ဗုဒ္ဓမြတ်စွာဟာ အရာရာကို တန်ခိုးနဲ့ဖန်ဆင်းပေး တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
အမှန်သိအောင်လမ်းညွှန်ပြတဲ့ပုဂ္ဂိုလ်မျိုးသာဖြစ်တယ်။
အစွမ်းသတ္တိ တန်ခိုးဆိုသည်မှာ မရှိတာတော့ မဟုတ်ဘူး၊ရှိတယ်။
သို့သော် တန်ခိုးနဲ့လုပ်လို့ မဖြစ်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်ပေါ့။
တန်ခိုးဆိုတာဟာ စွမ်းရည်သတ္တိ တစ်မျိုးကို ခေါ် တာ ဖြစ်တယ်ပေါ့။
ဆုံးမဩဝါဒပေးတာလည်းပဲ တန်ခိုးတစ်မျိုးပဲ။
တန်ခိုး (၃)မျိုးရှိတယ်ဆိုတာ ပရိသတ်တို့မှတ်သား နား လည်ကြဖို့ပေါ့။
ဣဒ္ဓိပါဋိဟာရိယ လို့ခေါ်တဲ့ တန်ခိုးမျိုးက တစ် မျိုး။
အဲ့ဒီ ဣဒ္ဓိပါဋိဟာရိယ ဆိုတာ မိမိလိုချင်တဲ့အရာ ကို ဖန်ဆင်းနိုင်တဲ့အရာကို ခေါ်တာဖြစ်တယ်။
မြေလျှိုးတယ်။မိုးပျံတယ်။အမျိုးမျိုးရုပ်ပွားတွေ ဖန်ဆင်းပြတယ်။ရုတ်ချည်းပေါ်လာအောင်လုပ် နိုင်တယ်။
ရုတ်ချည်းပျောက်ကွယ်သွားအောင် လုပ်နိုင် တယ်။
ဒီလို ဖန်ဆင်းတဲ့တန်ခိုးမျိုးကို ဣဒ္ဓိပါဋိဟာရိယ လို့ ခေါ်တယ်။
အဲ့ဒီဣဒ္ဓိပါဋိဟာရိယ ဆိုတာ သမာဓိကျင့်စဉ် တစ်ခုကိုကျင့်ပြီးအဘိညာဉ်စွမ်းအားနဲ့ စနစ်တကျ (Systematically) ဆောင်ရွက်ရင် ဖြစ်လာနိုင် တယ်။
ဆိုပါစို့၊ကောင်းကင်ပေါ်မှာ လမ်းလျှောက်ပြီး သွားချင်တာလား(သို့မဟုတ်)ကောင်းကင်ပေါ်မှာ
လွင့်ပျံပြီးတော့ သွားချင်တာလား(သို့မဟုတ်) ရုတ်တရက်ဒီနေရာမှာ ပျောက်ကွယ်ပြီး ဟိုနေရာ မှာ ပေါ်ချင်တာလားဆိုတဲ့ပုံစံအမျိုးမျိုး ပြတဲ့အခါ မှာ ကောင်းကင်ပေါ်မှာ လမ်းလျှောက်တဲ့ အနေနဲ့ သွားချင်တယ်ဆိုရင် တန်ခိုးရှင်ဟာ လမ်းကြောင်း
ကို အရင်ဖန်ဆင်းရတယ်။
ဖန်ဆင်းပြီးတော့မှ အဲဒီလမ်းကြောင်းပေါ်ကို လျှောက် တာ။ဒါ စနစ်တကျလုပ်တဲ့နည်း။
ဒီအတိုင်းကောင်းကင် လေဟာပြင်ကြီးထဲမှာလမ်း လျှောက်လို့မရဘူး။ရေပြင်ပေါ် လမ်းလျှောက်ချင် တယ်ဆိုလို့ရှိရင်လည်း ရေပြင်ကြီးကို လမ်းကဲ့သို့ မာအောင် ဖန်ဆင်းရတယ်။
တန်ခိုးရှင်အဖို့မှာ လမ်းဖြစ်သွားပြီး ပတ်ဝန်းကျင် ကကြည့်တဲ့ ပုဂ္ဂိုလ် တွေကျတော့ရေပြင်ပဲ။
ရေပြင်ပေါ် လမ်းလျှောက်နေတယ်လို့ ဒီလိုပဲ မြင် ကြရတယ်။
တန်ခိုးအစွမ်းဆိုတာ စနစ်တကျSystematically
လုပ်ရတယ်လို့ ဒီလိုပြောတာ။
ကောင်းကင်မှာ လွင့်ပျံပြီးတော့ သွားချင်တယ် ဆိုလို့ ရှိရင်လမ်းကြောင်း မဖန်ဆင်းဘဲနဲ့လွင့်ပျံတဲ့ အနေအထားမျိုးကိုပြတာ။
