သတ္တဝါတစ်ဦးက အင်မတန် ချမ်းသာကြွယ်၀နေတဲ့ မင်းသူဌေး သူကြွယ်တွေ ပုဏ္ဏား သူဌေး သူကြွယ်တွေ ဂဟပတိ သူဌေး သူကြွယ်တွေကို မြင်တွေ့ ရတဲ့အခါ ငါလည်း ဒီလိုဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ထားကလေးပေါ်လာတယ်၊
ဖြစ်စေရမယ် ဆိုတဲ့ စိတ်ဓာတ်ကို ဆောက်တည်တယ်၊ ကောင်းမှု၊ ကုသိုလ်ကိုပြုတယ်၊ အဲဒီလို ပြုလိုက်တဲ့ အချိန်မှာ ဒီဆောက်တည် ထားတဲ့ စိတ်ထား၊ ဖြစ်ချင်တဲ့ စိတ်ထား၊
ဖြစ်လိုတဲ့ ဆုတောင်း တောင့်တချက်ကြောင့်
ဒီပုဂ္ဂိုလ်သည် သူမျှော်လင့်တောင့်တ နေတဲ့
မင်းသူဌေး သူကြွယ် ပုဏ္ဏားသူဌေး သူကြွယ်
ဂဟပတိ သူဌေး သူကြွယ် အပေါင်းအဖော် အဖြစ်သို့ တစ်နေ့တော့ ရောက်သွားတယ်။
ဒါပေမဲ့ ဘယ်လိုပုဂ္ဂိုလ်သာ ရောက်နိုင်သလဲ။
တဉ္စ ခေါ သီလဝတော ၀ဒါမိ၊
နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ
သီလဝတော စေတောပဏိဓိ
၀ိသုဒျဓတျတာ။ (အံ-၃-၇၁။)
တဉ္စ ခေါ = ထိုကဲ့သို့ ရောက်ရခြင်းသည်လည်းပဲ။
သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်အား။
အဟံ = ငါဘုရားသည်။
၀ဒါမိ = ဟောတော်မူ၏။
ဒုဿီလဿ = သီလမရှိတဲ့ ပုဂ္ဂိုလ်အား။
အဟံ = ငါဘုရားသည်။
နော၀ဒါမိ = ဟောတော်မမူ။
ဒီလို ကပ်ရောက်ရတဲ့ ချမ်းသာကြွယ်၀ရတဲ့ ဒီလို ဘ၀တစ်ခုကို ကပ်ရောက်ခဲ့ရတယ်ဆိုတာ သီလရှိတဲ့ ပုဂ္ဂိုလ် ကိုသာလျှင် ငါဘုရား ဟောပါတယ်၊ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ငါဘုရား မဟောဘူး၊ ဘာဖြစ်လို့လဲ။
ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။
၀ိသုဒျဓတျတာ = သီလစင်ကြယ်နေသည့် အတွက်ကြောင့်။
သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်၏။
စေတောပဏိဓ = စိတ်၏တောင့်တချက်ဟူသမျှသည်။
ဣဇ္ဈတိ = မချွတ်ဧကန် ပြီးစီး ပြည့်စုံ တတ်ပေ၏။
သီလတွေ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြီးစီး ပြည့်စုံတတ်တယ်။
အလားတူပဲ -
စတုမဟာရာဇ် တာ၀တိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတ ၀သ၀တျတီ ခေါ်တဲ့ နတ်ပြည် ခြောက်ထပ် ရောက်လို ခဲ့တယ် ဆိုရင်၊ ဗြဟ္မာ့ပြည် ရောက်လို ခဲ့တယ် ဆိုရင်လည်း
သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သီလတည်း ဟူသော
မြေပေါ်မှာ ရပ်တည်ပြီး ပြုစုပျိုးထောင် လိုက်တဲ့ ကံတွေ ကသာလျှင် ရောက်စေနိုင်တဲ့ စွမ်းအား ရှိတဲ့အကြောင်း ဆက်လက်ဟောကြားထားတော်မူတယ်။
ဒီတော့ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံနှင့် သီလမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံသည် တူညီတဲ့ အကျိုး ရှိမလား? မရှိဘူး၊ ဒါကြောင့် !
ပါဏာတိပိပါတိနိနာ = သူ့အသက်ကို သက်လေ့ ရှိသော ပုဂ္ဂိုလ်သည်။
ကတံ = တည်ထောင် ဖန်ဆင်း အပ်တဲ့။
ကုသလကမ္မံ = ကုသိုလ်သည်။
ဥဠာရံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိသည်။
န ဟောတိ = မဖြစ်နိုင်။
ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်
🙏🙏🙏
မူရင်းရေးသားပူဇော်သူအား ဂါရဝပြုလျက်.. !
No comments:
Post a Comment