----------------------------------------
ထိတ်လန့်စရာလေးတွေ နှလုံးသွင်းပေးရတယ်
ထိတ်လန့်စရာလေးတွေ မကြာမကြာ နှလုံးသွင်းသွင်းပေးရတယ်။
နှလုံးသွင်းရမှာက ဒေါသနဲ့ နှလုံးသွင်းရမှာ မဟုတ်ဘူး၊
သံဝေဂနဲ့ နှလုံးသွင်းပေးနေရမှာ။
ငါဟာ ဘဝကောင်းတစ်ခုကို ရနေပါလျက်
ကောင်းမှုတရား မပြုလုပ်ဖြစ်ပဲ မေ့မေ့လျော့လျော့နေရင်း
ယခု သေလွန်သွားရင် ယခုပဲ ပြိတ္တာခန္ဓာ,တိရစ္ဆာန်ခန္ဓာ,
ငရဲခန္ဓာကြီး ချက်ချင်းဖြစ်သွားနိုင်တယ်လို့
နှလုံးသွင်းပေးရတယ်။
ဒါမှ ကုသိုလ်အလုပ်,တရားအလုပ်ကို မမေ့ရဲမှာ။
ပုထုဇဥ်ရဲ့သဘောက ထိတ်လန့်တုန်လှုပ်စရာ
နောက်က ဖိအား တွန်းအား မပါရင် နှေးတတ်တယ်။
မလုပ်တချက် လုပ်တချက် လုပ်တတ်တယ်။
နောက်က ထိတ်လန့်စရာ တုန်လှုပ်စရာ
ဖိအား တွန်းအား ပါပြန်တော့လည်း ဝီရိယဓာတ်တွေ
ဘယ်နားက ဘယ်လိုပေါ်လာမှန်း မသိတော့ဘူး။
လုပ်ရမယ့်အလုပ်ကို အမြန်ပြီးအောင် လုပ်ဖြစ်တယ်။
ထိတ်လန့်စရာ သံဝေဂ အသိဥာဏ်လေးရှိနေတော့
ငါဟာ ဘဝကောင်းတစ်ခုကို ရနေတယ်၊
သာသနာနဲ့တွေ့နေတယ်၊ ကောင်းမှုတရား ပြုလုပ်ကြိုးစား
အားထုတ်ဖို့ အခွင့်အရေးကောင်းနေပါလျက်
ခြေချော် လက်ချော် အပါယ်ကိုများ ထိုးဆင်းသွားရင်
ငါ့လောက် နစ်နာ ဆုံးရှုံးသူ မရှိတော့ဘူး။
အပါယ်ကိုတော့ ငါ အကျမခံနိုင်ဘူး။
လုပ်ပိုင်ခွင့်ရှိတုန်း ကောင်းမှုတရားများကို
ငါ အစွမ်းကုန် ကြိုစားပြုလုပ်မယ်ဆိုတဲ့ စိတ်ကလေးကို
မွေးပြီး ကြိုးစား အားထုတ်ဖြစ်ကြတယ်။
No comments:
Post a Comment