အကယ်၍ စိတ်သွားသလို သွားချင်တယ်ဆို လို့ ရှိရင် ဒီနေရာမှာပျောက်ပြီးတော့ နောက်တစ် နေရာမှာ ဘွားကနဲပေါ် သွားတာလည်း ဖန်ဆင်းလို့ ရတယ်ပေါ့။
မြေလျှိုးတယ်ဆိုတာကို ဖန်ဆင်းချင်တယ် ဆိုလို့ ရှိ ရင် မြေကြီးဆိုတာ ဒီအတိုင်းလျိုးလို့ရတာမှ မဟုတ်တာ။
တန်ခိုးရှင်က ဘာလုပ်ရလဲလို့ဆိုရင် မြေကြီးကို hollow ဖြစ်အောင် အခေါင်းကြီးဖြစ်အောင် အရင်ဖန်ဆင်းရတယ်။
သူ့အဖို့မှာ လိုဏ်ဂူကြီးလို တွင်းကြီးလို ဖြစ်သွား
ပြီဆိုတော့မှ အဲဒီတွင်းကြီးထဲကို ဆင်းသွားတာ။
ဘေးကလူကတော့ မြေလျှိုးသွားတယ်လို့ပဲ ဒီလို မြင်တယ်ပေါ့။
ဒါကတန်ခိုးရှင်တွေလုပ်တဲ့ လုပ်ထုံးလုပ်နည်းပါပဲ။
အဲဒီ တန်ခိုးမျိုးကိုဣဒ္ဓိပါဋိဟာရိယ လို့ ခေါ် တယ်။
ဒါက သမထကျင့်စဉ်နဲ့ စိတ်စွမ်းအားကို အသုံးပြု ပြီး လုပ်တဲ့ တန်ခိုး။
သမာဓိ စွမ်းအားကို အသုံးချတဲ့တန်ခိုးလို့ ခေါ် တယ်။
သမထကျင့်စဉ် အောင်မြင် ပေါက်ရောက် သွား လို့ ရှိရင် ဒီတန်ခိုးမျိုးက ဖန်ဆင်းလို့ရတယ်လေ။
မြတ်စွာဘုရားက ဒီတန်ခိုးမျိုးကို နေရာတကာပြဖို့ အသုံးချဖို့ ရဟန်းတွေကို ခွင့်မပေးဘူး။
ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် လောကီအတတ်ပညာ
တွေက ခပ်ဆင်ဆင်လေးတွေရှိလို့၊ရုပ်ရှင်ကြည့် ဖူး ကြပါလိမ့်မယ်။
Great Wall တံတိုင်းကြီးကို ဖောက်ပြီးတော့ ဟို ဘက်ထွက်ပြတယ်ဆိုတာ ရှိတယ်လေ။
ဒီတော့ အဲဒါမျိုးတွေနဲ့ ရောထွေးကုန်မှာ စိုးလို့ မြတ်စွာဘုရားက ဒီတန်ခိုးမျိုးကို မပြဖို့ရဟန်းတွေ ကို ဆုံးမတယ်။
တကယ် လိုအပ်တဲ့ အခါမှသာ မြတ်စွာဘုရားက တန်ခိုးကို အသုံးချတယ်။အဲဒီတော့ နေရာတကာ တန်ခိုးနဲ့ ဖန်ဆင်းတာ မဟုတ်ဘူး။
နောက်တစ်ခုက ဘာတုန်းဆိုရင် အာဒေသနာ
ပါဋိ ဟာရိယ တဲ့။
အာဒေသနာ ပါဋိဟာရိယ ဆိုတာ လူ တစ်ယောက် ရဲ့စိတ်ကို အတတ်ဟောတာနော်။
မင်း ဘာတွေတွေးနေတယ်။ လမ်းမှာ ဘာတွေ ကြံလာတယ် မဟုတ်လား။ မင်း ဘာအတွက် လာ တာ မဟုတ်လားလို့ သူတစ်ပါးရဲ့ စိတ်ကိုညွှန်းဆို နိုင်တဲ့တန်ခိုးမျိုးလို့ခေါ်တယ်။
အဲဒီ တန်ခိုးမျိုးကတော့ခုနက သမာဓိကျင့်စဉ်နဲ့ အဘိညာဉ်ရသည်ထိအောင်ကျင့်ပြီးအာရုံပြုလိုက် တဲ့အခါမှာ တစ်ဖက်သားရဲ့ သာမန်လူတွေ မကြား
နိုင်တဲ့ တိုးတိုးလေးပြောတဲ့ စကားမျိုး(သို့မဟုတ်) စိတ်ကူးရဲ့လှုပ်ရှားမှု လေလှိုင်းလေးတွေကိုစုပြီး လူတစ်ဖက်သားရဲ့ စိတ်ကိုဖတ်နိုင်တယ်ပေါ့နော်။
