာမ်တရား။
ပြန်ထုတ်လိုက်တဲ့လေက ရုပ်တရား၊ ပြန်ထုတ်
မှန်းသိတာက နာမ်တရား။
ရုပ်နဲ့နာမ်နှစ်ခုက တစ်ခုနဲ့တစ်ခု သဘာဝချင်းမတူဘူး။
“ရုပ်ဆိုတာ ထင်ထင်ရှားရှားပြောင်းလဲသွားတဲ့ သဘော ရှိတယ်။
နာမ်ဆိုတာကျတော့ ပေါ်လာတဲ့အာရုံဘက်
ညွှတ်သွား, ရောက် သွားတဲ့ သဘောရှိတယ်၊”
နာမ်က အာရုံရှိတဲ့ဘက်ကို ဦးလှည့် သွားတဲ့ သဘော ရှိတယ်။
ဥပမာ-လူတစ်ယောက် TV ကြည့်နေတယ်၊
သူ့မျက်စိက TV မှာ ပေါ်လာတဲ့ရုပ်ပုံကို ကြည့်နေတာပဲ။
သို့သော် တစ်နေရာရာက အသံကြားလို့ရှိရင် ချက်ချင်း စိတ်က ကြားတဲ့အသံဆီ ရောက်သွားတယ်။
မြင်နေတဲ့အာရုံကို စွန့်ခွာပြီး အသံဘက်ကို
ရောက်သွားတယ်။
ဒီကြားထဲ အနံ့တစ်ခုဝင်လာရင်လည်း အနံ့ဆီ ရောက်သွားပြန်တယ်။
အဲဒီလို နာမ်တရားဆိုတာ အာရုံရှိတဲ့ ဘက်ကို မျက်နှာလှည့်သွားတဲ့သဘောရှိတယ်၊
“အာရုံရှိရာ ညွှတ်တယ်”လို့ ဆိုတယ်။
အာရုံရှိရာဘက်ကို မျက်နှာမူသွားတယ်။
ရုပ်ဆိုတာ အဲဒီလို မဟုတ်ဘူး။
အဲဒါ အကျဉ်းဆုံး စဉ်းစားတဲ့ နည်းတစ်နည်းပဲ။
ကြားဖူးတာ ပြောရမယ်ဆိုရင် “ဝေဘူဆရာတော် ကြီးက သူ့လက်ညှိုးနဲ့လက်မကို ထိ၊ ပွတ်ပြီး အာရုံပြုနေတယ်၊”
လက် နှစ်ချောင်းပွတ်တယ်ဆိုရင် တစ်ခုက ဝတ္ထု၊ တစ်ခုက အာရုံ။
လက်ညှိုးက လက်မကိုပွတ်ပွတ်၊လက်မက လက်ညှိုးကိုပွတ်ပွတ်
အဲဒီမှာ ထိတာက ရုပ်တရား၊ သိလိုက်တာက နာမ်တရား။
ရုပ်နဲ့နာမ် နှစ်ခုတည်းပဲ ဖြစ်နေတယ်ဆိုတာကို အာရုံပြုတာ ဖြစ်တယ်။
ဒါလည်း မှန်တယ်၊ ရုပ်နဲ့နာမ် နှစ်ခုပဲရှိတယ်ဆိုတာ သတိနဲ့ အသိရှိနေတာဖြစ်တယ်။
ကုလားထိုင်ပေါ် ထိုင်နေလို့ရှိရင် ကုလားထိုင်နဲ့
ကိုယ့်ခန္ဓာကိုယ်နဲ့ ထိတဲ့နေရာရယ်၊ထိမှန်းသိတာ ရယ် ဒီနှစ်ခုဟာ ရုပ်နဲ့နာမ်ပဲ။
အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်က အဲဒီအကျဉ်းဆုံးရှုနည်းနဲ့ ရှုသွား ရင်း တရားထူး တရားမြတ် ရနိူင်တာပဲ။
ချဲ့ပြီးကြည့်မယ်ဆိုရင် မျက်စိကိုဖွင့်လိုက်လို့ မြင်စရာအာရုံကို မြင်လိုက်တယ်။
ဆိုပါစို့၊ စားပွဲပေါ် ပန်းအိုးတင်ထားတယ်။
မျက်စိရယ်၊ မျက်စိထဲ ပေါ်လာ တဲ့ ပန်းအိုးရယ်၊ မျက်စိက စက္ခုပသာဒ၊ မျက်စိထဲ ပေါ်လာတဲ့
ပန်းအိုး အဆင်းရုပ်က ရူပါရုံ၊စက္ခုနဲ့ ရူပ၊ မျက်စိနဲ့အဆင်း ဆုံလိုက်တာ။
ဆုံလိုက်တဲ့အခါ မြင်သိစိတ် ပေါ်လာတယ်။
မျက်စိကလည်း ရုပ်၊ မျက်စိထဲပေါ်လာတဲ့ ပန်းအိုးဆိုတဲ့ အဆင်းအာရုံကလည်း ရုပ်ပဲ။
အဲဒီရုပ်နှစ်ခု ဆုံလိုက်လို့ ပေါ်လာ တဲ့မြင်သိစိတ် က နာမ်တရား၊ အဲဒီနည်းနဲ့လည်းပဲ ရုပ်နာမ်နှစ်ခုခွဲ လို့ရတယ်။
အသံကြားတယ် ဆိုပါစို့၊ နားရယ်၊ အသံရယ်
ဒီနှစ်ခုက ရုပ်ပဲ။
ပေါင်းဆုံလိုက်တဲ့အခါ ကြားသိစိတ်ဖြစ်တယ်၊ သီချင်း ဆိုနေရင် သီချင်းသံလို့ သိတယ်။
ဂီတာတီးနေရင် ဂီတာသံလို့ သိတယ်။
စကားပြောနေရင် ပြောသံလို့သိတယ်။
သိတာက နာမ်။
အဲဒီတော့ ဝိပဿနာဆိုတာ ဆင်ခြင်စဉ်းစားမှုပေါ်မှာ မူတည်တယ်။
ထိုင်ရင်း တွေးကြည့်လိုက်၊ သဘာဝတရားကို တွေးနေတာဟာ အမှန်သိဖို့အတွက် ဖြစ်တယ်။
ဒီလို တွေးတော ဆင်ခြင်တာဟာ
သမ္မာသင်္ကပ္ပ- (မှန်ကန်တဲ့အမြင်နဲ့ ဆင်ခြင် စဉ်းစား တွေးတောခြင်း) ဖြစ်တယ်။
ဘယ်နေရာ သွားသွား ရုပ်နဲ့နာမ် နှစ်ခုတည်းပါလားဆိုတာ သိတယ်။
မျက်စိက မြင်ရင် လည်း ရုပ်နဲ့နာမ် နှစ်ခုပဲ၊ နားကကြားရင်လည်း ရုပ်နဲ့နာမ် နှစ်ခုပဲ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူအပ်သော.. သံသရာနှင့်နိဗ္ဗာန်တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။
No comments:
Post a Comment