သရဏဂုံ အရင်ပွား
🌸🌸🌿🌸🌸🌿🌸🌸
သရဏဂုံတည်အားကြီး အထူးကောင်းမွန်လာချေသော် သိမ်မွေ့ပြီးဖြစ်ရကား
မိမိစိတ် မိမိအစိုးရပိုင်ဆိုင်ခွင့် ရှိလာချေ၏။
သို့ကြောင့် မနောကံသောင်းကျန်းမှုဘေး ကင်းဝေးစေ၏။
ကာမ၏ အရင်းခံသည် တွေးတောကြံစည်ရာမှ စတင်၏။
ထိုတွေးတောကြံစည်မှုကို မနောကံကမှ လက်ခံကာ ကြံစည်သုံးသပ်မပေးတော့လျှင် နောက်လိုက် ကာယကံ ဝစီကံများလည်း သောင်းကျန်းစရာ လမ်းစ မပေါ်လွင်ပြီ။
ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ပိုင်ကျုံးအစိုးရနေသူအဖို့
တစ်လောကလုံးကိုလည်း ပိုင်ကျုံးအစိုးရခွင့် လွှမ်းမိုးခွင့် ရရှိတော့သည်သာ။
ဤ၌ သီလနှင့် သရဏဂုံဟူ၍ နှစ်မျိုးရှိကြလေရာတွင်
၁။ သရဏဂုံသည် စိတ်တွင်းထကြွ
ပရိယုဋ္ဌာနခေါ် ကိလေသာအတွေးအဆများကို
ဖိချနှိပ်ကွပ်ခြင်းကို တာဝန်ခံ၏။
၂။ သီလကား ကိုယ်ထိနှုတ်လွန် ကျွံထွက်လာသော
ဝီတိက္ကမခေါ် ကိလေသရမ်း ထိုသောင်းကျန်းများကို
ငြိမ်ဝပ်ပိပြားစေရာ၌ တာဝန်ခံ၏။
မမေ့ မလျော့ မပေါ့ မဆသောအပ္ပမာဒသတိဖြင့် ထိထိမိမိ သရဏဂုံပွားရှိသူ၏ စိတ်သည် အဟောင်းကိုလည်း မတွေးမိ
အသစ်သို့လည်း ပြေးမသိမိပြီ။
စိတ်သည် အာရုံတစ်ခုတစ်ခု၌ အစနှင့်အဆုံးမျှချည်းသာ သိခွင့်ရနေရာ၊ ကိလေသာတို့ မစည်းရုံးသာတော့ရကား
ထိုကိလေသာနှင့် ထိုစိတ် မချိတ်မိကြတော့ပြီ။
ထိုသို့သော သရဏဂုံတည်၊ သီလကြောင့် ကိုယ်နှုတ်နှလုံး သုံးပါးလုံးတို့သို့ ကိလေသာကပ်ခွင့် မရလေသောအခါ
လူ၏ လူ့သတ္တိဖြစ်သော ပင်ကိုယ်စိတ်သည် ကိုယ်ဝယ် နေခွင့်ရချေပြီ။ ထိုလူ့ပင်ကိုယ်စိတ် ဝင်နေသူအဖို့ အရာရာတွင်
စိတ်သဘောထား ကြီးမြင့်စွာဖြင့် ခွင့်လွှတ်နိုင်တော့သည်သာ။
တစ်ဖက်သို့ တန်းတူထားလိုစိတ် ဝင်နေတော့ရကား
မည်သူနှင့် ဆက်ဆံဆက်ဆံ နူးညံ့သိမ်မွေ့ဟန်
ပေါ်လွင်နေတော့သည်သာ...။
ထိုသူ၏ သည်းခံတတ်မှုသည်
ခွင့်လွှတ်မှုပါသော သည်းခံမှုတည်း...။
ထိုသူ၏ မေတ္တာထားတတ်မှုသည်
ကိုယ်ချင်းစာ အညှာပါသော မေတ္တာဓာတ်သက်မှုတည်း...။
ထိုသူ၏ သစ္စာစကားသည်
ကျိန်စာမတိုက်သော တဲ့တိုးလိုက်
အမှန်စကားသက်သက်ချည်းတည်း...။
မဟာဗောဓိမြိုင်ဆရာတော်
No comments:
Post a Comment