reading others' mind လူတွေရဲ့ စိတ်ကို
ဖတ်တာ။အဲဒါကို အာဒေသနာ ပါဋိ ဟာရိယ လို့ ခေါ်တယ်။
အဲဒီတန်ခိုးမျိုးကိုလည်း မြတ်စွာဘုရားက ရဟန်း တော်တွေကို"အသုံးချဖို့ခွင့်မပြုဘူး။"
ဘာဖြစ်လို့ ခွင့်မပြုလဲလို့ဆိုရင် လောကီပညာရပ် တွေက ခပ်ဆင်ဆင် တူတာလေးတွေရှိတယ်။
အဲဒါကြောင့်မို့ ဒါတွေနဲ့ရောသွားလို့ရှိရင် ကျင့်စဉ် တစ်ခုဟာ သေးသိမ်သွားနိုင်တယ်ပေါ့။
အဲဒါကြောင့်မို့လို့ ဒါကိုလည်း ခွင့်မပြုဘူး။
ဟော နောက်ဆုံးတစ်ခုက ဘာလဲဆိုရင် အနု သာသနီပါဋိဟာရိယ တဲ့။
ဘယ်လိုနေရမယ်၊ဘယ်လိုထိုင်ရမယ်၊ဘာလုပ် သင့်တယ်၊ဘာမလုပ်သင့်ဘူး၊ဘယ်လိုစကားမျိုးကိုပြောရတယ်၊ဘယ်စကားမျိုးကို မပြောရဘူး လို့ နေပုံ၊ထိုင်ပုံ၊သွားပုံ၊လာပုံနဲ့ပတ်သက်ပြီးတော့ လမ်းညွှန်ဆုံးမတာကိုလည်းတန်ခိုးလို့ခေါ်တယ်။
လူတွေက ဒါကိုတော့ တန်ခိုးလို့ မထင်ကြဘူး။
ဒီ အနုသာသနီ ပါဋိဟာရိယ ဆိုတဲ့ ဒီတန်ခိုးကမှ ပိုပြီးတော့အစွမ်းထက်တာလေ။
ရှင်သာရိပုတ္တရာကို သောတာပန်ဖြစ်အောင် လုပ် ပေး တာ ဒီတန်ခိုးပဲ။
ရှင်မောဂ္ဂလာန် မထေရ်မြတ်တို့ သောတာပန်ဖြစ် အောင်၊ရဟန္တာဖြစ်အောင်လုပ်ပေးတာ ဒီတန်ခိုးပဲ။
မြတ်စွာဘုရားရဲ့တပည့်သာဝကတွေအားလုံး ကျွတ်တန်း ဝင်သွားအောင်လုပ်တာ ဒီတန်ခိုးပဲတဲ့။
ဒါကြောင့်မို့ ဆုံးမသွန်သင်မှုရဲ့ စွမ်းအားဟာ အင်မတန်မှကြီးမားတယ်တဲ့၊အဲဒီတော့ မြတ်စွာ ဘုရား ရဲ့ အဆုံးအမဆိုတာဒီ အနုသာသနီ ပါဋိ ဟာရိယ ပဲ။
တရားဓမ္မကို နားလည်လို့သဘောပေါက်ပြီးတော့ ဒီတရားအတိုင်း လိုက်နာကျင့်ကြံ ကြိုးကုတ် အား ထုတ်မှု ဟာ ထူးထူးဆန်းဆန်း အံ့ဩဖွယ်တွေ ကို လုပ်ပြတာနဲ့မတူဘူး။
သူက အံ့ဩဖွယ်တွေကို လုပ်ပြပြီးတော့ စည်းရုံး တာ ဟာ အောင်မြင်မှု ရှိချင်ရှိမယ်၊မရှိချင် မရှိ ဘူး။
သို့သော် သေချာပေါက် အောင်မြင်နိုင်တာကတော့ အဆုံးအမတရားပဲဖြစ်တယ်တဲ့။
မြတ်စွာဘုရားရဲ့ အဆုံးအမကို နာခံဖို့အတွက် ဗုဒ္ဓသရဏံ ဂစ္ဆာမိမြတ်စွာဘုရားကို ကိုးကွယ် ရာ လို့ အသိအမှတ်ပြုပါတယ်ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမ တွေအတိုင်း လိုက်နာမယ်။
ဘဝခရီးလျှောက်တဲ့အခါမှာ ဘုရား အဆုံးအမ အတိုင်း လိုက်နာမယ်လို့ဆိုတဲ့ ဝန်ခံကတိပြု ထားတာ၊ဒီအဓိပ္ပာယ်ကို ဆိုလိုတယ်ပေါ့နော်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment